Tuesday, June 29, 2010

သတ္တက္ခတ္တု ပရမ သောတာပန် မျိုးဟာ ဗြဟ္မာ့ဘုံမှာ ဖြစ်ကောင်းသလား သောတာပန်လေးပါး သတ္တက္ခတ္တုပရမ သကဒါဂါမ် ရှိကောင်းသလောလူအနာဂါမ်သည် ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရဘူးလော

သတ္တက္ခတ္တု ပရမ သောတာပန် မျိုးဟာ ဗြဟ္မာ့ဘုံမှာ ဖြစ်ကောင်းသလား
ဒကာ။ ။ ဗြဟ္မာ့ဘုံ ဗြဟ္မာ့လောကမှာ သတ္တက္ခတ္တု ပရမ သောတာပန် ဖြစ်ကောင်း ရှိကောင်းပါသလား ဆရာတော်၊ အဲဒီ အဘိဓာန်ပုဒ်ရဲ့ အနက်ကိုလည်း ရှင်းပြပါဦးဘုရား။

ဆရာ။ ။ အင်း… သတ္တက္ခတ္တု ပရမ သောတာပန် ရဲ့ အနက်အဓိပ္ပါယ်ကို အဘိဓမ္မာ ပုဂ္ဂလပညတ် ပါဠိတော်မှာ…..
သော = ထိုသောတာပတ္တိ မဂ်, ဖိုလ် ရသွားသောပုဂ္ဂိုလ်သည်။ ဒေဝေစ = နတ်ပြည်ခြောက်ထပ် ဘုံဘ၀၌ လည်းကောင်း၊ မာနုသေစ = လူ့ပြည်ဘုံဘ၀၌ လည်းကောင်း၊ သတ္တက္ခတ္တုံသန္ဓာဝိတွာ သံသရိတွာ = ခုနှစ်ကြိမ်မျှသာ ဖြစ်လိုက် သေလိုက်, ဖြစ်လိုက် သေလိုက်နဲ့ လှည့်လည်ပြီး၍၊ ဒုက္ခဿန္တံ ကရောတိ = ဖြစ်ခြင်းသေခြင်း ဆင်းရဲအဆုံးကိုပြုကာ အမြဲငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကို ရယူသွား၏၊ အယံ သတ္တက္ခတ္တု ပရမ သောတာပန္နော = သောတာပန်ဘ၀နဲ့ ခုနှစ်ကြိမ်ထက် ပိုမနေဘဲ အဲဒါဟာ သတ္တက္ခတ္တု ပရမ သောတာပန်ပဲတဲ့။
အဲဒီလို ယင်းသောတာပန်မျိုးဖြစ်ရာဌာနကို လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ကာမသုဂတိ ခုနှစ်ဘုံကိုသာ ပြဆိုထားလို့ ဗြဟ္မာ့ဘုံလောက မပါသောကြောင့် ဗြဟ္မာ့ဘုံမှာ သတ္တက္ခတ္တု ပရမ သောတာပန်မျိုး မရှိကောင်း၊ မဖြစ်ကောင်းဘူးလို့ တချက်ပြတ်နဲ့ မှတ်ပေတော့။

သောတာပန်လေးပါး


ဒကာ။ ။ ဒီလိုဆိုရင် သောတာပန်ဟာ သောတာပန်ဘ၀နဲ့ ခုနှစ်ကြိမ် ခုနှစ်ဘ၀ထက် ပိုမနေရတော့ဘူးလားဆရာတော်။

ဆရာ။ ။ အင်း….. သောတာပန် ပုဂ္ဂိုလ်က ဟောဒီ လေးမျိုးသာရှိတာ ဒကာကြီးတို့ရ၊ ဒီလေးမျိုးထက်ပိုမရှိဘူး။

၁။ သတ္တက္ခတ္တုပရမ သောတာပန်က လူနတ်ဘ၀မှာ ခုနှစ်ကြိမ်သာဖြစ်ပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံတာပဲ။

၂။ ကောလံကောလ သောတာပန်က လူနတ်ဘ၀နဲ့ နှစ်ဘ၀မှ ခြောက်ဘ၀အထိနေပြီး ရဟန္တာဖြစ်တာဘဲ။

၃။ ဧက ဗီဇီ သောတာပန်ကတော့ လူနတ်ဘ၀နဲ့ တကြိမ်သာနေပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် ၀င်စံတာပဲ။

၎။ သောတာပန်ရိုးရိုးကတော့ သုဒ္ဓါဝါသဘုံ ချန်ထားပြီး ကျန်တဲ့ဘုံဘ၀တွေမှာ နေချင်သလောက် အကြိမ်ကြိမ်ဘုံစဉ်စံပြီး နေနိုင်ကြတယ်၊ ဘ၀များစွာဖြစ်နိုင်တယ် နေနိုင်တယ်လို့မှတ်ရမည်၊ ၀ိသာခါတို့ အနာထပိဏ်တို့လိုပေါ့။

သတ္တက္ခတ္တုပရမ သောတာပန္န-- ပါဠိရဲ့ဆိုလိုရင်းက “ကာမသုဂတိဘုံမှာ” သောတာပန်ဘ၀နဲ့ ခုနှစ်ကြိမ်ခုနှစ်ခါ ခုနှစ်ဘ၀ဟာ အလွန်ဆုံးပဲတဲ့၊ ဒီထက်ပိုပြီး မနေတော့ဘူး၊ ခုနှစ်ဘ၀မြောက်မှာ အထက်မဂ်သုံးပါးကို ရကာ ရဟန္တာဖြစ်သွားရတယ်လို့ဆိုတယ်၊ ကဲ…ရှင်းပြီလား။

ဒကာ။ ။ သောတာပန်ရိုးရိုး ဘုံစဉ်စံဟာ ဖြစ်ချင်တိုင်း ဘ၀များစွာ ဖြစ်နိုင်တာကို ခုမှပဲ ရှင်းလင်းကျေနပ်တော့တယ်ဆရာတော်၊ ဒကာကြီးတို့ နောက်တချက် ဆက်မေးပါရစေ ခွင့်ပြုပါသလား ဆရာတော်။



သတ္တက္ခတ္တုပရမ သကဒါဂါမ် ရှိကောင်းသလော

ဆရာ။ ။ မေးစရာအချက်ရှိရင် မေးသာမေးပါ သိသလောက်ဖြေပေးရမှာပေါ့၊ ဘာသာရေးနဲ့ အမေးအမြန်းထူရင်ကောင်းတယ်။

ဒကာ။ ။ သတ္တက္ခတ္တုပရမ သကဒါဂါမ်တို့ သတ္တက္ခတ္တုပရမ အနာဂါမ်တို့ကော မရှိကောင်းဘူးလား ဆရာတော်။

ဆရာ။ ။ သတ္တက္ခတ္တုပရမ သကဒါဂါမ်ရယ်လို့ ပိဋကတ်တော် စာပေမှာ မလာမရှိဘူး၊ အနာဂါမ်ပုဂ္ဂိုလ်ကလည်း အနာဂါမ်ဘ၀နဲ့ ခြောက်ကြိမ် ခြောက်ဘ၀ထက် ပိုမနေရဘူး၊ ကြံကြံဖန်ဖန်မေးသကိုး၊ အင်း ကောင်းတယ်ကောင်းတယ်၊ မေးသာမေး။



လူအနာဂါမ်သည် ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရဘူးလော

ဒကာ။ ။ ဆရာတော်မေးခွင့်ပေးလို့ မေးရတာပါဘုရား၊ ကျေနပ်လှပါတယ်ဆရာတော်၊ အနာဂါမ်က ဘာဖြစ်လို့ ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရတာပါလဲ ရှင်းပြပါဦးဘုရား။

ဆရာ။ ။ အနာဂါမ်ပုဂ္ဂိုလ်သာ သွားရောက်နေထိုင်ခံစားရတဲ့ အနာဂါမ်ပိုင်ငါးဘုံရှိတယ်၊ အဲဒါကို သုဒ္ဓါဝါသ ငါးဘုံလို့ ခေါ်တယ်။

အနာဂါမိမဂ် ကို ရသွားသူဟာ သူရတဲ့ ဘုံဘ၀မှာ တကြိမ်ဖြစ်ပြီး၊ အဲဒီက စုတိကျသွားရင် အနာဂါမ်ဗြဟ္မာများသာ ပိုင်ဆိုင်တဲ့ သုဒ္ဓါဝါသ ငါးဘုံမှာ ငါးဘ၀ထက် ပိုမနေရလို့ ခြောက်ဘ၀ထက် ပိုမနေရတာဘဲ ဖြစ်တယ်၊ ကဲ…ရှင်းရဲ့လား။

ဒကာ။ ။ လူအနာဂါမ် တဘ၀၊ ဗြဟ္မာအနာဂါမ် ငါးဘ၀၊ ပေါင်း ၆ ဘ၀၊ ကျေနပ်လှပါတယ်ဆရာတော်၊ ရှင်းလင်းပါပြီ ဘုရား။

ဘ၀အမျိုးမျိုးတွေ ဖြစ်ပျက်နေတာ ဘာ့ကြောင့်လဲ

ဘ၀အမျိုးမျိုးတွေ ဖြစ်ပျက်နေတာ ဘာ့ကြောင့်လဲ
ဒကာ။ ။ ဆရာတော်တို့ တရားဟောလိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဖြစ်ပျက်၊ မမြဲ၊ ဆင်းရဲ၊ အစိုးမရ၊ ငါမဟုတ်တွေချည်းပဲ၊ အဲဒါတွေဟာ ဘာကြောင့်ဖြစ်ပျက်နေတာလဲ ဆရာတော်၊ ဘယ်သူတွေက ဖန်ဆင်းလိုက်လို့ ရလာတာတွေလဲ။

ဆရာ။ ။ “ပစ္စယော ဥဒယ ၀ယံ” အကြောင်းရှိလို့ဖြစ်ပျက်နေတာပေါ့ ဒကာကြီးတို့ရ၊ အကြောင်းမရှိရင် အကျိုးမဖြစ်ဘူးပဲ။
ဒကာ။ ။ အကြောင်းရှိလို့ဆိုတာတွေက ဘာတွေ ဘယ်သူတွေ ရှိနေတာပါလဲ ဆရာတော် နည်းနည်းပါးပါး ရှင်းပြပေးပါလား ဘုရား။
ဆရာ။ ။
(၁) အဲဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မခိုင်မြဲလို့ ဆင်းရဲတာ၊ ငါ, ငါ့ဟာ မဟုတ်တာ အမှန်ကို မသိမမြင်အောင် ဖုံးအုပ်ကာကွယ်ပြီး မြဲတယ်၊ ချမ်းသာတယ်၊ ငါ, ငါ့ဟာဟု ထင်မှတ်အောင် ပြုလုပ်နေတဲ့ အ၀ိဇ္ဖာခေါ်တဲ့ မောဟရယ်။
(၂) အဲဒီဟာတွေကိုပဲ ငါ့ဟာဟု သာယာ၊ ခင်မင်၊ လိုချင်၊ တပ်မက်၊ ဆာလောင်၊ စွဲလမ်းနေတဲ့ တဏှာ ဥပါဒါန် ခေါ်တဲ့ လောဘရယ်။
(၃) အဲဒီလို လိုချင်စွဲလမ်းလို့ ရအောင်ပြုလုပ်တဲ့ လောကီကုသိုလ် အကုသိုလ် စေတနာကံတွေရယ်။
အဲဒါဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဖြစ်ပျက်တွေပေါ်လာအောင် ပြုလုပ်စီမံပေးနေတဲ့ အကြောင်းအရာတွေပဲ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ တန်ခိုးရှင်က ဖန်ဆင်းပေးတာ မဟုတ်ဘူးလို့ ဗုဒ္ဓက ဟောကြားတော်မူတယ်။
ဒကာ။ ။ ဒီလိုဆို လောကီကုသိုလ် အကုသိုလ် စေတနာကံတွေကို မပြုလုပ်ဘဲ ရပ်ထားလိုက်ရင် ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တနယ်က လွတ်ရောလား ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ အင်း…..အကုသိုလ် စေတနာကံကိုတော့ အပါယ်သွားလမ်းမို့လို့ မပြုလုပ်ဘဲ ရပ်နေရမယ်၊ လောကီကုသိုလ်ကိုတော့ မပြုလုပ်ဘဲ ရပ်မနေရဘူး၊ ပြုရ လုပ်ရမှာပဲ ဖြစ်တယ်။
အဲဒီ လောကီကုသိုလ်ကံပြုလုပ်တဲ့အခါမှာ အ၀ိဇ္ဇာနဲ့ တဏှာ ဥပါဒါန် မပါစေနဲ့၊ ၀ဋ်ဘ၀ကို မသာယာနဲ့၊ မတောင့်တ မလိုချင်နဲ့၊ ဘ၀ရဲ့ မခိုင်မြဲမှု အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ ငါ, ငါ့ဟာမဟုတ် ရုပ် နာမ် ၊ ဒုက္ခသစ္စာမျှသာဟု အမှန်သိတဲ့ ၀ိဇ္ဇာဉာဏ် ဦးစီးပြီး နိဗ္ဗာန်ကို ဆန္ဒပြုကာ ပြုလုပ်ရမှာဖြစ်တယ်၊ ကဲ….သဘောပေါက်ရဲ့လား၊ အဲဒါ ၀ဋ်ပြတ်ဉာဏသမ္ပယုတ် လောကီကုသိုလ် ခေါ်တယ်။
ဒကာ။ ။ ၀ဋ်ဘ၀ဆင်းရဲဖြစ်ပေါ်လာပုံကို အကြောင်းရင်းနှင့် ထုတ်ပြလို့ ကျေနပ်လှပါတယ် ဆရာတော်၊ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဟာ ဘ၀ရဲ့ လက်သည်ပဲကိုး၊ သိပါပြီ ဆရာတော်။

Saturday, June 26, 2010

လောကနတ်ဆိုတာ ဘာလဲ၊ လောကနတ် ၂ မျိုး၊ ကဗျာဆရာတို့ လောကနတ် တမျိုး

လောကနတ်ဆိုတာ ဘာလဲ
ဒကာ။ ။ ထိုထို ကျောင်း ဘုရား စေတီ အဆေက်အအုံကြီးတွေမှာ ဘုရားဆင်းထုပုံတော်လိုလို လှပစွာ အ၀တ်တန်ဆာ ဆင်ယဉ်ထားတဲ့ လူမင်းလိုလို နတ်ရုပ်လိုလိုနဲ့ ထုလုပ်ကိုးကွယ်ထားတဲ့ ပုံတော်ကို (လောကနတ်) အမည် ကမ္ဗည်းထိုးရေးကြတာ တွေ့ရပါတယ်၊ လောကနတ်ဆိုတာ ဘာကို ခေါ်ဆိုတာပါလဲ ဆရာတော်။
လောကနတ် ၂ မျိုး
ဆရာ။ ။ လောကနတ်ဆိုတာ မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းမှ ဘုရားအလောင်းတော်မြတ် ဗောဓိသတ္တနတ်သားကို လူအများ၏ အားထားကိုးစားရာ (လောကနာထ)အနေနဲ့ ဆင်းတုရုပ်ထုပြုလုပ်ကာ ကိုးကွယ်ကြသည်ကိုစွဲပြီး ယခုလူတို့က “လောကနတ်” ဟုခေါ်ဆိုနေကြတာဖြစ်တယ်။
ယင်းသည် ဘုရားဆင်းတုတော်မဟုတ်၊ လောကနာထ-ဆိုတဲ့ ပါဠိစကားမှ “လောကနာထ” လောကနတ်-ခေါ်တွင်သော (အ၀လောကိ ကေသာရ ဗောဓိသတ္တ) ပုံဖြစ်၍ “မဟာရာဇ သိရီ အနုရုဒ္ဓဒေ၀” ဘွဲ့ထူးခံ ပုဂံ အနော်ရထာမင်းလက်ထက်လောက်က စပြီး ရေးသားမှုရှိခဲ့တာကို ထိုထိုကျောက်စာ အုတ်ခွက်နံရံတို့၌ တွေ့ရှိရတယ်၊ သည်ထက်ပိုချင်ရင် တခြားလိုက်ပြီးမေးပေတော့။
ဒကာ။ ။ ကျေနပ်လှပါတယ်ဆရာတော်၊ ဒကာကြီးတို့ ဗဟုသုတ ရရေးအတွက် ဆက်လက်မိန့်ကြားပါဦးဘုရား။
ဆရာ။ ။ အင်း….တိဘက်ဘုရား ကျောင်းဆောင်တွေအတွင်း၌ တည်ထားကိုးကွယ်တဲ့ ပုံတော်တွေမှန်သမျှ အဲဒီ လောကနထ ခေါ်တဲ့ (အ၀လောကိ ကေသာရ ဗောဓိသတ္တ) ပုံတွေချည်းဘဲ၊ ဣန္ဒိယနိုင်ငံ ဥရုဝေလတောင် စသည်တို့မှာလည်း တိဘက်ရဟန်းတွေနေတာရှိတယ်၊ သူတို့ ဘုရားကျောင်းဆောင်တွေထဲမှာ (လောကနာထ ဗောဓိသတ္တ) လောကနတ်ပုံတွေကို လွယ်လွယ်နဲ့တွေ့နိုင်ပါတယ်။
ကဗျာဆရာတို့ လောကနတ် တမျိုး
အချို့ကဗျာဆရာတို့ကတော့ လောကနတ်သံဟုခေါ်ဆိုကြတဲ့ မဟာဂီတ (သောင်းလုံးဝေလျှံနှင့် တိမ်မှောင်ဝေကင်း) စတဲ့ သီချင်းကြီးများကို လေ့လာကြကာ လောကဗျူဟာနတ်သားကိုပဲ လောကနတ်ဟု မှတ်ယူပြောဆိုကြပြန်တယ်။
သူတို့အဆိုက လောကဗျူဟာနတ်သားသည် လောကကြီးကို စောင့်ရှောက်ရန် လှည့်လည်လာသောအခါ လက်၌ စည်းစုပ်ကို အမြဲကိုင်၍လာသည်တဲ့။
တနေ့သောအခါ ဆင်ပျံနှင့် ခြသေ့င်္ပျံတို့ သူတို့၏ အစာဖြစ်သော တိမ်ညွန့်တိမ်သားကို လုကြလျက် အမျက် ထကာ ကိုက်ကြ ထိုးကြ သတ်ကြတယ်။
ယင်းရန်ပွဲကို လောကနတ်မြင်ရ၍ ရန်မီးငြိမ်းအေးရန် သီချင်းဆိုလိုက်သောအခါ သာယာအေးမြသောအသံကြောင့် ခြင်္သေ့ပျံနှင့် ဆင်ပျံတို့ဟာ အမျက်ဒေါသတွေ မေ့ပျောက်ကာ စိတ်နှလုံးနူးညံ့ပျော့ပျောင်းကြလျက် ရန်ဘက်မှသည် မိတ်ဆွေဘက်သို့ ရောက်သွားကြတယ်တဲ့။
အဲဒီအကြောင်းအရာကတော့ သာသနာတော်နဲ့စပ်ဆိုင်တဲ့ ကျမ်း ဂန်များမှာ မတွေ့ရ
ဘူး။ သာသနာတော်ကျမ်းဂန်တွေကတော့ လောကဗျူဟာနတ်သားဟာ ကမ္ဘာပျက်လုနီးကာမှ နီမြန်းသောအ၀တ်ကို ၀တ်လျက် စိုစွတ်သောဆံပင်ဖြင့် ကမ္ဘာကြီးပျက်လုနီးတဲ့အကြောင်း လူအပေါင်းတို့ တရားစောင့်ဘို့အကြောင်းများကို ကြွေးကြော်တဲ့အကြောင်းလောက်ပဲ ပါတယ်၊ ကဲ….အဲဒါပဲ၊ လောကနတ်ဆိုတာ။
ဒကာ။ ။ မှန်ပါ့၊ သည်လိုဗဟုသုတတွေရလို့ ၀မ်းသာပါတယ်ဆရာတော်။

ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိသလား၊ ဘယ်တရားမျိုးတွေလဲ။

ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိသလား၊ ဘယ်တရားမျိုးတွေလဲ
ဒကာ။ ။ ယောဂီတွေဘာဝနာတရားအားထုတ်ပွားများတဲ့အခါ ဓမ္မရာဂ ဓမ္မတဏှာက ခံခံနေလို့ အောက်မဂ်ကိုရော အထက်အထက် မဂ်ဖိုလ်တို့ကိုပါ မတက်နိုင် မရနိုင်ဘူးလို့ အဆိုရှိကြပါတယ်၊ ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိပါသလား၊ ဘယ်သူမျိုးမှာဖြစ်တဲ့ တရားမျိုးတွေပါလဲ ဆရာတော်။

ဆရာ။ ။ အင်း….ဓမ္မရာဂ ဓမ္မနန္ဒ ဓမ္မတဏှာဆိုတာရှိတယ်၊ ဘာဝနာတရားပွားများသူတွေမှာ ဖြစ်ပေါ်တတ်တဲ့ တရားဆိုးတမျိုးပဲ။
၁။ သမထ ဘာဝနာ အားထုတ်လို့ ဈာနသမာဓိ အပိုင်းရောက်သွားတော့ ဈာနလာဘီ ယောဂီဟာ သူရထားတဲ့ဈာန်တရားကို နှစ်သက်သာယာကာ အခါခါဝင်စားပြီး နေတော့တာပဲ၊ အဲ့ဒီလို ဈာန်ထဲမှာ သာယာနစ်မျောကာ နေတာကိုလည်း ဓမ္မတဏှာ ဓမ္မရာဂ ဓမ္မနန္ဒီ လို့ခေါ်တယ်။
၂။ ၀ိပဿနာပွားများတဲ့ယောဂီကလည်း သမ္မသနဉာဏ်ပိုင်းကနေပြီး ဥဒယ ၀ယ ရုပ်နာမ်တို့ဖြစ်ပျက်မှုကို ကျကျနန ပိုင်းခြားသိမြင်တဲ့ဉာဏ် ရင့်သန်ရင့်သန်ကာ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီန၀ဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်အထိ ရုပ်နာမ်ဓမ္မတို့ရဲ့ ဖြစ်ပျက်မှု အသိအမှတ်ဉာဏ်တွေဟာ အားကောင်းလျင်မြန်လာကာ ကြိုးစားအားထုတ်ရမှု သမ္မာဝါယမမဂ္ဂင် အရှိန်အဟုန် လျော့နည်းပြီး အလွန်သိမ်မွေ့နူးညံ့တဲ့ အသိဉာဏ် အမှတ်သဘောတွေ ပေါ်လာလျက် ကြိုးစား အားထုတ်မှုလည်း မပြုရဘဲနဲ့ အလွန်မှတ်လို့ကောင်းနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ထဲ ရောက်နေတယ်။
အဲဒီအခါ ယောဂီဟာ ဖြောင့်တန်းညက်ညောတဲ့ လမ်းမကြီးပေါ်၌ အရှိန်အဟုန်ပြင်းစွာနဲ့ မောင်းနှင်သွားတဲ့ ယာဉ်ရထား မော်တော်ကားပေါ်မှာ ထိုင်ပြီး ဘာမှ အားပါးမထုတ်ရဘဲ ကိုယ်ကလေး နွဲ့ကာ ယိမ်းကာနဲ့ လိုက်ပါသွားတဲ့သူလို၊ တရိပ်ရိပ် တဖွဲဖွဲနဲ့ လျင်မြန်စွာဖြစ်ပေါ်နေတဲ့ (ရုပ်နာမ်တို့ဖြစ်ပျက်မှု) သင်္ခါရဓမ္မတွေပေါ်မှာ ရှေ့ကလို ၀ီရိယမစိုက်ရတော့ဘဲ လျင်မြန်စွာနဲ့ လိုက်သိနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ဟာ လောကီဝိပဿနာဉာဏ်တရားတွေထဲမှာတော့ နှစ်သက်သာယာ ခင်မင်တွယ်တာစရာ အကောင်းဆုံးပဲတဲ့။
ဒါကြောင့်ဝိပဿနာဓမ္မ အားထုတ် ပွားများသူတို့မှာ သမ္မာဝါယာမ မဂ္ဂင်နဲ့ သတိမမေ့ရအောင် ကြိုးစားအားထုတ်မှု မပြုရတော့တဲ့အတွက် အဲဒီ သာယာနှစ်သက်ဖွယ် အကောင်းဆုံးဖြစ်တဲ့ သင်္ခါရုပေက္ခာဉာဏ်ထဲမှာချည်းပဲ အကြာကြီးနစ်နစ်ပြီး မှတ်သိနေတာကိုပင် ဓမ္မတဏှာ ဓမ္မရာဂ ဓမ္မနန္ဒီ လို့ခေါ်တယ်။ သည့်အပြင် အသေးအဖွဲ သြဘာသ၊ ပီတိ၊ ပဿဒ္ဓိ….စတဲ့ ဓမ္မတဏှာ ကလေးတွေကတော့ ထင်ရှားနေလို့ ထုတ်ဆိုပြစရာ မလိုတော့ပါဘူး၊ ကိုင်း….သဘောကျရဲ့လား။
ဒကာ။ ။ပြည့်စုံတဲ့ အဖြေမို့ အားရ နှစ်သက် ကျေနပ်လှပါတယ် ဆရာတော်၊ ဓမ္မတဏှာအကြောင်း ကောင်းကောင်းသိကြပါပြီ။

သူရဿတီနတ်သမီးသည်ပိဋကတ်သုံးပုံဆောင် နတ်ရဟန္တာမကြီးလော?သူရဿတီ ဘယ်နှစ်ယောက်ရှိသလဲ၊ သူရဿတီဆိုတာ ဘာစကားလဲ အနက်အဓိပ္ပါယ်က ဘာလဲ?သူရဿတီက ဘာ့ကြောင့် ဟင်္သာရုပ် စီးတာလဲ?ဗေဒင် ၆ ပုံက ဘာတွေလဲ?

သူရဿတီနတ်သမီးသည်ပိဋကတ်သုံးပုံဆောင် နတ်ရဟန္တာမကြီးလော
ဒကာ။ ။ သူရဿတီ နတ်သမီးကြီးဟာ ပိဋကတ်သုံးပုံဆောင်သော နတ်ရဟန္တာမကြီးဟု ပြောဆိုကာ ပုံတော်နဲ့ ကိုးကွယ်ဆည်းကပ်နေကြတာ ပိဋကတ်ကျမ်းစာမှာ ပါရှိပါသလား ဆရာတော်။

ဆရာ။ ။ သမ္မာသမ္ဗုဒ္ဓ ဟောကြားတော်မူတဲ့ ထေရ၀ါဒပိဋကတ်တော်မှာတော့ သူရဿတီဆိုတာကို ရော ပိဋကတ်သုံးပုံဆောင်တာတွေ ရဟန္တာမကြီးတွေဆိုတဲ့ ဂုဏ်ပုဒ်တွေကိုရော မတွေ့ဖူးပါဘူး ဒကာကြီးတို့ရာ၊ ပါလည်း မပါပါဘူး။
ဒကာ။ ။ အနို့၊ ဘယ်ကျမ်းစာများမှာ တွေ့ဖူးပါသလဲ၊ ဘယ်ဝါဒက လာတာလဲ ဆရာတော်၊ သိသလောက် ရှင်းပြပါဦး၊ ပိဋကတ်တော်မှာ မပါတဲ့ဟာတွေ ဘယ်နေရာက ရောက်လာတာလဲ ဘုရား။
ဆရာ။ ။ ဣန္ဒိယတိုင်း ဗြဟ္မဏ၀ါဒ ( ဟိန္ဒီဝါဒီ) ဝေဒကျမ်းကြီးများမှာ လာရှိတာက ဗုဒ္ဓဘာသာ မဟုတ်သူတို့ မူလကိုးစားပူဇော်ရာ ဗြဟ္မန်( ပရမတ္တမ) ထာဝရသခင်ကယ်တယ်ရှင် လောကကိုဖန်ဆင်းပေးသော မဟာဗြဟ္မာမင်းကြီးနဲ့ ကြင်ဖက်တော် သူရဿတီနတ်မိဖုရားကြီးဟု တွဲလျက်လာရှိတယ်၊ ဗေဒင် ၄ ပုံ ၆ ပုံ ဆောင်ပဲ၊ ပိဋကတ်သုံးပုံဆောင်လို့တော့ မဆိုဘူး။
နောက် သတ္တ၀ါများကို စောင့်ရှောက်ပေးတတ်တယ်ဆိုသော ဗိဿနိုး နတ်မင်းကြီးနဲ့ သူ၏ကြင်ဖက်တော် လက္ခမီ(လက္ချမီ) နတ်မိဖုရားကြီးက တစ်တွဲ။
နောက်သတ္တ၀ါအပေါင်းတို့ အမှန်ကို မသိဘဲ မိုက်မဲမှုကို ပယ်ဖျောက်လျက် အမှန်ကိုသာ ပြပေးတတ်တယ်ဆိုသော သိဝ (သျှိဝ)နတ်မင်းကြီးနဲ့ သူ၏အချစ်ဆုံးကြင်ဖက်တော် ပရာဝတီ နတ်မိဖုရားကြီးတို့က တစ်တွဲဟု လာရှိတယ်။
သူတို့တွဲဖက် ၃ ပါးထဲမှ သီးခြားခွဲထုတ်ပြီး ကြိုက်ရာရာ နတ်မင်းများကိုလည်းကောင်း၊ နတ်မိဖုရားကြီးများကို လည်းကောင်း၊ အတွဲလိုက်သော်လည်းကောင်း ပုံတော်တွေထုပြီးတော့လည်း ပူဇော်ပသ၊ ကိုးကွယ်ကြတယ်၊ ဟိန္ဒီနတ်ကွန်းများမှာတော့ ပရာဝတီရဲ့ လိင်ထဲကို သီဝရဲ့လိင်ကြီးထိုးစိုက်ပြီး ကိုးကွယ်ကြတာ ပဲ၊ သက္ကတဝေဒကျမ်းလာ ဗြဟ္မဏတို့ရဲ့ အယူဝါဒသာဖြစ်တယ်။
မှတ်ချက်။ ။ မြန်မာဗုဒ္ဓဘာသာတွေက သိဝနတ်မင်းကြီးရဲ့ လိင်ကို ပရာဝတီနတ်မင်း ကြီးရဲ့လိင်ထဲ ထိုးစိုက်ပြီး မကိုးကွယ်တာပဲ တော်ပါသေးရဲ့ ဟု မှတ်ရမည်။
သူရဿတီကို ပိဋကတ်သုံးပုံဆောင်ဟူ၍လည်းကောင်း၊ ရဟန္တာမ နတ်သမီးကြီး ဟူ၍လည်းကောင်း ဆိုတာကိုတော့ ဗုဒ္ဓဘာသာတရားတော်မှာ မပါမရှိလို့ မတွေ့ဖူးပါဘူး၊ အပြောပဲကြားဖူးတယ်၊ သိချင်ရင် ဗေဒကျမ်းကြီးတွေမှာ ရှာကြည့်ပေါ့၊ ပိဋကတ်တော်မှာတော့် မပါတာ အမှန်ပဲ၊ ကဲ… သူရဿတီ နတ်သမီးကြီးကို ပူဇော်ကိုးကွယ်ချင်သေးသလား။
ဒကာ။ ။ မှန်ပါ့၊ နိဗ္ဗာန်ရောက်ကြောင်းနဲ့ ဘ၀သံသရာရဲ့ ကောင်းစားရေးလည်း မဟုတ်လို့ရှာကြည့်နေ စရာလည်း မလိုတော့ပါဘူး ဆရာတော်၊ ဒကာကြီးတို့က ဗုဒ္ဓဘာသာပဲဟာ ကိုးကွယ်နေစရာလည်း မလိုပါဘူး ဆရာတော်၊ ဒီအကြောင်း ဆက်မေးပါရစေဦး ဘုရား။

သူရဿတီ ဘယ်နှစ်ယောက်ရှိသလဲ၊ သူရဿတီဆိုတာ ဘာစကားလဲ
အနက်အဓိပ္ပါယ်က ဘာလဲ
ဒကာ။ ။ သူရဿတီဆိုတာ ဘာစကားလဲ ဆရာတော်၊ အဲဒီအဘိဓါန်ပုဒ်ရဲ့အနက်အဓိပ္ပါယ်က ဘာကိုဆိုလိုပါသလဲ ရှင်းလင်းပြပေးပါဦးဘုရား၊ သူရဿတီနှစ်ယောက် ရှိတယ်ဆိုတာကော ဟုတ်ပါသလား။


နံပါတ်(၁) သူရဿတီ
ဆရာ။ ။ အင်း… သူရဿတီက နှစ်ယောက်ရှိတယ်၊ ဒါက ဣန္ဒိယပြည် ဝေဒကျမ်းကြီးတွေက လာတဲ့ စကားတွေပဲ၊ ဣန္ဒိယတိုင်းထဲမှာ ကုလားလို နဒီခေါ်တဲ့ မြစ်တွေရှိတယ်၊ ဂင်္ဂါနဒီ၊ အစီရ၀တီနဒီ၊ ယမုနာနဒီ၊ မဟီနဒီ၊ သရဘူနဒီ စသည်ဖြင့် မြစ်တွေများစွာရှိတဲ့အထဲမှာ စွာရစတီနဒီ ဆိုတဲ့ မြစ်လည်းရှိတယ်၊ မြန်မာအသံနဲ့ ဆိုရင် (သွာရသတီ) သူရဿတီမြစ်ပေါ့။
အဲဒီမြစ်ရဲ့ ကမ်းခြေတစ်နေရာမှာ နဂါးကိုစီးနေတဲ့ နတ်သမီးကျောက်ဖြူရုပ်တစ်ခု ရှိတယ်တဲ့၊ အတော်လှပတယ်၊ အသက်ဝင်နေသလိုပဲတဲ့၊ ကုလားတွေက အဲဒီစွာရစတီမြစ်ကို စွဲပြီးတော့ ယင်းကိုလည်း စွာရစတီဒေ၀ီ၊ စွာရစတီနတ်သမီးလို့ ခေါ်ဝေါ်ပူဇော်ပသကြတယ်၊ ကိုးကွယ်ကြတယ်တဲ့။
အဲဒီ သူရဿတီမြစ် ကမ်းခြေမှာရှိတဲ့ နတ်သမီးကတော့ ဟင်္သာရုပ်မစီးပါဘူး၊ နဂါးရုပ်စီးနေတဲ့ နတ်သမီးရုပ်ပုံပဲ၊ အဲဒါက ကုလားပြည်မှာရှိတဲ့ စွာရစတီခေါ်တဲ့ သူရဿတီနတ်သမီးပဲ။
ဣန္ဒိယပြည်မှာ သိန္ဓောမြစ်ဆိုတာရှိတယ်၊ အဲဒီမြစ်အနီးအနားမှာ မွေးဖွားကျက်စားနေတဲ့ တောမြင်းတွေ ကို သိန္ဓောမြင်းလို့ ခေါ်တယ်။
အဲဒီ သိန္ဓောမြစ်ကမ်းခြေပေါ်၌ ကြာမြင့်စွာဖြစ်ပေါ်နေတဲ့ ဆားတုံးကြီးတွေကိုလည်း သိန္ဓောဆားလို့ ခေါ်တယ်။
အဲဒီလိုပဲ စွာရစတီ မြစ်အနီးမှာ ထုလုပ်ထားတဲ့ နတ်သမီးကျောက်ထုရုပ်ကိုလည်း စွာရစတီနတ်သမီး၊ (၀ါ) သူရဿတီနတ်သမီးလို့ ခေါ်ဆိုကြတယ်၊ ဟိုကလာတဲ့အမည်စကားတွေဟာ မြန်မာတွေရဲ့ နှုတ်ဖျားမှာ လျှာလည်နေတာပဲ။ သိန္ဓောမြင်းတဲ့၊ သိန္ဓောဆားတဲ့၊ သူရဿတီတဲ့၊ ကဲ…. ရှင်းရဲ့လား၊ သူရဿတီ မိဖုရားကြီးအကြောင်း။
ဒကာ။ ။ မှန်ပါ့၊ ၁ နံပါတ် သူရဿတီအကြောင်းတော့ ရှင်းပါပြီဆရာတော်၊နောက် သူရဿတီတစ်ယောကို မိန့်ကြားပါဦးဘုရား။
နံပါတ် ၂ သူရဿတီ
နောက် သူရဿတီတစ်ယောက်ကတော့ ဗြဟ္မာ့ပြည်မှာ ရှိတယ်ဖြစ်တယ်၊ မဟာဗြဟ္မာမင်းကြီးက သူ၏လက်ကို ဆန့်တန်းလိုက်တော့ သူ့လက်ဝါးပေါ်မှာ အလွန်အမင်းလှပချောယဉ်တဲ့ နတ်သမီးတစ်ယောက် မတ်တတ်ရပ်လျက် ဖြစ်ပေါ်လာတယ်။
အဲဒီနတ်သမီးက ဗြဟ္မာကြီးကို မကြောက်ဘူး၊ ရဲရင့်တယ်၊ ဗြဟ္မာကြီးကို ကြည့်ပြီးတော့ ပြုံးတယ်၊ ရယ်တယ်၊ က တယ်၊ သီချင်းဆိုတယ်။
အဲဒီလိုရဲရင့်တဲ့အတွက် ဗြဟ္မာကြီးက ချစ်ကြည်မြတ်နိုးစွာနဲ့ စွာရစတီ လို့ ခေါ်ဆိုလိုက်တယ်တဲ့၊ မြန်မာလိုတော့ သူရဿတီပေါ့။
(သူရဿတီ) = သူရာ- ဆိုတာ ရဲရင့်သောသူတဲ့၊ ရဲစွမ်းသတ္တိရှိသောသူပေါ့၊
အဲဒါ စွာရစတီ၊ သွာရသတီ၊ သူရဿတီ ဖြစ်လာတာပဲ၊ သက္ကတဘာသာ ဝေဒကျမ်းကြီးတွေ က လာတဲ့အဘိဓါန်ပုဒ်ပဲ၊ ကဲ…. တိုတိုပြောရရင် မဟာဗြဟ္မာမင်းကြီးက စွာရစတီကို မိဖုရားမြှောက်ပြီး မယားအဖြစ်နဲ့ ပေါင်းဖော်နေတာပဲ၊ စွာရစတီ၊ သို့မဟုတ် သူရဿတီနဲ့ မဟာဗြဟ္မာကြီးက ဇနီးမောင်နှံ၊(၀ါ) လင်မယားတစ်တွဲလို့ မှတ်ပေါ့။

သူရဿတီက ဘာ့ကြောင့် ဟင်္သာရုပ် စီးတာလဲ
ဒကာ။ ။ အခု မြန်မာဗုဒ္ဓဘာသာအချို့တို့ ကိုးကွယ်ပူဇော် ပသနေကြတဲ့ သူရဿတီကတော့ နဂါးမစီးဘဲ ဟင်္သာရုပ်ကြီးစီးနေတာက ဘာသဘောလဲ ဆရာတော်၊ သိသလောက်ပြောပြပါဦး ဘုရား။
ဆရာ။ ။ အဲ… ဟုတ်ပြီ မေးသာမေး သူရဿတီအတွက်ကိုတော့ အဖြေပေးဖို့ အသင့်ရှိတယ်၊ ဟင်္သာရုပ်စီးတာကတော့ အဲဒီ သူရဿတီ မိဖုရားခေါင်ကြီးရဲ့ ကြင်ဖက်တော် မဟာဗြဟ္မာကြီးက ဟင်္သာယာဉ်ကို ပိုင်ဆိုင်တယ်လို့ ဝေဒကျမ်းကြီးများမှာ လာရှိတယ်၊ ဒါ့ကြောင့် သူရဲ့လင်တော်မောင်ပိုင်ဆိုင်တဲ့ ဟင်္သာယာဉ်ကို သူစီးတာလို့ မှတ်ပေါ့၊ ဒါပေမယ့် အဲဒီ သူရဿတီကိုးကွယ်မှုကို လက်ရှိခံယူသူတွေဟာ ဗုဒ္ဓဘာသာ စစ်စစ် ကျပ်ပြည့်သမ္မာဒိဋ္ဌိအပိုင်း အခန်းထဲကိုတော့ မ၀င်နိုင်ဘူးပဲ၊ သူတို့ဟာ ရောရိ ရောရာ အရံဗုဒ္ဓဘာသာဝင်လောက် ပဲ ဖြစ်နိုင်မယ်။
ဒကာ။ ။ သူရဿတီမယ်တော်ကြီးအား ကိုးစား ပူဇော်တာနဲ့ သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာစစ်စစ် မဖြစ်နိုင်ဘူးလား ဆရာတော်၊ သူက ပိဋကတ်တော် သုံးပုံဆောင်တဲ့ နတ်သမီးပဲဟာ။
ဆရာ။ ။ လာပြန်ပြီလား ဒီစကား၊ သူရဿတီဒေ၀ီ မိဖုရားခေါင်ကြီးက ဗုဒ္ဓဘုရား ဟောကြားတော်မူသွားတဲ့ ထေရ၀ါဒပိဋကတ်တော်သုံးပုံကို ဆောင်တာ မဟုတ်ဘူး ဒကာကြီးတို့ရ၊ ဂေါတမ မြတ်စွာဘုရားသခင် ပွင့်တော်မမူမီ ပညာရှိတို့ရဲ့ ခန့်မှန်းချေအားဖြင့် (ဘီစီ ၂၅၀၀)လောက်က စတင်ပေါ်ပေါက်ကြီးထွားပြီး ပြန့်ပွားလာတဲ့ ဗြဟ္မဏဣသိဆရာကြီးတွေရဲ့ အယူဝါဒဖြစ်တဲ့ ဝေဒအဘိဓမ္မာ၊ တစ်နည်း ဝေဒ ပိဋကတ်တော် ၄ ပုံ၊ နောက်တစ်နည်း ၆ ပုံကို မဟာဗြဟ္မာကြီးရဲ့ ကြင်ရာသက်ထား သူရဿတီမိဖုရားကြီးက ဆောင်ယူထားတာ ဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ပိဋကတ်သုံးပုံဆောင် သူရဿတီမယ်တော်ကြီးဆိုတဲ့ နာမည်က ဗုဒ္ဓဘာသာမြန်မာ တွေရဲ့ လျှာထဲမှာစွဲနေပြီဆရာတော်၊ ဒါ့ကြောင့် ပြောမှားမိတာပါ ဘုရား၊ သူရဿတီဆောင်တာက ပိဋကတ်သုံးပုံ မဟုတ်ဘဲ ဗေဒင်သုံးပုံဆိုတာကို ခုမှပဲ ကွဲကွဲပြားပြား သိရတော့တယ် ဆရာတော်။

ဗေဒင် ၆ ပုံက ဘာတွေလဲ
ဒါထက် ဒကာကြီးတို့ ကြားဖူးတာက ဗေဒင် ၄ ပုံလို့သာ ကြားဖူးပါတယ်၊ ဗေဒင် ၆ ပုံဆိုတာက ဘာတွေပါလဲ ဘုရား၊ ၀န်မလေးရင်လည်း ပြောကြားပေးပါဦး ဆရာတော်။
ဆရာ။ ။ အင်း… ဝေဒ ပိဋကတ်တော် ၄ ပုံ၊ တစ်နည်း ၆ ပုံ ဆိုရာမှာ - နံပါတ်(၁)က သုတ္တဝေဒကျမ်းကြီးပဲ၊ အဲဒီ သုတ္တဝေဒကျမ်းကြီးကလည်း နယအားဖြင့် ၆ မျိုးပြားထွက်သွားသေးတယ်။
(၁) သုတ္တဝေဒ ။ ။ အဲဒီ… ကျမ်းရင်းကြီးထဲမှာ ပါတာတွေကတော့ လူသားတို့ ကိုးကွယ်ဆည်း ကပ် ပူဇော်ပသမှု ဘာသာရေး၊ နေထိုင်စားသုံးတတ်ရေး၊ ပေါင်းသင်း ဆက်ဆံတတ်ရေး၊ လက်မှု နှုတ်မှု ပညာရေး၊ စာပေကျမ်းဂန်ပညာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး စတဲ့ အကြောင်းအရာတွေ များစွာ ပါဝင်တဲ့အပြင် အောက်ပါအတိုင်း သုတ္တဝေဒ ပင်မကြီးမှ ကျမ်းပေါင်း ၆ မျိုး ပြားထွက်လာပြန်တယ်။
(က) သရောတြ သုတ္တ။ ။ ယဇ်ပူဇော်ပုံ နယကဏ္ဍ။
(ခ) ၀ရဟိတ သုတ္တ။ ။ အိမ်တွင်းဆိုင်ရာနှင့် မင်္ဂလာအခမ်းအနားများ။
(ဂ) ဓရမ္မ သုတ္တ။ ။ လူသားတို့ လိုက်နာကျင့်သုံးရန် တရားဥပဒေများ။
(ဃ) ပတိသာခ သုတ္တ။ ။ ဝေဒကျမ်းလာ ဂါထာမန္တန်များကို ရွတ်ဆိုနည်း စည်းကမ်းများ။
(င) ပါနိနီ သုတ္တ။ ။ စာပေ ရေးသားစီကုံးဖွဲ့ထုံးမှုဆိုင်ရာ စည်းကမ်းများ။
(စ) ကာမ သုတ္တ။ ။ ကာမဂုဏ် ခံစားနည်း မျိုးစုံတို့ကို ဖွင့်ဆိုထားသော ကျမ်းဖြစ်သည်။
(၂) သမိတိ ဝေဒ။ ။ သုတ္တဝေဒတို့ကို မှီး၍ မနုရသေ့ကြီးနှင့် ယညရသေ့၊ နာရဒ စသော ရသေ့ပညာရှိကြီးများ ဖော်ထုတ်ဖွင့်ဆိုရေးသား ပြုစုထားကြသော ဝေဒကျမ်းပေါင်း ၁၅၀ ကျော်တို့ကို ခေါ်ဆိုတယ်။
(၃) ပုရာဏ ဝေဒ။ ။ ပုရာဏ်ပြည်သား ဗျာသရသေ့ဆရာကြီး ရေးသားပြုစုခဲ့သော ဗြဟ္မန္ဒပုရာဏ ဝေဒကျမ်းကြီးကို ထိုဆရာကြီး၏ တပည့်အဆက်ဆက်ဖြစ်ကြသော သုတရသေ့နှင့် ဂေါမဟာသန၊ အကရိတစတြီ၊ သောမဒတ္တ၊ သုသျှာမ စတဲ့ ဣသိ ပညာရှိတို့ အသီးသီး ရေးသားပြုစုသွားကြသော ပုရာဏဝေဒကျမ်းပေါင်း ဆယ်သိန်းခန့်မျှကို ခေါ်ဆိုသည်တဲ့၊ အဲဒါကို ပုရာဏ်ကျမ်းလို့ ခေါ်ဆိုနေကြတာပဲ။
(၄) တန္တရ ဝေဒ။ ။ ယင်း တန္တရဝေဒကျမ်းများလည်း လက်ဝဲဂိုဏ်း ၀ါမတန္တရဝေဒနှင့် လက်ယာဂိုဏ်း ဒက္ခိဏတန္တရဝေဒဟု ဂိုဏ်းနှစ်မျိုးရှိနေကြပြန်ပါတယ်။
(က) ဒက္ခိဏ တန္တရ ဝေဒ။ ။ မိမိတို့လိုရာဆုများကို နတ်ဘုရားကြီးများထံ၌ တောင်းဆိုရွတ်ဖတ်သောအခါ ဥုံ၊ သြောင်း၊ ရှရု၊ ရှရ၊ တြိန်း၊ တြပ်၊ ဟရီ၊ ဟရုဟူသော ပုဏ္ဏားအတို့အသံကို အရင်းခံထား၍ အုန်းငှက်ပျောပွဲတို့ကို ပြင်လျက် စိန္တာမဏိမန္တန်စသည်တို့ ကို ရွတ်ဆိုကာ နတ်ဗြဟ္မာ ဘုရားကြီးများအား ရှိခိုး ပူဇော်၍ စီးပွား ဥစ္စာတိုးတက်ရေးတို့ကို တောင်းဆိုသော ဝေဒကျမ်းစာ အထက်လမ်းဂိုဏ်းတစ်မျိုး ဖြစ်သည်၊ ဗုဒ္ဓဘာသာစစ်စစ်တို့နှင့် လုံးဝမစပ်ယှက် မသက်ဆိုင်ပေ။
(ခ) ၀ါမ တန္တရ ဝေဒ။ ။ လူသားတို့ကို ဒုက္ခပေးတတ်သည့် စုန်း၊ တစ္ဆေ၊ ကဝေ၊ ဘီလူး၊ သရဲ၊ ရက္ခိုသ်၊ မြေဘုတ်၊ ပြိတ္တာ၊ ၃၇ မင်း၊ နတ်ဆိုး မိစ္ဆာကောင်တို့ကို ကျွေးမွေးထားပြီး စေခိုင်းရန်အတွက် ဥုံ၊ သြောင်း၊ ဟရီ၊ ဟရု၊ ရှရု၊ ရှရ၊ တြိန်း၊ တြပ်တို့ကို အရင်းခံ အစချီကာ ဟိန်းဟောက် ရွတ်ဆို မန်းမှုတ်လျက် လူသားတို့၏ အသက်စည်းစိမ်ဥစ္စာတို့ကို ပျက်စီးဆုံးပါးစေတတ်တဲ့ ဂါထာမန္တန်မန္တရား
တို့များစွာပါတဲ့ အောက်လမ်း အတတ်ပညာ ကျမ်းများကို ခေါ်ဆိုသည်၊ ဤသည်တို့ကား ဗြဟ္မဏအယူများ သာဖြစ်၍ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သူတို့အတွက် နှစ်သက်ယုံကြည်ကာ လိုက်နာခံယူစရာ မဟုတ်ပါချေ။
(၅) ရာမာယန ဝေဒ။ ။ ယင်း ရာမာယန ဝေဒကျမ်းကြီးကတော့ (စီတာ၊ ရာမ်- ဆိုတဲ့) သီတာနဲ့ ရာမတို့ ညီတော် လက္ခဏတို့ ဟာနုမာမျောက်ကြီးနဲ့ သုဂျိတ် ဗာလီတို့ရဲ့ ဇာတ်လမ်းရှည်ပဲ ဖြစ်တယ်။
ပါဝင်တဲ့ အခန်းးကဏ္ဍတို့ကတော့ ဣတ္ထိ ပုရိသတို့၏ အချစ်သဘာဝေ၀ဒ ဘာသာဝင် ဣန္ဒိယ တိုင်းသားတို့ အကြိုက်အများဆုံးဖြစ်တဲ့ အဲဒီဇာတ်လမ်းကြီးထဲမှာ နိုင်ငံရေး၊ စစ်ဗျူဟာ ခင်းကျင်းတိုက်ခိုက်ရေး၊ ဘာသာရေး ကိုးကွယ်ပူဇော်မှု စသည်တို့ ပါရှိတဲ့ ဇာတက ၀တ္ထုရှည်ကြီးတစ်မျိုးပဲ၊ ယင်းဇာတ်လမ်းကို ၀ါလမိကိ ဣသိဗြဟ္မဏ ရေးသား ဖော်ထုတ်ပြီး နောက် တူလဆီဒါသခေါ် ကဗျာဆရာကြီးက တစ်ဖန် ချဲ့ထွင်ဖွင့်ဆို ဖွဲ့နွဲ့ သီကုံးထားလျက် ဣန္ဒိယ တိုင်းရင်းသားတို့အတွက် သြဇာထက်မြက်လှသော ဝေဒကျမ်းကြီးပင် ဖြစ်လေသည်တဲ့။
(၆) မဟာဘာရတ ဝေဒ။ ။ မဟာ= ကြီးကျယ်မြင့်မြတ်သည်ထက် ပိုမိုကြီးကျယ် မြင့်မြတ်သော၊ (၀ါ) သူ့ထက်သူ လူစွမ်းကောင်းသော၊ ဘာရတဝေဒ = ဣန္ဒိယတိုင်းရင်းသားတို့၏ ဝေဒပိဋကတ်တော်ကြီးများ၊ (၀ါ) ဣန္ဒိယနိုင်ငံသားတို့ ရိုသေလေး မြတ်၍ ဂါထာတစ်သိန်းကျော်ပါရှိတဲ့ ဝေဒအဘိဓမ္မာကျမ်းကြီး ဟူ၏တဲ့။
ယင်းဝေဒကျမ်းကြီး၌ ကုရုတိုင်း ပဏ္ဍ၀မင်းနှင့် ကောရဗျမင်းတို့ စစ်ခင်း တိုက်ခိုက်ကြသော တိုက်ပွဲကြီး အကြောင်းအရာများကို အခြေခံလျက် လူမျိုးအသီးသီးတို့၏ အကြောင်းအရာများ၊ လူကောင်း နှင့်လူဆိုးတို့ ၏ ရရှိသည့် သုခ ဒုက္ခ ခံစားမှု အဖြစ်အပျက်များ၊ လူသားတို့ လိုက်နာ ခံယူရမည့် တရားဥပဒေ စီမံအုပ်ချုပ်ရေးနှင့် ဓလေ့ထုံးတမ်းများ၊ တိုင်းရေး ပြည်ရေး ပေါင်းသင်းဆက်ဆံရေးနှင့် တိုင်းတစ်ပါး၌ သံတမန်ထားရေး၊ အမျိုးဘာသာရေးနှင့် ယုံကြည်ကိုးကွယ်ရေး၊ လောကဓမ္မရေးရာနှင့် စစ်ဗျူဟာခင်းကျင်း တိုက်ခိုက်ရေးများကို စိတ်ဝင်စားစရာ ဖွင့်ဆိုရေးသားပြုထားသော ဝေဒကျမ်းမဟာကြီး ဖြစ်လေသည်တဲ့။
ဝေဒကျမ်းတို့တွင် အလွန်ကျော်ကြားထင်ရှားသော ဘဂ၀ါဂီတိကျမ်းကြီးဟာလည်း ဤမဟာဘရတ ကျမ်းကြီး၏ အစိတ်အပိုင်းအစ အနသာ ဖြစ်၏တဲ့။
ကုရုစစ်ပွဲကြီးအတွင်း၌ ကရိရှန (ကြိသျှန)ဘုရားကြီး စစ်ရထား မောင်းနှင်စဉ် အဇ္ဈုနမင်းသားဟောသော (၀ိညာဏ်) အတ္တ၏ နိစ္စ၊ ဓုဝ သဿတ ဖြစ်ပုံတို့ကို ဖွင့်ဆိုထားသော အခန်းအပိုင်းများ လည်း ပါရှိတယ်၊ ယင်းသည် ဣန္ဒိယတိုင်းသားတို့ အမြတ်တနိုး အနှစ်သက်ဆုံးကျမ်းကြီးဖြစ်၍ မူလက ဂါထာ ၄၀၀၀ နောက် ၂၄၀၀၀ ဆင့်ပွားလာကာ ယခုအခါ၌ ဂါထာပေါင်း တစ်သိန်းမျှရှိသည်တဲ့၊ ကဲ…အဲဒါ သူရဿတီနတ်သမီးကြီး ဆောင်ထားတဲ့ ဝေဒပိဋကတ်တော် (ဗေဒင် ၃ ပုံ၊ ၄ ပုံ၊ ၆ ပုံ ပါပဲဗျာ) သမ္မာသမ္ဗုဒ္ဓ ဘုရားသခင်ဟောကြားတော်မူတဲ့ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိစစ်စစ်တို့ ခံယူလိုက်နာကျင့်ကြံအားထုတ် ကိုးကွယ်ဆည်းကပ်နေတဲ့ ထေရ၀ါဒပိဋကတ်တော် ၃ ပုံနဲ့ ဘာမှမဆိုင်မစပ်ဘူး၊ စပ်လို့လည်း မရဘူးနော်၊ တခြားစီပဲ၊ ကဲ… ရှင်းပြီလား၊ နောက်ဘာထပ်ပြောချင်သေးလဲ။
ဒကာ။ ။ မပြောတော့ပါဘူး ဆရာတော်၊ ကိုယ်ကမှ ခံယူလိုက်နာကိုးကွယ်ဆည်းကပ်မှု မပြုတဲ့ ကိစ္စတွေပဲဟာ၊ အင်း… သူရဿတီရဲ့ ဇာတ်ကြောင်းတရားကို အခု ဆရာတော် ပြောကြားမှပဲ ကွဲကွဲပြားပြားနဲ့ သိရတော့တယ်၊ ဒကာကြီးတို့မှာလည်း ဗဟုသုတတွေရလို့ ၀မ်းသာလှပါတယ် ဆရာတော်၊ ဒါပေမယ့် အိမ်ပေါ်မှာ သူရဿတီမယ်တော်ကြီး ရောက်နေတာက ကြာပြီမို့ အိမ်က ဒကာမကြီးနဲ့ သမီးတွေအတွက်က ခက်သေးတယ်ဘုရား (အမှားကြာတော့လည်း အမှန်လိုဖြစ်နေမှကိုး) တဖြည်းဖြည်းတော့ အမှန်ပိုင်းရောက်အောင် ဆွဲဆောင်ရမှာပဲ ဆရာတော်၊ ကိုယ်က ဗြဟ္မဏမဟုတ်တဲ့ ဗုဒ္ဓဘာသာပဲဟာ။
ဆရာ။ ။ အင်း.. ဒကာကြီးတို့မှာ တာဝန်ရှိတယ်၊ အမှန်တရားရအောင်တော့ ပြုပြင်ပေးကြပေါ့လေ။
ဒကာ။ ။ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ လက်စသတ်တော့ ဟိန္ဒူ ဗြဟ္မဏဘာသာ ကုလားတွေယူလာတဲ့ နတ်သမီးပဲဟာ ခုမှပဲ ရှင်းတော့တယ်ဘုရား၊ ပိဋကတ်တော်မှာ မပါတဲ့ဟာကို ပိဋကတ်သုံးပုံဆောင်လေး ဘာလေးနဲ့ သက်သက် ညာပေးနေကြတာ။

Friday, June 25, 2010

သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား? အသောကမင်းကြီး နောက်ဆုံး မှာတမ်းတော်၊ အသောကနှင့် မှတ်သားဖွယ်များ။

သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား
ဒကာ။ ။ ကျောင်း ဘုရား စေတီပေါင်း ရှစ်သောင်းလေးထောင်ပေးလှူကာ သားတော် ရှင်မဟာမဟိန္ဒ သမီးတော်သင်္ဃမိတ္တထေရီမတို့၏ ဖခင်ကြီးဖြစ်တဲ့ အထက်တစ်ယူဇနာ အောက်တစ်ယူဇနာ အစိုးရတော်မူတဲ့ အသောကရာဇာ မင်းတရာကြီးဟာ ဆီးဖြူသီးတစ်ခြမ်းကို မြေခွက်နဲ့ ထည့်ပေးရမလားလို့ ဒေါသနဲ့ သေသွားတော့ စပါးကြီးမြွေကြီး ဖြစ်သွားတယ်ဆိုတာ ဟုတ်ပါရဲ့လား ဆရာတော်၊ ပိဋကတ်တော်မှာ ဒီစကားများ ပါ ပါသလား ဘုရား။

ဆရာ။ ။ အင်း.. ထေရ၀ါဒ သာသနာဝင် ပါဠိ အဋ္ဌကထာ ဋီကာ ပိဋကတ်တော်များမှာတော့ ဒီလို အမှာစကားမျိုး မပါ မရှိဘူး၊ သူရဲ့ ဘုန်းတန်ခိုး ကြီးကြောင်းကိုတော့.....
သကလံ မေဒနိံ ဘုတွ၊
ဒတွာ ကောဋိသတံ သုခီ။
အဍ္ဎမာလက မတ္တဿ၊
အန္တေ ဣဿရတံ ဂတော။
သကလံ မေဒနိံ ဘုတွာ = မောရိယ အင်ပိုင်ယာကြီးနဲ့တကွ ဇမ္ဗူကျွန်းခွင် မိုးကောင်းကင် ရေပြင် မြေအောက်ယူဇနာပေါက်အောင် အခွန်တော်အဆီ အနှစ် တို့ကို ကောက်ယူ သုံးဆောင်ခံစားပြီး၍……
ဒတွာ ကောဋိသတံ သုခီ = စေတီ ကျောင်းဆောင်ရှစ်သောင်း လေးထောင်တို့ကို အသပြာငွေ ကုဋေတစ်ရာဖိုးမျှ ကုန်ကျတည်ဆောက်ကာ ချမ်းသာစွာပေးလှူပြီးသော ဓမ္မာသောကမင်းကြီးသည်….
အဍ္ဎမာလက မတ္တဿ အန္တေ = သက်ရွယ်တော်အိုမင်း၍ ကိုယ့်ကိုယ်ကိုမျှ မနိုင်မနင်းသောကာလ နောက်ဆုံးအချိန်ကျကာမှ ဆီးဖြူသီးတစ်ခြမ်းကိုမျှသာ……
ဣဿရတံ ဂတော = ဘုန်းတန်ခိုးတွေယိုင်၍ စိုးပိုင်သောသူအဖြစ်သို့ရောက်ရလေတော့သတည်း။ ဟု ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းတော်ကြီးများမှာ လာတာကို ဂါထာနဲ့တွေ့ရတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ ဒါလောက်သုံးမကုန် လှူမခန်း ချမ်းသာတဲ့ မင်းတရားကြီးဟာ နောက်ဆုံးမှာ ရင်နင့်စရာခံစားချက် မြေခွက်ကလေးတစ်ခုနဲ့ ဆီးဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်ရတယ်ဆိုတာကတော့ ဘာ့ကြောင့်ပါလဲ ဆရာတော်၊ သိသလောက်ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဒီအကြောင်းအရာတွေက ထေရ၀ါဒ သင်္ဂါယနာပါဠိ အဋ္ဌကထာ ဋီကာတို့မှာအပြည့်အစုံ မပါဘူး၊ နည်းနည်းစီပဲပါတယ်၊ အများအားဖြင့် သက္ကတဘာသာ ( ဒိဗ္ဗ၀ါဒါန) ဒိဗျာဝါဒါန၊ အာသုဗောဓစတဲ့ ကျမ်းတွေမှာ ပြဆိုထားတာကတော့……
မင်းကြီးအိုမင်းမကျန်းရှိသောအခါ အလှူအတန်းတွေ များလွန်းတယ်ဆိုပြီး ဗြဟ္မဏအနွယ်ဝင် များဖြစ်တဲ့ သာသနာမကြည်ညိုသူ (ဟိန္ဒူ) မှူးကြီးမတ်ကြီးတို့က မြေးတော်အိမ်ရှေ့စံ သမ္ပဒိမင်းသားနဲ့ တိုင်ပင်ကြပြီး ဘဏ္ဍာတိုက်တွေကို သိမ်းလိုက်ကြတယ်တဲ့။
ဒကာ။ ။ ဟာ… သည်လိုဆို မင်းကြီးတော့ ဒုက္ခပေါ့၊ ဘယ်ပေးလှူနိုင်ပါတော့မလဲ၊ ပေးလှူစရာ မရှိတော့ဘူးပေါ့ ဆရာတော်၊ သံဝေဂယူစရာပဲနော်။
ဆရာ။ ။ အင်း… မင်းကြီးကတော့ ဒါနပါရမီသမားပဲ၊ ဒါနဘက်က မလျှော့ဘူး၊ ဒီဘုရား သာသနာတော်မှာ အသောကရာဇာကို ဘယ်သူမှ မမီဘူး၊ အနာထပိဏ်တို့ ၀ိသာခါတို့ လှူတာက ကုဋေတစ်ရာမှ မပြည့်ဘဲဟာ၊ ကုဋေတစ်ရာပြည့်လို့လား။
ဒကာ။ ။ ဆရာတော် သိသလောက် ဆက်လက်မိန့်ကြားပါဦး ဘုရား၊ ဒကာကြီးတို့ နာယူလျက်ပါ။
ဆရာ။ ။ အင်း. ရွှေတိုက် ငွေတိုက် ဘဏ္ဍာတိုက်တွေ ချိပ်ပိတ်လိုက်တော့ကာ မင်းကြီးထံ ပို့ဆက်ရတဲ့ ရွှေဇွန်း ရွှေပန်းကန် ပွဲတော်အုပ်ကိုပဲ မင်းကြီးပိုင်ဆိုင်တော့တယ်။
အဲဒီအခါ သူ့ဆီယူလာတဲ့ ရွှေပွဲတော်အုပ်ကိုပဲ သူဆောက်လုပ်ထားတဲ့ ပါဋလိပုတ်ပြည်ရှိ ကုက္ကုဋာရုံ ကျောင်းတော်ကြီးကို ပေးလှူ ပေးလှူ လိုက်ပြန်တယ်တဲ့။
အဲဒီအကြောင်းကို ၀န်ကြီးများကြားသိပြန်တော့ကာ ငွေခွက်ပွဲတော်အုပ်နဲ့ ပို့ဆက်စေပြန်တယ်တဲ့၊ ငွေပွဲတော်အုပ်ကိုလည်း သူ့ရဲ့ကျောင်းတော်ကြီးကိုပဲ ပေးလှူပေးလှူ ပစ်ပြန်တော့ကာ ကြေးပွဲတော်အုပ်နဲ့ ပို့ဆက်ကြပြန်တယ်။
ကြေးအိုး ကြေးခွက် ပွဲတော်အုပ်ကိုလည်း ရှေးနည်းအတိုင်းပဲ ပေးလှူပစ်ပြန်တော့ကာ ဗုဒ္ဓသာသနာတော်ကို မျက်မုန်းကျိုးတဲ့ တန်ခိုးအာဏာရှိ ၀န်ကြီးများက မြေခွက်မြေအိုး မြေပန်းကန်တွေနဲ့သာ ပွဲတော်အုပ်အသုံးအဆောင်များကို ပို့ဆက်စေရမည်၊ ရွှေ ငွေ သံ ကြေးများ မင်းတရားကြီး တောင်းခံတိုင်း မပေးရဟု ဘဏ္ဍာရေးဝန်ကြီးအား တားမြစ်လိုက်ကြတယ်တဲ့။
အဲဒီအချိန်ကစပြီး မင်းတရားကြီးရဲ့ စားပွဲခုံအပေါ်မှာ မြေအိုး မြေခွက် မြေပန်းကန် အသုံးအဆောင်တွေ သာ ဖြစ်ကုန်တော့တာပဲတဲ့။
သို့ရာတွင် အသောကဘုရင်ကြီးက သူပိုင်ဥစ္စာ သူ့နောက်ပါမည့် ကုဋေတစ်ရာဖိုးမျှမကသော ရွှေငွေရတနာတွေကို ပေးလှူပြီးသားဖြစ်နေသောကြောင့် သူ့အတွက် ဘာမျှစိုးရိမ်သောက မရောက်ပါဘူးတဲ့၊ ကျေနပ်သော မျက်နှာဖြင့် သူ့အားချစ်ကြောက်ရိုသေ သူတစ်ဦးဖြစ်သော အစောင့်ဝန်ကြီး ရာဓဂုတ္တကို (အဘယ်သူသည် မောရိယတိုင်းဣန္ဒိယပြည်ကြီး၏ ဘုရာဖြစ်သလဲဟု) မေးတော်မူသောအခါ ၀န်ကြီးက ရိုသေစွာ ဦးညွတ်လျက် အရှင်မင်းတရားကြီးသာ ဇမ္ဗူဒိပ်ကျွန်းကြီး၏ အရှင်သခင်ဖြစ်ပါသည်ဟု လျှောက်ကြားလေသည်တဲ့။
ထိုအခါ မင်းမြတ်က သင်ဟာ ငါ့အား ချစ်ကြောက်လေးစားသူဖြစ်ပါလျက် အဘယ့်ကြောင့် မမှန်စကား မြှောက်ပင့်ပြောကြားဘိသနည်း၊ ငါသည် ဘုရင်မဟုတ်တော့ပြီ၊ ဘုရင်ဘ၀မှ လျောကျခဲ့လေပြီဟု မိန့်ကြားတော် မူတယ်တဲ့။
မင်းကြီးသည် တတိယသင်္ဂါယနာတင် ကုသိုလ်တော်ရှင်ဖြစ်၍ (သဗ္ဗေ သင်္ခါရာ အနိစ္စာ) ဖြစ်သမျှ မုချပျက်ရမည်ကို ကြိုတင်သိထားသူ ဆရာကောင်းတပည့် ဖြစ်ရကား အဘယ်မှာလျှင် နှလုံးမသာစိုးရိမ်ရင်နာခြင်း ဖြစ်တော့အံ့နည်း။ ( ဆရာအချို့က စိုးရိမ်သောကမျက်ရည်ကျလျက် ဟု ဆိုကြသည်) တရားဓမ္မနဲ့ သောက ပရိဒေ၀ တို့ကို ကျော်လွန်စေတယ်တဲ့။
ဒကာ။ ။ ဒီလိုဆိုရင် မင်းကြီးဟာ စုတေခါနီးမှာ မြေခွက်ငယ်တစ်ခုနဲ့ ဆီးဖြူသီးတစ်ခြမ်းမျှကိုသာ ပိုင်ဆိုင်တော့သည်ဖြစ်၍ ဒေါမနဿတွေဖြစ်ကာ သေပြီးစပါးကြီးမြွေ ဖြစ်သွားတယ်ဆိုတာ မဟုတ်မမှန်ဘူးပေါ့ ဆရာတော်။
ဆရာ။ ။ အင်း.. မြွေကြီးဖြစ်သွားတယ်ဆိုတာတော့ မဟုတ်နိုင်ပါဘူး၊ မင်းကြီးဟာ အလှူဒါနအရာ သူမတူအောင် ပေးလှူပူဇော်လေ့ရှိတဲ့အတိုင်း မကျန်းမမာဘဲ ရောဂါသည်းလာတဲ့အခါ သူ့ကိုကျွေးဖို့ဆေးအတွက် ယူဆောင်လာတဲ့ ဆီးဖြူသီး တစ်ခြမ်းနဲ့ မြေခွက်ငယ်တစ်ခုကို စေ့စေ့ရှုပြီးတော့ အင်း… ငါပိုင်ပစ္စည်းဥစ္စာဟာ ဒါနောက်ဆုံးပဲဟု ကြံစည်လိုက်တယ်တဲ့။ ယင်းသို့ ကြံစည်ပြီးနောက် သူ၏အလုပ်အကျွေးမင်းချင်းတစ်ယောက်ကို ခေါ်၍ ငါသည် ဤမြေခွက်ငယ်နှင့် ဆီးဖြူသီးတစ်ခြမ်းကို ကုက္ကုဋာရုံကျောင်းတော်ကြီးရှိ သံဃာတော်အရှင်မြတ် အပေါင်းအား ပေးလှူလိုသည်၊ သင်သွား၍ ငါ့စကားဖြင့် လျှောက်ကြားကာ ပေးလှူချေဟု အဲဒီအမှာစကားကို နောက်ဆုံးပြောကြားတယ်။

အသောကမင်းကြီး နောက်ဆုံး မှာတမ်းတော်
အရှင်မြတ်တို့…. တပည့်တော် (အသောက ရာဇာ) ၏ နောက်ဆုံးဖြစ်သော ဤဒါန၀တ္ထု အလှူတော်ကို လက်ခံတော်မူကြပါဘုရား။ အရှင်မြတ်တို့၏ ခြေတော်အစုံကို အကြိမ်ကြိမ် တပည့်တော်ရှိခိုးလိုက်ပါ၏ဘုရား။
ဤ ဒါနမြတ်သည် မောရိယတိုင်း ဣန္ဒိယပြည်ကြီးရှင် တပည့်တော် (အသောက) ၏ နောက်ဆုံးပေးလှူ ပူဇော်ခြင်းပါဘုရား။
တပည့်တော်၏ တန်ခိုးအာဏာနှင့် စည်းစိမ်ဥစ္စာ ဘုရင်မင်းဘ၀များလည်း တပည့်တော်မှ စွန့်ထွက် ဖဲခွာကြပါပြီ။ သက်ကြီးအိုမင်း၍ ကျန်းမာသန်စွမ်းခြင်း မရှိသောတပည့်တော်အား သမားတော်များကလည်း လက်လျှော့သွားကြချေပြီ ဘုရား။
ရတနာသုံးပါးမှ တခြား အားထားကိုးစားစရာ မရှိသော တပည့်တော်မှာ သံဃာတော် အရှင်မြတ်တို့သာ အားထားကိုးကွယ်ရာ (နာထ) အစစ်ဖြစ်ပါသည်။
တပည့်တော်၏ဆရာများဖြစ်တော်မူကြသော သံဃာတော်အရှင်မြတ်တို့သည် တပည့်တော်၏ ဤနောက်ဆုံးဒါနဖြစ်သော မြေခွက်ငယ်နှင့် သျှိသျှား(ဆီးဖြူ) သီးကို သုံးဆောင်ဘုဉ်းပေးတော်မူကြပါဘုရား။
ဤသို့ မင်းချင်း အလုပ်အကျွေးအား မှာကြားအပ်နှင်းလျက် ကုက္ကုဋာရုံကျောင်းတော်ကြီးရှိ သံဃာတော်များအား နောက်ဆုံးမိမိ၏အလောင်းကို မြတ်ဘုရားအား ရည်စူးကာ ၀ါဂွမ်းအထပ်ထပ်ပတ်၍ ဆီလောင်းလျက် နောက်ဆုံးပေးလှူစေကာ နတ်ရွာစံ ကံတော်ကုန်ရရှာတယ်တဲ့၊ ကဲ…နောက်ထပ် ဘာများ စောဒကတက်ချင်သေးသလဲ၊ စပါးကြီးမြွေကြီးထဲ စိတ်ရောက်သေးသလား။

အသောကနှင့် မှတ်သားဖွယ်များ
ဒကာ။ ။ တပည့်တော်တို့က နားစွန်နားဖျားနဲ့ ကြားဖူးထားတာပါ ဆရာတော်၊ ဒီလို အကျယ်မှတ်သားဖွယ်တို့နဲ့ ကြားသိထားတာ မဟုတ်တော့ စပါးကြီးမြွေကြီးဖြစ်သွားတယ်၊ ဘာညာနဲ့ အမှားမှားတွေကို ပြောကြားမိပါတယ်၊ တပည့်တော်တို့ ၀စီကံအပြစ်များကို သနားခွင့်လွှတ်ပါရန် သူမတူကြီးကျယ်စွာ သာသနာပြုသွားတဲ့ မင်းတရားကြီးအား ရှိခိုးကန်တော့ပါတယ် ဘုရား။
အသောကမင်းတရားကြီးရဲ့ သာသနာတော်နဲ့စပ်တဲ့ မှတ်သားဖွယ်များကိုလည်း ကြည်ညိုလေးစားမှတ် ထားရအောင် ဟောကြားပါဦး ဆရာတော်။
ဆရာ။ ။ ဓမ္မာသောကမင်းကြီး သာသနာပြုပုံ နည်းတွေကတော့ ကြက်သီးထခမန်း ကြည်ညိုဖွယ်ရာ အခန်းတွေဟာ များစွာပဲ ရှိပါတယ်၊ ဒကာကြီးတို့ မှတ်သားချင်ရင် အနည်းငယ်ပြောပြပါမည်။
၁။ မြတ်စွာဘုရားသခင်၏ သာသနာတွင်းသို့ ရဟန်းတုရဟန်းယောင် သင်္ကန်းဝတ်ဆည်းကာ ၀င်ရောက်နှောင့်ယှက်လျက် လူအပေါင်းတို့ကြည်ညိုသဒ္ဓါပျက်အောင် ၀ိနည်းတရားတော်မြတ်ကို မကျင့်ဆောင် မလိုက်နာဘဲ ပြုလုပ်နေကြပြန်သောကြောင့် ခြောက်သောင်းသော မဟာသံဃာ့အစည်းအဝေးကြီးက သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး သင်္ဂါယနာတင်ပေးရန် ဆုံးဖြတ်ချက်ချကာ တောင်းဆိုလာကြသောကြောင့် သာသနာတော်သက္ကရာဇ် ၂၃၅ ခုနှစ်မှာ ဓမ္မာသောကမင်းကြီး ကူညီထောက်ပံ့ချက်အရ ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ ရှင်မောဂ္ဂလိပုတ္တမထေရ် နာယကပြု၍ ရဟန္တာကြီးတစ်ထောင်ကို ရွေးချယ်စိစစ်ပြီးလျှင် ထိုနှစ် နယုန်လမှစ၍ တပို့တွဲလအထိ ၉ လတိုင်တိုင် အရံသံဃာတော်ခြောက်သန်းတို့ဖြင့် နှုတ်တက် ရွတ်ဆိုကာ သင်္ဂါယနာတင်ကြတယ်တဲ့၊ အဲဒါမင်းကြီးကို ကြည်ညိုစရာပေါ့။
၂။ မင်းကြီးသည် အဇာတသတ်မင်းမြတ် အဓိဋ္ဌာန်၍ ကိုးစားသိမ်းဆည်းတည်ထားခဲ့သော လက်နက်ကိုင်စက်ရုပ်တို့ ပြေးလွှားလှည့်ပတ် စောင့်ကြပ်လျက် ဖောက်ဖွင့်ခြင်းငှာ ခဲယဉ်းလှစွာသော ဓါတ်တော်တိုက်ကို စက်ခလုတ်တို့ရပ်စေကာ ဓါတ်တော်များစွာတို့ကို ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်ပူဇော်လျက် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရည်စူးကာ ကျောင်းပေါင်းရှစ်သောင်းလေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဆောက်လုပ်စေပြီး တိုင်းပြည်နိုင်ငံ အရပ်ရပ်သို့ သာသနာပျံ့နှံ့စေရန် ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ကြီးမှူလျက် ရဟန်းတော် ၁၃ ပါးကို ကိုးတိုင်း ကိုးဋ္ဌာနသို့ သာသနာပြု စေလွှတ်တော်မူပြန်တယ်၊ ကိုးဋ္ဌာနကတော့….
(က) ကသ္မီရ၊ ဂန္ဓရတိုင်း ဟိမ၀န္တာ၏ အနောက်မြောက်ဘက် အရပ်သို့ မဇ္ဈန္တိကထေရ်။
(ခ) မဟိံသက မာဏလ၊ ဣန္ဒိယနယ် တောင်ပိုင်း၌ ရှိသော မိုက်စိုးဒေသသို့ မဟာဒေ၀ထေရ်။
(ဂ) နပါဒါသီ၊ အရပ် တောင်ပိုင်းနှင့်ဣန္ဒိယ ဟိုက်ဒရဗတ်နယ် အရှေ့ဘက် ဒေသသို့ ရက္ခိတထေရ်။
(ဃ) မဟာရဋ္ဌတိုင်း ဘုံဘေနယ်တစ်ဝိုက်နှင့် ပူနားမြို့စသော တိုင်းတို့သို့ အရှင် မဟာရက္ခိတထေရ်။
(င) အပရန္တတိုင်း မလ၀ါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်ဝ စသော “ကချကွေ့” အနီးရှိ အပရန္တခေါ် အရပ်သို့ ( စူဠ) ဓမ္မရက္ခိတထေရ်။
(စ) ယောနကတိုင်း ပါရှား၊ တူရကီ၊ ဂရိတ်၊ အီတလီ စသော တိုင်း၊ ခရိုင်၊ နိုင်ငံတို့၏ တည်ထွန်းရာ ယောနကလောက ခေါ်သော အနောက်ဘက်ပြည်နယ် နိုင်ငံတို့သို့ မဟာရက္ခိတထေရ်။
(ဆ) စိနရဋ္ဌ၊ ဟိမ၀န္တာ အနီးဒေသရှိ၊ (ချိန)ခေါ်သို့မဟုတ် တရုတ်ပြည် “ချိုင်းနား” ခေါ်စိန့်တိုင်းသို့ မဇ္ဈိမထေရ်။
(ဇ) သုဝဏ္ဏဘုမ္မိတိုင်း စိန့်တိုင်းကြီး၏ တောင်ဘက် မွန်၊ မြန်မာ၊ ယိုးဒယား၊ ယွန်း…စသော လူမျိုးတို့နေထိုင်ရာ သုဝဏ္ဏဘုမ္မိခေါ် အရှေ့တောင်ကျွန်းဆွယ်ကြီးသို့ သောဏထေရ်နှင့် ဥတ္တရထေရ်။
(ဈ) သီရိလင်္ကာဒီပ သီဟိုကျွန်းသို့ မဟိန္ဒထေရ်၊ ဥတ္တိယထေရ်၊ သမ္ပလထေရ်၊ ဘဒ္ဒသာလထေရ်။
ဤသို့လျှင် တန်ခိုးသိဒ္ဓိရှင် မဟာထေရ်မြတ်ကြီး ၁၃ ပါးတို့ကို ဆိုင်ရာဆိုင်ရာ ကိုးတိုင်း ကိုးဋ္ဌာနသို့ မိမိတို့ကျရာကျရာ တာဝန်ယူကြလျက် ထွက်ကြွ၍ ဗုဒ္ဓ၀ါဒကို ဖြန့်ချိဟောကြားကာ သာသနာပြုတော်မူကြတာဟာ လည်း အသောကမင်းတရားကြီးရဲ့ ကောင်းမှုတော်တွေပဲ။
၃။ မင်းကြီးသည် သားတော်မဟိန္ဒမင်းသားနဲ့ သမီးတော်သင်္ဃမိတ္တာမင်းသမီး အမှူးပြု၍ အခြား အခြားသောာ မင်းညီမင်းသားများစွာတို့ကိုလည်း သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကာ သာသနာပြု တော်မူခဲ့တယ်။
၎။ လူသားများနှင့် တိရစ္ဆာန်သတ္တ၀ါတို့အတွက် အစာရေစာလယ်ယာသစ်ပင်ဥယျာဉ် ဆည်မြောင်းစသည် များစွာတို့ကို ဓမ္မာသောကမင်းကြီး ကိုယ်တိုင်ကြပ်မတ် ကွပ်ကဲကာ စိုက်ပျိုးတူးဖော်သတ်မှတ်၍ ပေးခဲ့ခြင်းများရယ်။
၅။ ဂိလာနသာလာ၊ ခေါ် လူနာများတည်းခိုဆေးကုရာ ဆေးရုံဆေးခန်းများ ဆောက်လုပ်၍ ဆေးများပေးလှူခြင်း၊ ဆေးပင်များစွာတို့ကို စိုက်ပျိုးစေခြင်း၊ ကျောက်သား ကျောက်စာများ ထိုးနှံစိုက်ထူကာ လူသားတို့ ဘ၀သံသရာကောင်းစားရေးအတွက် ညွှန်ကြားထားခဲ့ခြင်းများမှာ ယနေ့အထိ အသောကမင်းကြီး၏ ကျောက်စာတော်နှင့် အမှတ်တံဆိပ် ခတ်နှိပ်ထားသော ကျောက်တိုင်ကြီးတွေ ရှိနေသေးခြင်းများနှင့်။
၆။ ဓမ္မသောကမင်းကြီးသည် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ သာသနာတော်မြတ်အကျိုး လောကလူ သားတို့အကျိုးကို ဆောင်ရွက်ကျင့်ကြံ အားထုတ်ကာ ကုဋေတစ်ရာမျှသော ငွေအသပြာတို့ကို ပေးလှူတော်မူလေသည်။
ရ။ ထိုမျှလောက် သာသနာတော်မြတ်အကျိုး လူသားများနှင့်သားငှက် တိရစ္ဆာန်သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးကမ်းလှူဒါန်းလို့ မရောင့်ရဲ့ မတင်းတိမ်နိုင်သော မင်းတရားကြီးသည် မိမိကံတော်ကုန်၍ နတ်ရွာစံသောအခါ၊ မြတ်စွာဘုရားသခင်အား မိမိကိုယ်ကို ၀ါဂွမ်းအထပ်ထပ်ပတ်စည်းလျက် ဆီလောင်စိမ်ကာ မီးရှို့ပူဇော်ပေးလှူခြင်းဖြင့် နောက်ဆုံးပူဇော်စေကြောင်းများကို သာသနာဝင်၊ မဟာဝင်နှင့် ဒိဗ္ဗ၀ါဒါန၊ အာသုဗောဓ စသော သက္ကတကျမ်းဂန်တို့က အသီးအသီး ထုတ်ဖော်ဂုဏ်ပြုချီးကျူးကာ သမိုင်းတင်တော် မူခဲ့ကြတယ်။
အဲဒါလောက် သဒ္ဓါတရား ကြီးမားလွန်ကဲတဲ့ ကမ္ဘာကျော်သာသနဒါယကာ မောရိယအင်ပိုင်ယာကြီး၏ အရှင်ဘုရင် သီရိဓမ္မာသောက ဒေ၀ါနံ ပိယဒဿီဘွဲ့ထူးချီပုဂ္ဂိုလ်မြတ်ကြီး သေတော့ကာ စပါကြီးမြွေကြီး ဖြစ်သွားတယ်ဆိုတာ အလွန်အမင်းယုတ္တိကင်းပြီး မင်းကြီးအား စော်ကားသော စကားလို့သာ မှတ်ပေတော့ ဒကာကြီးတို့၊ ကဲ… ကျေနပ်ရဲ့လား၊ ဆရာသမားများထံက အဲဒီလို အပြည့်အစုံ မှတ်သားရဖူးတယ်၊ ဒါပါပဲ။
ဒကာ။ ။ မှန်ပါ့၊ သီရိဓမ္မာသောကမင်းကြီးအား ကြည်ညိုလေးစားစွာဖြင့် ရှိခိုးဦးချကာ အလေးပြုလိုက်ပါတယ်၊ တပည့်တော်၏ယုံမှားခြင်း သံသယတို့ကို ယခုလိုကင်းရှင်းသွားအောင် ဖြေကြားတာ မှတ်သားရလို့ ကျေးဇူးတင်လှပါတယ် ဆရာတော်။

ရုပ်ကလာပ်ဆိုတာ ဘာလဲ

ရုပ်ကလာပ်ဆိုတာ ဘာလဲ
ဒကာ။ ။ ကလာပ်၊ ရုပ်ကလာပ် စသည် ခေါ်ဆိုနေကြတာ အဲဒီ ကလာပ်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ မူလဝေါဟာရနဲ့ ယင်းရဲ့အနက်အဓိပ္ပါယ်ကို သိပါရစေ ဆရာတော်။

ဆရာ။ ။ ကလာပ်ဆိုတဲ့ မူလဝေါဟာရက ကလာပ ပါဠိဘာသာ ဖြစ်တယ်၊ သူ့မှာ နှစ်ပုဒ်ပေါင်းစပ်ထား တာ ဖြစ်တယ်၊ ကလာ က တစ်ပုဒ်၊ အာပ က တစ်ပုဒ် နှစ်ပုဒ်ပေါင်းမှ ကလာပ ဖြစ်လာတာ၊ သူရဲ့ အနက်အဓိပ္ပါယ်က.....
(၁) ကလာ = အသေးငယ်ဆုံးသော (ပကတိကြည်လင်သော မျက်စိ၊ အားအကောင်းဆုံးသော မှန်ပြောင်းတို့ဖြင့်) ကြည့်ရှုလို့ မမြင်နိုင်သော ရုပ် အစိတ်အပိုင်းကလေးတစ်ခုကို ခေါ်ဆိုတယ်။
ပုံစံကတော့ ပထ၀ီရုပ်ကလေး တစ်ခုကိုသော်လည်းကောင်း၊ အာပေါရုပ် ကလေး တစ်ခုကိုသော် လည်းကောင်း စသည်တို့ ဖြစ်တယ်။
(၂) အာပ = အဖွဲ့အစည်းတစ်ခုကို ခေါ်ဆိုတယ်။
ဒါကြောင့် ကလာပ်ဆိုတာ အသေးငယ်ဆုံးသော ရုပ်အစိတ်အပိုင်းတို့၏ ၈ ခု တစ်တွဲ၊ ၉ ခုတစ်တွဲ၊ ၁၀ ခုတစ်တွဲ၊ ၁၁ ခု တစ်တွဲ၊ ၁၂ ခု တစ်တွဲ၊ ၁၃ ခုတစ်တွဲ အစည်းအလုံး အပေါင်းအစု အတွဲလေး တစ်ခုကို ခေါ်ဆိုတာ၊ ကဲ... သဘောပေါက်ရဲ့လား၊ ရုပ်ကလာပ် ဆိုတာ အဲဒါပဲ။
ဒကာ။ ။ မမြင်နိုင် မမြင်ရ ဆိုတဲ့ အဖြေစကားကို သံသယရှိပါတယ် ဆရာတော်၊ ဓါတ်ခွဲခန်းတွေမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးမျိုးတွေကို မှန်ဘီလူးကြီးနဲ့ ရှာဖွေတွေ့မြင်နေကြတာပဲဟာ၊ အဲဒီ ပိုးကောင်ကလေးတွေ ဟာ အသေးငယ်ဆုံးသော ရုပ်ကလာပ်တွေပဲမဟုတ်လား ဆရာတော်၊ အားလုံးနားလည်အောင် ရှင်းပြပေးပါဦး ဘုရား။
ဆရာ။ ။ အင်း... ဒါက အဘိဓမ္မာလေ့လာဖူးသူနဲ့မှ ရှင်းပြလို့ဟန်ရမှာ၊ သို့မဟုတ်က ရှုပ်သထက် ရှုပ်ကုန်မှာပဲ၊ကိုင်း... ရှင်းပြမယ် နားထောင် မှတ်သားပေတော့။
ကလာပ်စည်းတစ်ခုတည်းမှာ အနည်းဆုံး ရုပ်ရှစ်ပါး ပါတယ်၊ (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ) အဲဒီရုပ်ရှစ်ပါး တစ်ခုကို အဋ္ဌကလာပ်ရုပ်တစ်ခုလို့ ခေါ်တယ်၊အဲဒီ ရုပ်ရှစ်ပါးထဲမှာ ရုပ်ထိန်းဓါတ်ခေါ်တဲ့ ဇီဝိတရုပ် တစ်ပါးထည့်လိုက်ရင် ဇီဝိတန၀က ကလာပ်လို့ခေါ်ရတယ်၊ ပင်လယ်သမုဒ္ဒရာ ရေ၊ မြေ၊ တော၊ တောင် မြင်ရသမျှ သက်မဲ့အရာဝတ္ထု ဒြပ်တွေထဲမှာ အဲဒီရုပ်ရှစ်ပါး၊ တစ်နည်း- ကိုးပါးပဲ ရှိတယ်၊ အဲဒီ ရုပ်ရှစ်ပါးတစ်စုကို ပကတိမူလ ရုပ်ကလာပ်တစ်ခုလို့ ခေါ်တယ်။
အဲဒီ ရုပ်ကလာပ်တစ်ခုကိုလည်း မျက်စိနဲ့ မမြင်နိုင်ဘူး၊ ယင်းအဋ္ဌကလာပ်ရုပ်ပေါင်း သိန်း သန်း ကုဋေ စုပေါင်းမိမှ အိမ်ခန်းတွင်းမှာ အမြဲလွင့်နေတဲ့ နေရောင်ခြည်ထိုးမှ မြင်ရတဲ့ မြူမှုန်ကလေးတစ်ခုဖြစ်လာတာ၊ တီဘီ ပိုးကလေးတစ်ကောင် ဖြစ်လာတာ၊ အဲဒီမြူမှုန်ကလေးပေါင်း သိန်း သန်း ကဋေ စုမိမှ သဲမှုန့်ကလေးတစ်ပွင့် ဖြစ်လာတာ၊ ဒီတော့မှ မျက်စိနဲ့မြင်ရတာ၊ အဲဒီ သဲမှုန့်ကလေးတစ်ခုထဲမှာ ရုပ်ကလာပ်တွေ ကုဋေပေါင်း မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာကို ဉာဏ်နဲ့သာ ဆင်ခြင်တွက်ဆပြီး မြင်အောင် ကြည့်ပေတော့၊ ဆားအနုကလေးတစ်ပွင့်၊ သဲအနုကလေးတစ်ပွင့်ထဲမှာ အဋ္ဌကလာပ် ရုပ်ပေါင်း သိန်း သန်း ကုဋေ ပါဝင်စုပေါင်းနေတာ ဖြစ်တယ်၊ အဲဒီတော့မှ ၀ဏ္ဏရုပ်ခေါ်တဲ့ အဆင်းရူပါရုံက ပေါ်လွင်ထင်ရှားလာတာမို့ မြင်ရတာ၊ ကဲ... ကျေနပ်ရဲ့လား။
ဒကာ။ ။ ဒီရုပ်တွေကို ကလာပ်စည်းဖြစ်အောင်နဲ့ သက်ရှိသက်မဲ့သတ္တ၀ါ ပုံစံအမျိုးမျိုးတွေကို ဘယ်သူက စုစည်းပေးနေတာလဲ ဆရာတော်။
ဆရာ။ ။ ရုပ်သက်သက်ရှိနေတဲ့ သက်မဲ့ တော၊ တောင်၊ ရေ၊ မြေ ပုံစံအမျိုးမျိုးတွေကို ဥတု က စီမံဖန်ဆင်းပေးတယ်။
ရုပ်နာမ်နှစ်ပါး ယှဉ်စပ်နေတဲ့ သက်ရှိသတ္တ၀ါ အမျိုးမျိုးတွေရဲ့ ပုံဟန် သဏ္ဌာန် ဒြပ် အမျိုးမျိုး တွေကိုတော့ ကံ၊ စိတ်၊ ဥတု၊အာဟာရ ဆိုတဲ့ အကြောင်းတရားကြီးလေးပါးက သင့်သလို စီမံဖန်ဆင်းပေးတယ်၊ အဲဒီလေးပါးထဲမှာလည်း ကံနဲ့စိတ်က ဦးစီးခေါင်းဆောင်ဖြစ်တယ်၊ ဒါပဲ၊ ဗုဒ္ဓဘာသာဝင်တို့အလို တန်ခိုးအရှင်က ဖန်ဆင်းပေးတာ မဟုတ်ဘူး၊ ဒါက ပညာရှိများမှသာ ယုံကြည်တာ၊ သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာ အစစ်တို့ရဲ့အယူပဲ။
ဒကာ။ ။ ယုံကြည်ကျေနပ်ပါပြီ ဆရာတော်၊ ရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိစ္ဆေဒဉာဏ် နှစ်ပါး ခုမှပဲ ကွဲပြားတော့တယ်။

ပုထုဇဉ်ကို ရဟန္တာဟု သမုတ်ကြေငြာကြည်ညိုကာ ပေးလှူပူဇော်သူတို့ အပါယ်လားသလော

ပုထုဇဉ်ကို ရဟန္တာဟု သမုတ်ကြေငြာကြည်ညိုကာ ပေးလှူပူဇော်သူတို့
အပါယ်လားသလော
ဒကာ။ ။ ကြည်ညိုဖွယ်ရာ အကျင့်သိက္ခာနှင့် ပြည့်စုံသော ပုထုဇဉ် ရဟန်းတော် တစ်ပါးပါးကို သူအချို့က ရဟန္တာပါဟု အော်ဟစ်ပြောဆိုကြေငြာပြီး မြို့တကာရွာတကာ လမ်းတကာမှာလှည့်လည်၍ အဖူးမြော်ခံ အလှူခံလျက် မြို့ရွာနေ လူအပေါင်းတို့ကလည်း ရဟန္တာအရှင်ကောင်း အရှင်မြတ်ကြီး တစ်ပါးအနေ ဖြင့် ကြည်ညိုလေးစားပေးလှူပူဇော်မှုများ ပြုလုပ်နေကြတာဟာ မှားယွင်းသော အပြစ်ရှိသော မိစ္ဆာ အယူသာ ဖြစ်သည်ဟု ပညာရှိအချို့က မကူညီ အားမထုတ်ဘဲ နောက်ဆုတ်ကြလျက် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြောဆိုကြတာ ဟာ မှန်ပါသလားဆရာတော်။ ပိဋကတ်တော်ဆိုင်ရာ ကျမ်းစာများမှာ လာရှိပါသလား၊ အထောက်အထားနဲ့ မှတ်သားလောက်အောင် ဖြေကြားတော်မူပါဘုရား။ ဒီစကားနဲ့စပ်ပြီး တော်တော်ပဲ အငြင်းပွားနေကြလို့ပါ ဆရာတော်။

ဆရာ။ ။ အင်း.. သည်အမေးဟာ ခုခေတ်အခါမှာ အဖြေမှန်ပေးဖို့ရာ အတော်ခက်တယ်နော်၊ အမှန်ဖြေရင် ဘေးရန်တွေရှိတယ် ဒကာကြီးတို့ရ၊ အဲဒါကြောင့် ဒီကထက် တတ်သိတဲ့ တခြားဆရာတော်များထံ မှာ သွားရောက်လျှောက်ထားကြပါတော့လေ။
ဒကာ။ ။ ဒီလို လွှဲမချပါနဲ့ ဆရာတော်၊ ဗုဒ္ဓရဲ့ တရားမြတ်ဟာ နတ်လူတို့နှစ်သက်ချင် နှစ်သက်၊ မနှစ်သက်ချင်နေ မှန်ကန်ပြီးတော့ အကျိုးရှိမှုကိုသာ ပဓါနထားတယ်လို့ သုဂတဂုဏ်တော်အဖွင့်မှာ ဒကာကြီးတို့ မှတ်သားရဖူးပါတယ်။ ဒါ့ကြောင့် မြတ်စွာဘုရား၏ မျက်နှာတော်ထောက်ပြီး မကြောက်မရွံ့ဘဲ ရဲရဲတောက် ဖြေကြားပေးပါဘုရား။
ဆရာ။ ။ ကိုင်း. သည်လိုဆိုရင် ဆရာတော်က အသစ်အနေနဲ့ ဖြေကြားပေးရတာထက် ဒကာကြီးတို့ မေးတဲ့ သဘောတရားကို ဖြေကြားပြီးသား အဆုံးအဖြတ်ဖြစ်တဲ့ ကျမ်းစာအုပ်ကို ဖတ်ဖို့ညွှန်ကြားပေးလိုက်မယ်၊ စာအုပ်နာမည်က ဒကာကြီးတို့ ကြည်ညိုလေးစားအားထားကြတဲ့ “ပရမတ္ထအဆီ မြတ်လယ်တီ” တဲ့ စာမျက်နှာ ၂၄၀ က စဖတ်ပါ၊ အင့်.... ဟောဒီမှာ ဖတ်စမ်း။
ဤကောသလသံယုတ် ဒါရုကမ္ပကသုတ်ကို ထောက်ဆက လူဒကာများ၏ “အရိယာရဟန္တာ” ဟူ၍ ပြောဆိုသုံးနှုန်းခြင်းကို ဗုဒ္ဓမြတ်စွာ အလွန်ပင်မုန်းတီးရွံ့ရှာတော်မူသည်၊ ထို့ကြောင့် ဣတိဝုတ်ပါဠိတော်မှာ...
ယော နိန္ဒိယံ ပသံသတိ၊ တံ ၀ါ နိန္ဒတိ၊ ယော ပသံသိယော ၀ိစိနာတိ၊ မုခေန သော ကလိံ ကလိနာ တေန သုခံ န ၀ိန္ဒတိ။
ကဲ့ရဲ့အပ်သူကို ချီးမွမ်းသူ၊ ချီးမွမ်းအပ်သူကို ကဲ့ရဲ့သူများသည် လက်လေးသစ်လောက် ခံတွင်းပေါက်ဖြင့် အပြစ်ကြီးများကို ဆည်းပူးသူမည်၏။ ထိုသူသည် ဘယ်တော့မှ ချမ်းသာကို မရ၊ ထို့ကြောင့် အရိယာသခင်ရဟန္တာအရှင်ကြီးများကို မပြစ်မှားကြရန်၊ ပုထုဇဉ်အစစ်ကို ရဟန္တာပါဟု အထင်လွဲမှား ကိုးကွယ်မမှားမိကြရန် အထူးသတိ ထားသင့်လှပေသည်။
ယော နိန္ဒိယေ ပုထုဇ္ဇနဘာဝေ ဋ္ဌိတံ ပါသံသံ အရိယဘာဝံ အာရောပေတွာ တံ မိစ္ဆာလဒ္ဓိံ အ ၀ိဿဇ္ဇ ပဂ္ဂယှ ဝေါဟာရတော သဂ္ဂေါပိ မဂ္ဂေါပိ ၀ါရိတော ယေ၀။ (ပဏ္ဏာသဋီကာ)
ကဲ့ရဲ့အပ်သော ပုထုဇဉ်အဖြစ်၌တည်သော ချီးမွမ်းဖွယ်မှုတစ်ခုခုကို ရဟန္တာအထိတင်စား၍ ထိုမှားသော အယူကို မစွန့်မူ၍ ချီးမြှောက်ခေါ်ဝေါ်သုံးစွဲနေသောသူအား လူ့ရွာတံခါး မဂ်ဖိုလ်နိဗ္ဗာန် ပိတ်ထားအပ်ပြီးသည် သာဖြစ်၏။
ပုထုဇဉ်အစစ်ကို “ရဟန္တာ ဖြစ်သည်” ဟု ပြောဆိုသုံးစွဲနေသူအား နတ်ရွာ၊ နိဗ္ဗာန်၊ မဂ်ဖိုလ်တံခါး ပိတ်ထားအပ်ပြီးသား ဖြစ်၏။
နောက်ဆက်ပြီး အဲဒီ “ပရမတ္ထ အဆီ မြတ်လယ်တီ” ကျမ်းစာအုပ် စာမျက်နှာ နံပါတ် ၂၄၃ ၌ မိန့်ဆိုထား သည်ကို ဖတ်ပါဦးလေ၊ အဖြေတွေ့လိမ့်မယ်။ (မင်းကွန်းဆရာတော်မေး၊ မန်လည်ဆရာတော်ဖြေ)
ရဟန္တာအမှန်ကို ပုထုဇဉ် ဒုဿီလပါဟု စွပ်စွဲဆဲရေးခြင်းနှင့် ပုထုဇဉ်အစစ် အမှန်ကို ရဟန္တာ ဧကန္တပါဟု ယုံကြည်လေးစား ပြောကြားခြင်းမည်သို့ ထူးပါသနည်း ဟု မေးသည်။
အရိယူပ၀ါဒကံနှင့် အပြစ်ချင်းအတူတူဟု ဖြေသည်။
ကဲ... အဲဒီစကားရပ်တွေဟာ “ပရမတ္ထအဆီ မြတ်လယ်တီ” ကျမ်းစာအုပ်မှာပါတဲ့ အဖြေစကားတွေပဲ၊ အဲဒီကျမ်းစာပါ အဖြေစကားတွေထဲက ဘာတွေများ မေးချင်သေးသလဲ၊ အခွင့်ပေးပါတယ်လေ။
ဒကာ။ ။ ပဏ္ဏာသဋီကာ ဆရာရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကလေးကို တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပေးပါ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား။
ဆရာ။ ။ အင်း... ဋီကာဆရာရဲ့ ဆိုလိုရင်းကတော့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကဲ့ရဲ့စရာ ကိလေသာအပြည့်ရှိနေသေးတဲ့ ပုထုဇဉ် ရဟန်းတော်တစ်ပါး၌ ကြည်ညိုဖွယ်ရာ ချီးမွမ်းစရာ ဂုဏ်တစ်ခုခုရှိနေတာ ကို တွေ့မြင်ရုံမျှဖြင့် ဟာ...ဤသူမြတ်ဟာ ရဟန္တာကြီးပဲဟု မှတ်စွဲလျက် ဦးဆောင်ပင့်ဖိတ်ကာ လူအပေါင်းတို့အား အရိယာရဟန္တာ အရှင်မြတ်ကြီး ကြွလာသောမူပြီ ပူဇော်ကြလော့ ပေးလှူကြလော့ ဖူးမြော်ကြလော့ စသည်ဖြင့် ကြွေးကြော်အော်ဟစ်ကာ ပူဇော်သကာပြုနေ၏။ ထိုမှားသောအယူကို မစွန့်လွှတ်ဘဲ ယူမြဲနေလို့ရှိရင် ထိုသူ၏ရပိုင်ခွင့် လူနတ်နိဗ္ဗာန်ကို အဲဒီမှားသော အယူအစွဲ ကံကတားမြစ်၏တဲ့၊ ထိုသူ သွားစရာလမ်းဟာ အပါယ်လေးပါးသာ ရှိတော့တယ်။
ဒါကြောင့် သာသနာတော်နဲ့စပ်၍ (ပြောတိုင်းယုံ ကြုံတိုင်းလိုက် ခိုင်းတိုင်းလုပ်မျိုး မဖြစ်ရအောင်) သတိ ပညာ ရှေ့ထားပြီးတော့ အကျင့်သိက္ခာ စာပေတတ်မြောက်တဲ့ မိမိတို့ ဆရာသမားထံ မေးမြန်းစူးစမ်းကာ ကိုးကွယ်ဆည်းကပ် ပူဇော်မှုပြုတတ်ကြဖို့ကို မေတ္တာစစ်တရားနဲ့ အထူးသတိပေး ပြောကြားလိုက်တယ်၊ ကဲ... ကျေနပ်ရဲ့လား၊အဲဒါ ဋီကာဆရာရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ပဲ။
ဒကာ။ ။ ကျေးဇူးတင် ၀မ်းသာစွာနဲ့ ကျေနပ်လှပါတယ် ဆရာတော်၊ ဒီနေရာမှာ စေတနာကောင်းပေ မယ့် အယူအစွဲယုံကြည်မှု ဉာဏ်ကလွဲမှားနေတော့ အဆိပ်ပင်ရေလောင်းသလို ဖြစ်နေတာကို သိရပါပြီ ဘုရား၊ တိမ်ယောင်ယောင်နဲ့ နက်နဲလိုက်တာ ဆရာတော်၊ ဒကာကြီးတို့က စေတနာကိုသာ ပဓါနလို့ ယူဆနေကြတာ။
ဆရာ။ ။ အင်း... စေတနာက ဘယ်နေရာမဆို ပါတာချည်းပေါ့၊ မိစ္ဆာဒိဋ္ဌိ အယူအစွဲထဲမှာလည်း စေတနာတွေ ပါတာပေါ့၊ အဲဒီစေတနာအလွဲမှားက အပါယ်လေးပါးထဲ ပို့ချတာ၊ ကျောက်ခဲ ဓါတ်တော်ထင်အောင်လည်း စေတနာရဲ့လက်ချက်ပဲ။
ဒကာ။ ။ မှန်ပါ့၊ သိပါပြီ ဆရာတော်၊ ဒီလို အဖြေမှန်သိရတာ ၀မ်းသာမဆုံး ပါဘူး၊ ရဲရဲတောက် အဖြေမို့ပါ ဆရာတော်။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ကုသိုလ်လုပ်တာ မိုက်လို့တဲ့? ကိလေသ၀ဋ်မပါတဲ့ သင်္ခါရ။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ကုသိုလ်လုပ်တာ မိုက်လို့တဲ့

ဒကာ ။ သင်္ခါရဟာ အ၀ိဇ္ဇာကြောင့် ဖြစ်တာ၊ လောကီကုသိုလ် သင်္ခါရဟာ အို၊ နာ၊ သေကိုသာ ပေးတတ်လို့ ကြောက်စရာကောင်းတာမို့ မိုက်လို့လုပ်ကြတာ မပြုကြနဲ့လို့ ဆရာအချို့က ဟောကြားနေတာ မှန်ပါသလား ဆရာတော်။
ဆရာ။ ။ အို... ဉာဏသမ္ပယုတ် ကုသိုလ်သင်္ခါရစစ်မှန်လျှင် ပြုသာပြုပါ ကြောက်စရာ မလိုပါဘူး၊ ၀ဋ်ဒုက္ခကို ရမှသာ ကြောက်ရတာ၊ သံသရာဝဋ် ဆင်းရဲကို အပြစ်မြင်ပြီး ကုသိုလ်လုပ်ဖို့ ပေးလှူဖို့သာ အရေးကြီးတာ ဖြစ်တယ်။
ဒုက္ခနယ်ထဲမှာ နစ်မျောနေရတဲ့ သင်္ခါရမကင်းသေးတဲ့ ဒုက္ခကောင်တွေက ကြီးကြီးကျယ်ကျယ် သင်္ခါရကုသိုလ်က သံသရာရှည်ကလေး ကြောက်စရာ ကောင်းသလေး မိုက်လို့ပြုတာလေးနဲ့၊ သာသနာဖျက်စကား အပါယ်လားမည့် အမှားတွေကို ပြောကြားနေကြတာ၊ သွားပြီး မယုံလိုက်နဲ့၊ မီးပုံထဲ အတူတူ ခုန်ဆင်းရတော့မှာ သေချာပေါက်ပဲ။

ဒကာ။ ။ တပည့်တော်တို့ နားလည်အောင် နည်းနည်းလောက် ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း... သဘောပေါက်အောင်လည်း နားထောင်မှဖြစ်မှာ၊ အ၀ိဇ္ဇာသဘောက ဒုက္ခသစ္စာ ဘ၀ဒုက္ခဆင်းရဲ အမှန်ကို မသိဘဲ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ လူ၊ နတ်ဘ၀ဟာ ချမ်းသာတာ အမှန်ပဲဟု အမှားကို စွဲယူသိမှတ်ကာ အမှန်ဟု ထင်နေသိနေတာ၊ အဲဒီတော့ ဘ၀ချမ်းသာကို လိုချင်တဲ့တဏှာဝင်လာ တာပေါ့၊ အဲဒီတဏှာက လိုချင်တော့ မရရင်မနေနိုင်အောင် စွဲလမ်းတဲ့ ဥပါဒါန်က သင်္ခါရနဲ့ ကမ္မဘ၀တို့နဲ့ ပေါင်းပြီး ပြုလုပ်တဲ့ ကုသိုလ်သင်္ခါရမျိုးကိုသာ ကြောက်စရာလို့မှတ်ရမှာ၊ သူကသာ ဘ၀သံသရာကို ရှည်လျားအောင် လုပ်နေတာ၊ သင်္ချိုင်းကုန်းပို့နေတာ။



ကိလေသ၀ဋ်မပါတဲ့ သင်္ခါရ

ထပ်ပြောမယ် နားထောင်ပါ။

အ၀ိဇ္ဇာ အမှားကိုပယ်ကာ ၀ိဇ္ဇာဉာဏ်အမှန်ကိုမြင်လျက် ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်ချမ်းသာကို သာ တောင့်တဆန္ဒပြုသော ဒါန၊ သီလ စတဲ့ကုသိုလ်သင်္ခါရသည် မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ရောက်အောင် ပို့ဆောင်ပေးတာ အမှန်လို့သာ ယုံကြည်စွာနဲ့ ပြုလုပ်ပါ။

အဲဒီကုသိုလ်သင်္ခါရမျိုးက အ၀ိဇ္ဇာမပါတဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ်မျိုးမို့ ၀ဋ်ဒုက္ခအကျိုးပေးစေကာ မူ ခဏမျှသာကြောက်စရာမို့ ကြောက်ကြောက်နဲ့ပင် ကြိုးစားပြီး ဆင်ခြင်ဉာဏ်နဲ့ ပြုလုပ်ပေတော့ သဘောပေါက် ရဲ့လား ဒကာကြီးတို့၊ ဘ၀ကို သာယာမှုတဏှာ မပါစေနဲ့ အဲဒါပဲ၊ ကဲ...တော်ပြီ။

ဒကာ။ ။ ကောင်းလိုက်တဲ့ အဖြေပါပဲဘုရား၊ သဘောပေါက်ရှင်းသွားပါပြီ ဆရာတော်၊ အ၀ိဇ္ဇာ တဏှာမပါတဲ့ ကုသိုလ်သင်္ခါရမျိုးပေါ့နော်။

ဒါနကုသိုလ်က နိဗ္ဗာန်မရ ၀ဋ်ဒုက္ခကိုသာ ပေးတာဆိုတာ မှန်သလား

ဒါနကုသိုလ်က နိဗ္ဗာန်မရ ၀ဋ်ဒုက္ခကိုသာ ပေးတာဆိုတာ မှန်သလား
ဒကာ။ ။ ဒါနကုသိုလ်ပြုသူဟာ သံသရာ ရှည်အောင် လုပ်တာ၊ နိဗ္ဗာန်ကို မရနိုင်ဘူးဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်။

ဆရာ။ ။ အို... မဟုတ်တရုတ် ပါးစပ်ပုပ်ကြီးနဲ့ ဒါနကို ဖယ်ရှားပြီး အပါယ်ငရဲသွားဖို့ အဖော်စု ပြောဆို နေတာတွေ မမှန်ပါဘူး၊ မယုံနဲ့ သာသနာဖျက် စကားတွေ။

ဒကာ။ ။ သည်လိုဆိုရင် ဒါနနဲ့ နိဗ္ဗာန်ရောက်ကြောင်း ပါဠိ အဋ္ဌကထာ သာဓကနဲ့ ထုတ်နုတ်ရှင်းပြပေး ပါဦး ဆရာတော်။

ဆရာ။ ။ ဒါနပြုပြု သီလဆောက်တည် ဆောက်တည် ဘာဝနာပဲ ပွားများပွားများ နိဗ္ဗာန်တရားကို အာရုံပြု ဆုတောင်းရတယ်၊ အဲဒါဟာ လိုရင်းအချုပ်ပဲ၊ သာဓကထုတ်စရာကတော့ သံယုတ္တအဋ္ဌကထာမှာ...

“ဣဒံ မေ ဒါနံ အာသ၀က္ခယာ ၀ဟာ ဟောတူတိ ဧ၀ံ ပန ၀ိဝဋ္ဋ ပတ္ထေန္တေန ၀ိဝဋ္ဋ ၀သေန သမ္မာပဋ္ဌပိတံ အရဟတ္တံပိ ပစ္စေက ဗောဓိဉာဏံပိ သဗ္ဗညုတညာဏံပိ ဒါတုံ သက္ကောတိယေ၀ အရဟတ္တံ အပတွာ ပရိယောသာနံ န ဂစ္ဆိတိ။ တဲ့၊ အဲဒီလို အဋ္ဌကထာဆရာက မှာဆိုထုတ်ပြထားတယ်၊ မြန်မာလိုကတော့ ဟောသည်အတိုင်း မှတ်ရမည်။

မိမိ၏ ဤဒါနသည် အာသ၀ကုန်ရာ နိဗ္ဗာန်သို့ ရောက်အောင်ပို့ဆောင်ပါစေသတည်း၊ ဤသို့ ၀ဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကိုသာ မှန်ကန်စွာ တောင့်တရည်သန်သော ကုသိုလ်ကံသည် ပကတိသာဝက၊ အဂ္ဂသာဝက၊ မဟာသာဝက အဖြစ်ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါအဖြစ်ကိုလည်းကောင်း၊ သဗ္ဗညုဘုရား အဖြစ်ကိုလည်းကောင်း မုချပေးစွမ်းနိုင်၏... တဲ့။

အဲဒီ ဒါနရဲ့ ပတ္ထနာစွမ်းအင် သတ္တိဟာ ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ မရောက်မချင်း ဘ၀တွေ ဘယ်လောက်ပင် သွားရောက်လည်ပတ်နေစေကာမူ မကုန်မခန်း လမ်းဆုံးသို့ မရောက်နိုင်ပါဘူးတဲ့။

ကဲ....ရှင်းရဲ့ လင်းရဲ့လား၊ ဝေလာမသုတ် သံယုတ်ပါဠိတော်၏ အဖွင့်ဖြစ်တဲ့ အဲဒီ အဋ္ဌကထာစကားကို နှုတ်ရ အာဂုံကျက်ပြီးတော့ ဒါနသီလတို့ဟာ သံသရာ မရှည်ကြောင်း နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်ဆိုတာ ရှင်းပြဟောကြားကာ သားစဉ်မြေးဆက် မှတ်ပေတော့။

ဒကာ။ ။ မှန်ပါ့၊ ဒါနကိုပယ်ရှားတဲ့ အပါယ်လားသမားတွေရဲ့ စကားကို နားမထောင်တော့ပါဘူး ဆရာတော်။

ကုသိုလ်လုပ်လို့ ကုသိုလ်ရတာ ဟုတ်ရဲ့လား

ကုသိုလ်လုပ်လို့ ကုသိုလ်ရတာ ဟုတ်ရဲ့လား
ဒကာ။ ။ အချို့လူတွေက ကုသိုလ်လုပ်ရင် ကုသိုလ်ရတာပေါ့၊ ကုသိုလ်လုပ်ရင် ကုသိုလ်ရမှာပေါ့ဟု ပြောနေကြတာ မှန်ပါသလား ဘုရား။
ကုသိုလ်လုပ်ရင် ကုသိုလ်ရဲ့ အကျိုးဖလ လုပ်ခ၀ိပါက်ကိုသာရမှာ မဟုတ်ပါလား ဆရာတော်၊ ဒါ့ကြောင့် ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း.. ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ်ဆိုတာလည်း မှန်တယ်၊ ကုသိုလ်လုပ်ရင် ကုသိုလ်ရဲ့ အကျိုးဖလ လုပ်ခ၀ိပါက်ရတယ်ဆိုတာလည်း မှန်တာပဲ၊ ရှာရှာဖွေဖွေ တော်တော်မေးတဲ့ သူတွေပဲကိုး။
ဒကာ။ ။ ကုသိုလ်လုပ်လို့ ရတဲ့ကုသိုလ်ကို ရှင်းပြပါဦးဆရာတော်၊ ပါဠိတော်မထောက် သာဓကများနဲ့ မှတ်သားရအောင်ပါဘုရား၊ ပြဿနာကပေးလို့ မေးရတာပါ။
ဆရာ။ ။ အင်း.. ၀ိပဿနာကုသိုလ် ပြုလုပ်ပွားများရင် မဂ်ကုသိုလ်ကို ရနိုင်တယ်၊ ပါဠိအထောက်အထားကတော့ ပဋ္ဌာန်းကျမ်းကြီးထဲမှာ များစွာပဲ ပါရှိပါတယ်။
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော...လို့ ပဋ္ဌာန်းပါဠိတော် ပဥှာဝါရမှာ ဟောတော်မူတယ်၊ အဲဒါဟာ ကုသိုလ်လုပ်လို့ ကုသိုလ်ရတယ်လို့မှတ်၊ ၀ိပဿနာ ပွားများအားထုတ်တာက ကာမာဝစရ ဉာဏသမ္ပယုတ် လောကီကုသိုလ်၊ ယင်းကြောင့် ရတာက လောကုတ္တရာ မဂ်ကုသိုလ်တွေဖြစ်တယ်၊ အဲဒါဟာ ကုသိုလ်လုပ်လို့ ကုသိုလ်ရတာပေါ့၊ တိုတိုပဲ ထပ်မမေးနဲ့။
ကုသိုလ်လုပ်လို့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ ၀ိညာဉ် နာမ်ရုပ်စတဲ့ ၀ိပါက်အကျိုးဖလတွေ ရတာကိုတော့ ပြောစရာ မလိုတော့ပါဘူး၊ လူတိုင်း သိပြီးသားပဲဟာ။
ဒကာ။ ။ မှန်ပါ့၊ ရှင်းပါပြီ ဆရာတော်၊ ၀ိပဿနာကုသိုလ်က မဂ်ကုသိုလ်ကိုပေးတာကို ယုံကြည်ပါတယ် ဘုရား။
ဆရာ။ ။ အင်း... ဟုတ်တယ်၊ ၀ိပဿနာ ဉာဏ်စဉ်ဆယ်ပါးထဲမှာ ဆယ်ခုမြောက် အနုလောမဉာဏ်က နေပြီး ပေါင်းကူးကာ မဂ်ကုသိုလ်ကို ပို့ပေးလိုက်တာပဲ၊ သိချင်ရင် ၀ိပဿနာတရားပွားများအားထုတ်ပါ၊ ဒါဟာ ဒကာကြီးတို့ အလုပ်ပဲ၊ ဂေါတြဘူတွေ၊ ဝေါဒါန်တွေ ပွေမလာနဲ့ တော်ပြီ။
ဒကာ။ ။ ကောင်းပါပြီ ဆရာတော်၊ အလုပ်ကိစ္စတွေပြီးရင် အားထုတ်ပါမည့် ဘုရား။
ဆရာ။ ။ အင်း... ကိစ္စပြီးအောင် စောင့်နေ၊ အလုပ်ကိစ္စက သေတာတောင် ပြီးမှာ မဟုတ်ဘူး။
စုတိကိစ္စနဲ့ သေပြီးတော့ကာ ပဋိသန္ဓေကိစ္စ တစ်ခါဖြစ်၊ အလုပ်ကိစ္စတွေက ဆက်နေတာနော်၊ ကိုင်း.... သွားတော့၊ နောက်ကို ကိစ္စပြီးမှဆိုတဲ့ အသုံးမျိုးမသုံးပါနဲ့၊ ကုသိုလ်လုပ်လို့ ကုသိုလ်ရချင်ရင် ၀ိပဿနာတရားကို အားထုတ်ပါ ဒါပဲ။
ဒကာ။ ။ မှန်ပါ့၊ အမိန့်တော်အတိုင်း အလုပ်ကိစ္စ ကြားထဲကပဲ ၀ိပဿနာတရားကို ပွားများအားထုတ် ပါမည် ဘုရား။

လောကုတ္တရာ သင်္ခါရဆိုတာ ဘယ်ဟာမျိုးပါလဲ? မဂ်စိတ် ဖိုလ်စိတ်ဟာ ဒုက္ခသစ္စာလော။

လောကုတ္တရာ သင်္ခါရဆိုတာ ဘယ်ဟာမျိုးပါလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာတရားတော်က သင်္ခါရနယ် အသင်္ခါရနယ်ဟု ဆင်းရဲနှင့် ချမ်းသာ နယ်နှစ်မျိုး သတ်မှတ်ထားရာ လောကီတရားစုမှန်သမျှ သင်္ခါရ ဒုက္ခသစ္စာ၊ လောကုတ္တရာတရားကား ချမ်းသာအစစ် နိရောဓအစစ်ဟု သတ်မှတ်တာ ကြားဖူးပါတယ်။
သို့ဖြစ်ရာ အချို့ဆရာတို့၏ လောကုတ္တရာ သင်္ခါရဟု ဟောပြောသံကို ကြားရပြန်သောကြောင့် လောကုတ္တရာ သင်္ခါရရယ်လို့ ရှိပါသလား ဆရာတော်၊ ဘယ်ပါဠိအဋ္ဌကထာမှာ ပါ ပါသလဲ ရှင်းပြပေးပါဦး ဘုရား။

ဆရာ။ ။ ဟုတ်တယ် ဒကာကြီးတို့ရဲ့၊ သည်အမေးမျိုးမှာတော့ ပါဠိစာပေမှာ သင်္ခါရနဲ့ မလာဘူး၊ သင်္ခတနဲ့လာတယ်၊ သဘောချင်းကတော့ အတူတူပါပဲ၊ ပြောင်းလဲဖြစ်ပျက်မှုကို သင်္ခါရ၊ သို့မဟုတ် သင်္ခတလို့ ခေါ်ကြတယ်။
အခု ဒကာကြီးတို့ကို ပြန်မေးဦးမည်၊ လောကုတ္တရာတရားက ဘယ်လောက်ရှိသလဲ၊ ဘယ်ဟာတွေလဲ။
ဒကာ။ ။ လောကုတ္တရာတရားက ကိုးပါးရှိပါတယ် ဆရာတော်၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တို့ ဖြစ်ပါတယ်။
ဆရာ။ ။ အဲဒီ ကိုးပါးထဲမှာ မဂ်လေးပါးနဲ့ ဖိုလ်လေးပါးတို့ဟာ သင်္ခတ(သင်္ခါရ)နယ်မြေထဲမှာပဲ ရှိသေးတယ်၊ သူတို့မှာ ဖြစ်ပျက်မှုရှိနေကြတယ်၊ မဂ်စိတ်တစ်ကြိမ် ဖြစ်ပျက်ပြီးနောက် ဖိုလ်စိတ်ပေါင်းများစွာတို့ ဟာ ဖြစ်ပျက်နေကြတယ်၊ မကြာမကြာလည်း ဖိုလ်ကို ၀င်စား ၀င်စားနေကြတာကိုး၊ အဲဒါကြောင့် သူတို့ကို လောကုတ္တရာသင်္ခတတရားလို့ ခေါ်တယ်။
တရားဂုဏ်တော်ခြောက်ပါးထဲက သြပနေယျိက ဂုဏ်တော်အဖွင့်မှာ = (သင်္ခတေ လောကုတ္တရဓမ္မေ ယုဇ္ဇတိ) လို့ ဖွင့်ထားတယ်၊ ဒါကြောင့်မို့ မဂ်ဖိုလ်တရားကို လောကုတ္တရာ သင်္ခတဓမ္မလို့ မှတ်ယူပေတော့၊ ကဲ... ကျေနပ်ရဲ့လား၊ အကျယ်ကိုတော့ သြပနေယျိကဂုဏ်တော်အဖွင့်မှာ ကြည့်ပေါ့။

မဂ်စိတ် ဖိုလ်စိတ်ဟာ ဒုက္ခသစ္စာလော
ဒကာ။ ။ မှန်ပါ့၊ ကျေနပ် ရှင်းလင်းပါပြီ ဆရာတော်၊ မဂ်စိတ် ဖိုလ်စိတ်တို့က ဖြစ်ပျက်မှု ရှိနေသေးတာကိုး ဘုရား၊ ဒုက္ခသစ္စာပေါ့နော်.... ဘုရား၊ လောကုတ္တရာဒုက္ခမျိုးလား ဆရာတော်၊ ရှင်းပြပါဦး။
ဆရာ။ ။ အင်း.. ဖြစ်ပျက်မှု ရှိတယ်ဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် သူတို့ကို ဒုက္ခသစ္စာ ဆင်းရဲထဲ မထည့်ရဘူးနော်၊ ဒီမဂ်စိတ်နဲ့ မဂ်ဖိုလ်စိတ်တို့ဟာ သစ္စာမထိုက်ဘူး၊ သစ္စ၀ိမုတ်တရားတွေ ဖြစ်တယ်၊ သစ္စာထဲ သွားမထည့်နဲ့ မှားကုန်လိမ့်မယ်။
ဒကာ။ ။ ဒီလိုဆိုရင် သူတို့ဟာ နိရောဓသစ္စာမှ မဟုတ်ဘဲဟာ၊ ဖြစ်ပျက်ဒုက္ခသစ္စာထဲ မပါဘူးလား ဆရာတော်၊ ဘာ့ကြောင့်ပါလဲ၊ နည်းနည်းလောက် တိုတိုပေါ့ဘုရား၊ မိန့်ကြားပါဦး။
ဆရာ။ ။ အင်း... ဖြစ်ပျက်မှုရှိနေပေတဲ့ အဲဒီဖြစ်ပျက်စိတ်တွေက အစဉ်အေးငြိမ်းချမ်းသာတဲ့ နိဗ္ဗာန်တစ် ခုတည်းကိုသာ သိနေလို့ ဒုက္ခသစ္စာလို့လည်း မဆိုရဘူး၊ ဖြစ်ပျက်ခြင်းမှ ချုပ်ငြိမ်းမှု မရှိသေးလို့ နိရောဓသစ္စာ မဟုတ်တဲ့ သင်္ခတချမ်းသာ အစစ်တစ်မျိုးလို့ပဲ မှတ်ပေတော့၊ နောက် ဆက်မမေးနဲ့ တော်ပြီ၊ ခန္ဓာဆက်လာရင် ရှည်နေဦးမယ်။
ဒကာ။ ။ ရိုသေစွာ ရှိခိုးပါတယ် ဆရာတော်၊ ပြန်ခွင့်ပြုပါတော့ ဘုရား။
ဆရာ။ ။ သုခိတာ ဟောထ၊ ဒုက္ခာ မုဉ္စထ။

Thursday, June 24, 2010

ဗုဒ္ဓမြတ်စွာသည် ဘ၀သံသရာရှိကြောင်းကို လက်ခံ အားပေးပါသလား၊ ဇောတိက အနာထပိဏ် ဘ၀မျိုးကို ရယူနိုင်ရန် ဗုဒ္ဓ ဟောကြား အားပေး လက်ခံတယ် မဟုတ်လား

ဗုဒ္ဓမြတ်စွာသည် ဘ၀သံသရာရှိကြောင်းကို လက်ခံ အားပေးပါသလား
ဒကာ။ ။ ဗုဒ္ဓဘုရားသည် လူနတ်ဗြဟ္မာ စည်းစိမ်ချမ်းသာခေါ်တဲ့ ဘ၀သံသရာရှိကြောင်းကို လက်ခံအားပေးပါသလား ဆရာတော်။

ဆရာ။ ။ မြတ်ဗုဒ္ဓသည် မိမိကိုယ်တိုင် ဘ၀အမျိုးမျိုး၌ ဖြစ်ရှိလာခဲ့ဖူးရကြောင်းများနှင့် ထိုထို ဇာတကပါဠိတော်တို့၌ ဟောကြားတော် မူခဲ့သောကြောင့် ခန္ဓာ၊ အာယတန၊ ဓါတ်ခေါ်တဲ့ ဘ၀သံသရာရှိကြောင်းကို လက်ခံတော်မူသည်ဟု ပြောနိုင်တယ်။
သို့သော် ယင်းကို လက်ခံသော်လည်း ဘ၀သံသရာကို မသာယာ မခင်မင် မလိုချင် မတပ်မက် မဆာလောင် မစွဲလမ်းရန်ကိုကား အပြစ်အမျိုးမျိုးပြ၍ ပယ်ရှားရန် ဟောကြားတော်မူသည်၊ ဘ၀ရှာမှီးရေးကို အားပေးတော်မမူဘူး၊ ဘ၀ကို ဒုက္ခသစ္စာနှင့် ပြ၍ လွန်မင်းစွာ စက်ဆုပ်ရွံရှာတော်မူသည်။ အင်္ဂုတ္တရ ဧကဓမ္မသုတ်တော်၌..
ရဟန်းတို့ အနည်းငယ်မျှသောမစင်၊ ကျင်ကြီးသည် စက်ဆုပ်ဖွယ်ရာ မကောင်းသော အနံ့ကိုသာ နံစော် စေသလို ငါဘုရားသည် အနည်းငယ်မျှသော ဘ၀အဖြစ်ကိုမျှ အားပေး ချီးမွမ်းတော် မမူပေဟု ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ၍ ဟောကြားတော်မူခဲ့တယ်။

ဇောတိက အနာထပိဏ် ဘ၀မျိုးကို ရယူနိုင်ရန် ဗုဒ္ဓ ဟောကြား
အားပေး လက်ခံတယ် မဟုတ်လား
ဒကာ။ ။ ဒီလိုဆိုရင် လောကမှာ ဇောတိက ဇဋိလ ကာကောဏ္ဏ ၀ိသာခါ အနာထပိဏ် စတဲ့ သူဋ္ဌေးကြီးတွေ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း ဘ၀စည်းစိမ် ချမ်းသာတွေကို ဗုဒ္ဓဘုရား ဘာ့ကြောင့် ချီးမွမ်းဟော ကြားတော်မူပါသလဲ ဆရာတော်။
ဆရာ။ ။ အင်း... အဲဒီဘ၀မျိုးတွေကို အားပေးရယူနိုင်ဖို့ ဟောတာ မဟုတ်ဘူး၊ ယင်းဘ၀တို့ရဲ့ အို၊ နာ၊ သေ၊ ကွဲ ဆင်းရဲဒုက္ခကို ပြချင်လို့ဟောတာ၊ အ၀ိဇ္ဇာ၊ တဏှာ ဦးစီးပြီးလုပ်တဲ့ ကုသိုလ်ကံကြောင့် ရလာတဲ့ဘ၀မှန် သမျှ မုချပျက်ရမည့် အနိစ္စလက္ခဏာနဲ့ ခိုင်မြဲအောင် စိုးပိုင်ချုပ်ထိန်းလို့မရတဲ့ အနတ္တလက္ခဏာကို ပြချင်လို့ ဟောကြားတော်မူတာသာ ဖြစ်တယ်။
ဘ၀ဆိုတဲ့ ဖြစ်သဘောဟာ ၀ယဆိုတဲ့ ပျက်သဘောကိုသာ ဒလဟောပို့ဆောင်နေတာမို့ ဘယ်သူဟာ ဘယ်ကုသိုလ်ကြောင့် ဘယ်ဘ၀၌ဘယ်လို ကြီးကျယ်မြင့်မားတဲ့ စည်းစိမ်ချမ်းသာကြီးတွေကို ခံစားစံစားနေရပေ မယ့် မခိုင်မမြဲ ပျက်စီးခြင်းထဲသို့သာ ရောက်ရကြောင်းကို အမှန်သိစေဖို့အတွက်သာ ဟောတော်မူတာ။
ဘ၀ဖြစ်ခန်းတွေဟူသမျှ ဒုက္ခချည်းသာဖြစ်လို့ မြတ်ဗုဒ္ဓ ရွံမုန်းစက်ဆုပ်တော်မူတယ်၊ ချီးမွမ်းအားပေးမှု ဘယ်သောအခါမျှ ပြုတော်မမူဘူး ဒကာကြီးတို့။
ဘ၀ကို အကောင်းထင် သာယာလိုချင်မှု အ၀ိဇ္ဖာ၊ တဏှာ မပါတဲ့ ဘ၀ပြတ်လုပ်ငန်းကိုသာ ဗုဒ္ဓလိုလား နှစ်သက်လက်ခံ အားပေးတော်မူတယ်လို့ မှတ်ပါ၊ ဒါပဲ။
ဒကာ။ ။ အားရကျေနပ်လှပါတယ် ဆရာတော်၊ ဘ၀ကိုလည်း မရယူမရှာမှီးချင်တော့ပါဘူး ဘုရား။

ပဋိသန္ဓေနေတယ်၊ စုတိတယ် ဆိုတာ ဗုဒ္ဓနည်းက ဘယ်လိုဟာကို ခေါ်ဆိုပါသလဲ

ပဋိသန္ဓေနေတယ်၊ စုတိတယ် ဆိုတာ ဗုဒ္ဓနည်းက ဘယ်လိုဟာကို ခေါ်ဆိုပါသလဲ
ဒကာ။ ။ ကိုယ်ဝန်တည်တယ် ပဋိသန္ဓေနေတယ် ဆိုတာရယ်၊ စုတိပြတ်ကြွေ သေတယ်ဆိုတာရယ်၊ အဲဒီနှစ်ချက်ကို ဒကာကြီးတို့ အကွက်လည်အောင် ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ အင်း... ဒီအမေးကို အကွက်လည်အောင် ရှင်းပြဖို့က အဘိဓမ္မာနည်းရော သုတ္တန်နည်းပါ စုံမှဖြစ်မှာ။
ဒကာ။ ။ မှန်ပါ့ တိုတိုနဲ့ အကွက်လည်ပြီး နားလည်အောင် အမိန့်ရှိပါ ဆရာတော်၊ ဒကာကြီးတို့ရဲ့ နားနဲ့ တန်တဲ့ စကားအသုံးကိုသာပေါ်လွင်အောင် ပြောကြားပါ ဘုရား၊ အဘိဓမ္မာနည်း နက်နဲခက်ခဲတဲ့ စကားတွေနဲ့တော့ မလုပ်ပါနဲ့၊ နားလည်းလည်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာ။ ။ ကိုင်း.. ဒါဖြင့် နားထောင်ပေတော့၊ မြတ်စွာဘုရားဟောကြားတဲ့ အဘိဓမ္မာတရားက ခဏမစဲ အမြဲပြောင်းလဲ ပျက်စီးနေသော ရုပ်ဓမ္မနဲ့ နာမ်ဓမ္မမှတစ်ပါး မြဲသော နိစ္စ၊ အသက်ဇီဝ၊ ငါ၊ ငါ့ဟာ ဆိုတဲ့ အတ္တတို့ကို လုံးဝလက်မခံဘူး ဒကာကြီးတို့ရ၊ ပြီးတော့ အဲဒီစုတိနဲ့ ပဋိသန္ဓေဟာလည်း သတ္တ၀ါတွေ နားလည်သဘောကျ အောင် ပြောပြရဖို့က အင်မတန့်ကို ခက်ခဲပါတယ်လို့ အဋ္ဌကထာဆရာကြီးများ ညည်းညူတော်မူကြတဲ့ အရာဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ခက်ခဲလို့ မပြောဘဲနေရင် သာပြီးတော့ မသိကြလို့ လွဲမှားသော အယူဝါဒတွေ ဖြစ်ကုန်မှာ စိုးရိမ်မကင်းလို့ ဖြေရှင်းပေးပါ ဆရာတော်။
ဆရာ။ ။ အင်း.. ဗုဒ္ဓမြတ်စွာ၏အဘိဓမ္မာအလိုတော်က ရုပ်နာမ်ဓမ္မ၏ ဖြစ်ပျက်မှု အဟုန်အလျင်မှတစ် ပါး တခြားသော နိစ္စ၊ ဇီဝ၊ အတ္တ၊ အတ္တနိယ ဆိုတာတွေကို ဘာတစ်ခုမှ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီနော်၊ ဒါ့ကြောင့် ၀စ္ဆဂေါတ္တသုတ္တန်နည်းနဲ့ အဘိဓမ္မာနည်း စပ်ပြီးတော့ ဖြေလိုက်မည်။
စုတိ၊ သေတယ်ဆိုတာ စိတ္တ၊ မန၊ ခေါ်တဲ့ ၀ိညာဉ်၏ မှီရာရုပ်အစုအလျဉ်မှ တစ်ခုသော စိတ္တ၊ မန၊ ၀ိညာဉ်အလျဉ်၏ ရွေ့လျော ပျက်စီးသွားခြင်းကို သေတယ်၊ စုတိကျတယ်လို့ မှတ်ရမည်။
ရုပ်ကိုမှီးပြီးတော့ ဖြစ်ပေါ်သိရှိလာတဲ့ စိတ်ဝိညာဉ်ကလေးတစ်ခု သိပြီးတော့ ပျက်သွားတာကို စုတိကျ တယ်၊ သေတယ်လို့ ခေါ်တယ်။
ပဋိသန္ဓေနေတယ်.. ဆိုတာက စိတ္တ၊ မန၊ ခေါ်တဲ့ တစ်ခုသော ၀ိညာဉ်အလျဉ်က အခြားတစ်ခုသော ရုပ်အစုအလျဉ်ထဲ အာရုံယူကာ ၀င်စွဲဖြစ်ပေါ်သွားတဲ့ ခဏတစ်ခုကို ဇာတိ ပဋိသန္ဓေနေတယ်....လို့ မှတ်ယူရမည်။
အဲဒီအဖြေနည်းအောက် တိုပြီးတော့ ကျဉ်းပြီးတော့ ဖြေလို့မရတော့ဘူး၊ အဲဒါဒကာကြီးတို့အကြိုက် တိုတိုနဲ့ အကွက်လည်အောင် ဖြေတဲ့နည်းပဲ၊ နားလည်အောင် ကြံစည်ပါ၊ ကြံစည်ရင်း သဘောပေါက်နားလည် လာလိမ့်မည်၊ မလျှော့နဲ့ စိတ်ဟောင်းပျက်နဲ့ စိတ်သစ်ဖြစ် အဲဒီနှစ်ခု အစပ်ကို ပဋိသန္ဓေ နေတယ်လို့ မှတ်ပေါ့။
ဒကာ။ ။ အဟုန်အလျဉ်ဆိုတာက ဘာကိုပြောတာပါလဲ ဆရာတော်၊ အနည်းငယ်ရှင်းပြပါဘုရား။
ဆရာ။ ။ အဟုန်အလျဉ်ဆိုတာ ရုပ်ဓမ္မရော နာမ်ဓမ္မပါ အဟောင်း အဟောင်းတွေ သေပျက်ပြီး အသစ် အသစ်တွေ မရပ်မနားဘဲ အမြဲမပြတ် တရစပ် လျှောက်ဖြစ်(ပဋိသန္ဓေ) နေတဲ့ အမြန်ဆုံးသောနှုန်းကိုခေါ်တာ၊ တော်ပြီ၊ ရပ်တော့။
ဒကာ။ ။ ဒီလိုဆိုရင် ရုပ်နာမ်တွေဟာ အမြဲပဲ (စုတိနဲ့ပဋိသန္ဓေ) သေ၊ ဖြစ်နေတာပဲ၊ အားရကျေနပ်လှပါ တယ် ဆရာတော်။

သမာဓိဆိုတာ ဘာလဲ ဘယ်နှစ်မျိုး ရှိသလဲ

သမာဓိဆိုတာ ဘာလဲ ဘယ်နှစ်မျိုး ရှိသလဲ
ဒကာ။ ။ သမာဓိအလုပ် သမာဓိထူထောင်တယ်ဆိုတာ ဘယ်ဟာကို သမာဓိအလုပ် ခေါ်တာပါလဲ၊ သမာဓိအဓိပ္ပါယ်က ဘာကိုဆိုလိုတာပါလဲ၊ သမာဓိမျိုးက ဘယ်လောက်များရှိပါသလဲ ဆရာတော်၊ တိုတိုတုတ်တုတ်နဲ့ ဒကာကြီးတို့ လုပ်တတ်အောင် ရှင်းပြပေးပါ ဘုရား။

ဆရာ။ ။ သမာဓိက ရိုးရိုးတော့ နှစ်မျိုးပဲရှိတယ် ဒကာကြီးတို့ရ။
၁။ မိစ္ဆာသမာဓိ = သူ့သဘောက မကောင်းသော အကုသိုလ် လောဘ၊ တဏှာ၊ လိုချင်ဇော ရမ္မက်ထဲ၌ စွဲမြဲတည်ငြိမ်နေခြင်းကို ဆိုတယ်။
ပုံပမာ။ ။ မုဆိုးတို့ သားကောင်ပစ်သတ်ဖမ်းယူရန် ချောင်းနေသောအခါ သား ကောင်လန့်မသွားရန် ကိုယ်စိတ်ငြိမ်သက်စွာ တည်နေလျက် သားကောင်ထဲမှာပဲ တစ်ခုတည်း သော စိတ်ထားစောနေခြင်းမျိုး၊ ထို့အတူ ငါးမျှားနေသောတံငါတို့၊ ကျားကစားနေသူ၊ စစ်တုရင်ကစားနေသူ၊ ပိုကာဒေါင်းနေသူတို့ စိတ်မျိုးဟာ သူ့ကိုနိုင်ဖို့စိတ်တစ်ခုတည်း ဖြစ်ရှိတည်ငြိမ်နေတာမျိုး ဖြစ်တယ်။
၂။ သမ္မာသမာဓိ = ရဲ့ အနက်အဓိပ္ပါယ်က အပြစ်မရှိသော အာရုံကုသိုလ် အလုပ်ထဲ၌ စိတ်ကိုထားခြင်း၊ ယင်းထဲ၌ စိတ်တည်ကြည်ခြင်း ဖြစ်တယ်၊ (ဘာဝနာထဲ၌ သတိမမေ့ခြင်းပဲ။)
သမ္မာသမာဓိ အလုပ်ဆိုတာက ပထ၀ီကသိုဏ်း၊ အသုဘ စတဲ့ သုံးဆယ်ရှစ်ပါး အပြားလေးဆယ်ရှိတဲ့ အလုပ်လုပ်စရာ ကမ္မဋ္ဌာန်းတရားစုကို ဆိုတယ်။
စိတ်တည်ကြည်မှုဖြစ်တဲ့ သမ္မာသမာဓိရဲ့ အမျိုးအပြားကတော့ သုံးပါးလို့ပဲ လွယ်လွယ်တိုတိုနဲ့ မှတ်ပေါ့။
၁။ ဥပစာရ သမာဓိ = ထွက်လေ၀င်လေ အာနာပါနဿတိ၊ သို့မဟုတ် ပထ၀ီကသိုဏ်း စတဲ့ အာရုံကို ရှုမှတ်ပွားများသောအခါ ဈာန်ခေါ်တဲ့ အပ္ပနာသမာဓိရဲ့ အနီးအနား ရောက်အောင် တည်ကြည်နေတဲ့ သမာဓိကို ဥပစာရ သမာဓိလို့ ခေါ်တယ်။
၂။ ဈာနသမာဓိ = (အပ္ပနာသမာဓိ) ဈာန်အပိုင်းသို့ရောက်ကာ ဈာန်ရသွား၍ တည်ကြည်နေတဲ့ သမာဓိမျိုးကို ဈာနသမာဓိလို့ ခေါ်တယ်။
၃။ ခဏိကသမာဓိ = ခဏိက သမာဓိက အရာကျယ်တယ်၊ အနုဿတိ ဆယ်ပါးထဲက ဗုဒ္ဓါနုဿတိ ခေါ်တဲ့ အရဟံဂုဏ်တော် စသည်ကို အာရုံပြုပွားများတဲ့အခိုက် အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ် တစ်ခုချင်းအပေါ်မှာ တည်တည်သွားတဲ့ စိတ်တစ်ခဏ တည်တံ့မှုသဘောမျှကလေးကို ခဏိကသမာဓိလို့ ခေါ်တယ်။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ အဲဒီ သမာဓိမျိုး သုံးပါးထဲမှာ ဘယ်သမာဓိဟာ တန်ဖိုးအရှိဆုံးပါလဲ ဆရာတော်။
ဆရာ။ ။ ခဏိကသမာဓိ ၀ိပဿနာလုပ်ငန်းဟာ တန်ဖိုးအရှိဆုံးပဲ၊ ၀ိပဿနာသမာဓိ အလုပ်သဘောက ဘုရားသာသနာတော်အတွင်းမှာသာ ပေါ်ရှိတာဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်အထိ ရရှိခံစားရလို့ အို၊ နာ၊ သေ ဘေးတို့မှ ကင်းဝေးလွတ်မြောက်နိုင်တယ်၊ အတိုင်းမသိ တန်ဖိုးရှိတယ်။ ကျန်တဲ့ ဥပစာရသမာဓိ ဈာနသမာဓိတို့က သာသနာပကာလမှာလည်း ရှိနေကြတာပဲ၊ ဗြဟ္မာ့ပြည်လောက်သာ ပို့စေနိုင်လို့ သင်္ချိုင်းကုန်းက မလွတ်သေးဘူး၊ အို၊ နာ၊ သေ မှုတွေ ရှိနေသေးတယ်၊ ကဲ… သဘောကျရဲ့လား၊ ခုခေတ် ဇင်သမားတွေရဲ့ သမာဓိမျိုးပေါ့။
ဒကာ။ ။ ရှင်းလင်းစွာနဲ့ သဘောကျပါတယ် ဆရာတော်၊ အို၊ နာ၊ သေမှု တွေသာ ပေးနေတဲ့ ဇင် သမာဓိမျိုးကိုတော့ မလိုချင် မလုပ်ချင်တော့ပါဘူး ဘုရား။

နိစ္စပတ်ဝတ်လား၊ နိစ္စဘတ်ဝတ်လား

နိစ္စပတ်ဝတ်လား၊ နိစ္စဘတ်ဝတ်လား
ဒကာ။ ။ အချို့အချို့ ပုဂ္ဂိုလ်တွေက နိစ္စဘတ်ရှိရမည်၊ နိစ္စဘတ်ဝတ်ပြုရမည်ဟု ဟောပြောနေကြတာ နိစ္စဘတ်ဝတ်ဆိုတာ ဘာစကားလဲ၊ အဓိပ္ပါယ်လေးသိပါရစေ၊ ဆရာတော်က မြန်မာအဘိဓါန်ကျမ်းပြုမို့ မေးရတာပါ ဘုရား။

ဆရာ။ ။ အင်း…. ကြံကြံဖန်ဖန် ဒီဟာမေးတာ ဒီတစ်ယောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် မေးတာက နိစ္စပတ်လား၊ နိစ္စဘတ်လား ဒကာကြီးတို့ရ၊ နိစ္စဘတ်လည်း ရှိတယ် “နိစ္စပတ်” လို့လည်း ခေါ်ဆိုကြတယ်။

ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးတို့ ကြားဖူးတာကတော့ ဓမ္မကထိကတွေ ဟောကြတာဖြင့် နိစ္စဘတ်ဝတ်၊ နိစ္စဘတ်ဝတ်ဆိုတာပဲ ကြားဖူးလို့ပါ ဆရာတော်။
ဆရာ။ ။ ကဲ…နားထောင်၊ အနုဿတိကမ္မဋ္ဌာန်း စာဂါနုဿတိအပိုဒ်မှာ ၀ိသုဒ္ဓိမဂ်ဆရာတော် ဖွင့်ပြထားပုံ ပါဠိလာရှိတာက….
စာဂါနုဿတိံ ဘာဝေတုကာမေန ပန ပကတိယာ
စာဂါမိမုတ္တေန နိစ္စပ၀တ္တဒါနံ သံဝိဘာဂေန ဘ၀ိတဗ္ဗံ။
ယင်းဆိုလိုချက်က စွန့်လွှတ်ပေးကမ်းမှု (ဒါန) စာဂကို ပွားများပြုလုပ်လိုသောသူသည် ပေးလှူလိုသော စိတ်ဖြင့် လှူဖွယ် ၀တ္ထုကို အမြဲမပြတ် ဝေဖန်ပိုင်းဖြတ် ပေးလှူအပ်၏တဲ့။ အဲဒီပါဠိထဲမှာ “နိစ္စပ၀တ္တဒါန” ဆိုတာ ပါတယ်၊ အဲဒီ “နိစ္စ ပ၀တ္တ ဒါန” ကို နိစ္စပတ်ဒါနလို့ ခေါ်ဆိုကြတာဖြစ်တယ်၊ “နိစ္စပတ်ဝတ်” လို့လည်း ခေါ်တယ်။
ဒကာ။ ။ အနို့ နိစ္စဘတ်ဆိုတာကကော ဆရာတော်၊ အဓိပ္ပါယ်လေး ပြောကြားပေးပါဦး ဘုရား၊ သိပါရစေ။
ဆရာ။ ။ နိစ္စဘတ် ဆိုတာက “နိစ္စ ဘတ္တ” ပါဠိက ဖြစ်လာတာ၊ နိစ္စ = အမြဲပေးလှူလေ့ရှိသော၊ ဘတ္တ = ဆွမ်း၊ နိစ္စဘတ္တ၀တ္တ = အမြဲပေးလှူနေသော ဆွမ်းဝတ်၊ ဘိုးဘွားလက်ထက်က ကိုယ့်လက်ထက်ကျအောင် မပျက်မကွက်စေဘဲ အမြဲချက်ပြုတ်ပြုလုပ်ပေးလှူလာသော ဆွမ်းဝတ်ကိုခေါ်တာ ကွဲပြားရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ကွဲပြားစွာသိရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်။

ဘာဝနာကုသိုလ်ကို ၀စီကံနှုတ်ဖြင့် ရွတ်ဆိုပွားများမှု ပြုလို့ ရနိုင်သလား

ဘာဝနာကုသိုလ်ကို ၀စီကံနှုတ်ဖြင့် ရွတ်ဆိုပွားများမှု ပြုလို့ ရနိုင်သလား
ဒကာ။ ။ ဘာဝနာတရားပွားများအားထုတ်သူဟာ မနောကံစိတ်ဖြင့်သာ ပွားများနေရမှာလား၊ ၀စီကံနှုတ်ဖြင့်ကော ရွတ်ဆိုပွားများလို့ မရနိုင်ဘူးလား ဆရာတော်။

ဆရာ။ ။ စိတ်ဖြင့် နှလုံးသွင်းပွားများမှသာ ဘာဝနာကံမြောက်တာ မဟုတ်ဘူး၊ နှုတ်ဖြင့် ရွတ်ဆိုမှုဟာ လည်း ဘာဝနာဖြစ်တာပါပဲ။
နှုတ်က တတွတ်တွတ်ရွတ်ဆိုနေမှုက စိတ်ဖြင့် ကြံမှုကို ကျေးဇူးပြုတယ်၊ စိတ်ဖြင့် ကြံမှုက အမှန်တရားထိုးထွင်းသိမှုကို ကျေးဇူးပြုတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အမှန်လက္ခဏာကို ထိုးထွင်းသိမှုက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရောက်အောင် ပေါင်းကူးပေးတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ ဒီလို ၀စီကံ ရွတ်အံပွားများပြီး အရိယာကြီးတွေ ဖြစ်သွားတာများ ဘုရားသာသနာတော်မှာ ရှိပါသလား ဆရာတော်၊ ရှိရင် သိပါရစေ ဘုရား။
ဆရာ။ ။ အင်း… လံကာဒီပ မလယ၀ါသီ မဟာဒေ၀မထေရ်ကြီးထံမှာ ကမ္မဋ္ဌာန်းလာတောင်းတဲ့ မထေရ်နှစ်ပါးတို့အား ကေသာ၊ လောမာ စတဲ့ ဒွတ္ထိံသ ကမ္မဋ္ဌာန်းတရားကို လေးလမျှရွတ်ဆိုပွားများကာ နေကြရမည်ဟု မဟာဒေ၀ထေရ်ကြီး က စေခိုင်းတော်မူလိုက်တယ်။
မထေရ်ကြီး စေခိုင်းတဲ့အတိုင်း လေးလပတ်လုံး ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို ရွတ်အံပွားများတဲ့ မထေရ်နှစ်ပါးဟာ အသုဘမှတစ်ဆင့် ဥဒယ၀ယဉာဏ်ကူးကာ သောတာပန် ဖြစ်သွားကြောင်းနှင့် သာသနာတော် မှာ ထင်ရှားစွာ လာရှိတယ်၊ သို့သော် နှုတ်နဲ့ရွတ်တဲ့ ၀စီကံက ၀ိပဿနာဉာဏ် မရောက်ဖူး၊ သမထမျှသာ ဖြစ်တယ်နော်၊ ဒါလည်းသတိရှိဦး။
ဒကာ။ ။ ဒီလို ဗဟုသုတမျိုး ရရှိတာ ၀မ်းသာလှပါတယ် ဆရာတော်၊ အင်း….ဒါ့ကြောင့် ငှက်တွင်းက သူတို့တစ်တွေ ရွတ်ဆိုနေကြတာကိုး။ သာဓု - သာဓု။

ရဟန္တာ ဖြစ်နေမှပဲဟာ ဘာ့ကြောင့် ငါဟာ ရဟန္တာလို့ မပြောကောင်းတာလဲ

ရဟန္တာ ဖြစ်နေမှပဲဟာ ဘာ့ကြောင့် ငါဟာ ရဟန္တာလို့
မပြောကောင်းတာလဲ
ဒကာ။ ။ အရိယာအစစ် အဟုတ်ဖြစ်နေတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဟာ အရိယာအစစ် အဟုတ်ဖြစ်နေမှပဲဟာ ဘာ့ကြောင့် အရိယာလို့ မပြောကောင်း မပြောရတာလဲ ဆရာတော်။
အရိယာက ငါဟာ အရိယာအစစ် ဖြစ်တယ်လို့ ပြောကြားရင် ဘာအပြစ်များ သက်ရောက်ပါသလဲ၊ အမှန်ပြောလို့ အပြစ်ရောက်တာများ ရှိပါသေးသလား ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း… အဲဒီ အရိယာတရား မဂ်ဖိုလ်များက လောကထက် ထွတ်မြတ်တဲ့ လောကုတ္တရာ ရတနာတရားတွေ ဖြစ်တယ်၊ ဒါ့ကြောင့် ကိုယ်ပိုင် ရရှိထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မဂ်ဖိုလ်ရတနာ အမြတ်တရားများကို သူတစ်ပါးအား ပြောကြား ကြေငြာနေစရာ မလို၊ သူတော်ကောင်းပီပီ ကိုယ့်ဘာသာကိုယ် ပိရိသိပ်သည်းအေးမြစွာ ဖိုလ်ချမ်းသာကို ၀င်စံခံစားနေခြင်းမျှသာဟု ၀ိနည်းကျမ်းဂန်က မိန့်ကြားထားတာ ဖြစ်တယ်၊ အမှန်ပြောလို့ အပြစ်ရောက်ပုံများကို စာပေကျမ်းဂန်ဝိနည်းတရားတော်က နောက် ဆက်ပြီး အမိန့်ချလိုက်ပုံမှာ…..
“အရိယာဟုတ်မှန်လျှင် ဟုတ်တယ်လို့ မပြောကြားရ၊ ဟုတ်မှန်တယ်လို့ ပြောကြားလျှင် ပါစိတ် အာပတ် သင့်စေတဲ့”။
“အရိယာမဟုတ်ဘဲ ပါပိစ္ဆစိတ်ဓါတ်နဲ့ လာဘ်သပ်ပကာ ဒကာဒကာမ ပေါများကျော်ကြားလာစေရန်အ တွက် ဟုတ်တယ်လို့ ပြောကြားကြေငြာသော ရဟန်းကား ပါရာဇိက ကျ၏။ ရဟန်းမဟုတ်တော့ပြီတဲ့”။
ဒါထက် ပိုသိချင်ရင် စာပေကျမ်းတတ် ပုဂ္ဂိုလ်မြတ်တို့ထံ ချဉ်းကပ် မေးပေတော့၊ ဒါထက်ပိုပြီး ဖြေကြားကွက်လည်း မရှိတော့ပါဘူး။
ဒကာ။ ။ ကျေနပ်လှပါပြီဆရာတော်၊ ခုခေတ်ရဟန္တာတွေက ကြေငြာလွန်းလို့ မေးရတာပါ၊ တချိုကများ စွယ်စုံရဟန္တာကြီးတစ်ပါး ပေါ်လာပြန်ပြီဟု ပုံတော်ကြီးနဲ့ ထည့်ပြီး ကြေငြာပေးကြသေးတယ်၊ ဗဟုသုတနည်းတော့ ယုံမိတာပဲ ဘုရား။

ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မှတ်ထားရမှာလဲ

ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မှတ်ထားရမှာလဲ
ဒကာ။ ။ ယခုအခါ ရဟန္တာတွေက ဟိုကပေါ်သည်ကပေါ်နဲ့ ပြီးတော့လည်း ရဟန္တာတွေပါလို့ အသိအမှတ်ပြု ကြော်ငြာပြီးတော့မှ လူထွက်သွားတဲ့ ရဟန္တာတွေကလည်း ရှိနေပြန်ပါတယ်။
နောက်ပြီး ရဟန္တာအမည်ခံပုဂ္ဂိုလ်ကြိးတစ်ပါးပါးကို ပင့်ဆောင်ကာ မြို့ရွာ အနှံ့အလှူခံပြီး အဲဒီရဟန္တာကြီး ခန္ဓာဝန်ချသွားပြီးတဲ့ နောက်ပိုင်းကျရင် ယင်းပိုင် ကျန်ရစ်သော ပစ္စည်းတွေကို တပည့်ဒကာတွေက အဝေမတဲ့လို့ တရားစွဲကြ၊ ကွဲကြ ပြဲကြနဲ့ ရှုပ်ပွေနေတာတွေ သတင်းစာမှာ တွေ့ရ ဖတ်ရပါတယ်။
ဒါကြောင့် ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုးကွယ်ရမှာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ ဒကာကြီးတို့ မှတ်သားဖို့ တရားဓမ္မက္ခန် လာတဲ့အတိုင်း မည်သူ့ကိုမျှ မကိုင်းမစောင်းဘဲ ကောင်းမွန်ဖြောင့်စင်းစွာ တင်းတင်းနဲ့ပဲ ဖြေကြားမယ်နော်။
ရဟန္တာဆိုတာ စိတ်ဓါတ်ကို ညစ်ညူးစေတတ်တဲ့ ကိလေသာအာရုံ ကာမဂုဏ်ရမ္မက်အားလုံးကို ပယ်ပြီး ဖျက်ပြီး ရှင်းပြီး ကင်းပြီးသော သူမြတ်တစ်မျိုးပဲ၊ ရဟန္တာဆိုတာ အဲဒါပဲလို့ မှတ်ရမယ်။
လောကမှာ ဂရန်ပိုင်ဥက္ကဋ္ဌတို့၊ မဟာနာယကတို့၊ အဂ္ဂမဟာပဏ္ဍိတတို့၊ အဘိဓဇ မဟာရဋ္ဌဂုရု သာသနာပိုင်တို့ စတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ၌လည်းကောင်း၊ ဘ၀၌လည်းကောင်း သာယာ ခင်မင် လိုချင်တပ်မက် စွဲလမ်းဆာလောင်မှု သမုဒယတဏှာတွေ လုံးဝကင်းငြိမ်း အေးမြ နေသော ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုး ကွယ်နိုင်တယ်။
တစ်နည်း လောကီနယ် အရှုပ်အထွေးမှ ကင်းဝေးစွာ နေလေ့ရှိသော ပုဂ္ဂိုလ်၊ တစ်နည်း စိုးရိမ်သောက ကိလေသာမြူ လုံးဝမရှိသောပုဂ္ဂိုလ်၊ တစ်နည်း လောကုတ္တရာနယ်တွင် အထူးခြား အမြင့်မြတ်ဆုံး အထွတ်အထိပ် သို့ ရောက်သောပုဂ္ဂိုလ်၊ တစ်နည်း ကုသိုလ်အကုသိုလ် ကောင်းမှု မကောင်းမှုကံတို့မှ လုံးဝပယ်စွန့် လွတ်မြောက် ကင်းငြိမ်းပြီးသော ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုးကွယ်ရမည်။
တစ်နည်း ထိုထိုမြို့ရွာတို့က ပစ္စည်းလေးပါး ရွှေငွေရတနာ လာဘ်လာဘတွေ အလွန်ပေါများစွာ ရရှိမည် ကြွရောက်ပူဇော်ခံတော်မူပါဟူ၍လည်းကောင်း၊ ရှေးက အတူနေ ချစ်ခဲ့ဖူးသော သားမယားဟောင်းက သူ၏သားသမီးများကိုပြကာ မြူဆွယ် ခေါ်ဆောင်၍ သော်လည်းကောင်း ထိုထိုလာဘ်လာဘ သားမယားစတဲ့ ဆွဲဆောင်ပင့်ခေါ်ရာ သူတို့နောက်သို့ လိုချင်လောဘဖြင့် ကောက်ကောက်ပါ မလိုက်တော့ဘဲ မိမိနေမြဲကျောင်း နှင့် တော တောင်ထဲ၌သာ မွေ့လျော်ပျော်ပိုက်ကျင့်သုံးကာ နေတော်မူကြသော ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သား ကိုးကွယ်ရမည်၊ အကျယ်သိချင်ရင် သင်္ဂါမဇိသုတ်ကို ဖတ်ပါ၊ တကယ်တော့ သိရခက်တယ် ဒကာကြီးတို့ရေ၊ ကဲ… ကျေနပ်ရဲ့လား၊ ဒါလောက်ဆို ရိပ်မိရောပေါ့။
ဒကာ။ ။ မှန်ပါ့၊ သိရ မှတ်ရ ခက်ခက်နဲ့ပဲ နှစ်သက်ကျေနပ်ရမှာပါ ဆရာတော်၊ သိပုံသိနည်းကလေးများကော စာပေမှာ မရှိဘူးလား ဘုရား၊ မိန့်ကြားပါဦး။
ဆရာ။ ။ အင်း… “သံဝါသေန ဇာနိတဗ္ဗံ” တဲ့၊ ရဟန္တာဆိုသူနဲ့ အတူတူ ပေါင်းသင်း နေပြီး သူရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ သွားပုံလာပုံ ပြောပုံဆိုပုံ အိပ်ပုံ စပြီးတော့ ပိဋကတ်တော်လာ စာပေနဲ့ညီ၊ မညီ အကဲခတ် စစ်ဆေးကြည့်ပါ၊ ရဟန္တာ အစစ်သည် ၀ိနည်းတော်သိက္ခာပုဒ်ကို အမြဲစောင့်ထိန်းတယ်၊ လုံ၊ မလုံ စောင့်ကြည့်ပေါ့၊ ဒါပဲ၊ သိလျက်နဲ့ ၀ိနည်းမလွန်ကျူးရင် ရဟန္တာအစစ်လို့ မှတ်ပုံတင် လိုက်ပေတော့။
ဒကာ။ ။ မှန်ပါ့၊ ရဟန္တာအစစ် မှတ်ပုံတင်ကို သိရလို့ ၀မ်းသာပါတယ် ဆရာတော်။

နတ်ကို ပူဇော် ကိုးကွယ် ပ သ သော် မိစ္ဆာဒိဋ္ဌိ ဖြစ်သလော? နတ် ကိုးကွယ် ပသ ပူဇော်လို့ မိစ္ဆာဒိဋ္ဌိမဖြစ်တဲ့ နည်းရှိသလော? နတ် ၊ဗြဟ္မာ ၊ဘိုးဘိုးအောင်တို့အတွက် မီးကုန် ယမ်းကုန် အဖြေ

နတ်ကို ပူဇော် ကိုးကွယ် ပ သ သော် မိစ္ဆာဒိဋ္ဌိ ဖြစ်သလော
ဒကာ။ ။ ယခုခေတ်လူအများတို့ မင်းကြီး မင်းကလေး မြင်းဖြူရှင် ဗိဿနိုး သူရဿတီ…စတဲ့ နတ်အမျိုးမျိုးတို့ကို ကိုးကွယ်ပူဇော်နေကြတာဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသလား ဆရာတော်။

ဆရာ။ ။ မိမိတို့ ပြုလုပ်နေကြတဲ့ ကုသိုလ်ကံ အကုသိုလ်ကံမပါဘဲ နတ်တို့က စောင့်ရှောက်ထောက်ပံ့ မ စ ပေးလို့ ကောင်းကျိုး ဆိုးကျိုး ရကြတယ်ဟု ကံ၊ ကံ၏အကျိုးကိုမယုံဘဲ နတ်သက်သက်ကို တစ်ဖက်သတ် ယုံကြည်အားကိုးကာ နတ်တို့နေရန် နတ်ကွန်းကို မွမ်းမံပြင်ဆင်ခြင်း၊ အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းခြင်း၊ ငှက်ပျော အုန်းပွဲတို့ ဖြင့် ကောင်းမွန်စွာ တင်သ၊ ပူဇော် ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ပြူသူတို့ကား မိစ္ဆာဒိဋ္ဌိဖြစ်၏တဲ့၊ ဆင်ခြင် တက်စရာမလိုဘူး။

နတ် ကိုးကွယ် ပသ ပူဇော်လို့ မိစ္ဆာဒိဋ္ဌိမဖြစ်တဲ့ နည်းရှိသလော
ဒကာ။ ။ သူရဿတီ မယ်တော် မင်းကြီးမင်းကလေး ဘိုးတော်သိကြား စတဲ့ နတ်များကို မိစ္ဆာဒိဋ္ဌိမဖြစ် အောင် ကိုးကွယ်တဲ့နည်းများကော ရှိပါသလား ဆရာတော်။
ဆရာ။ ။ အင်း. ရှိတယ် ဒကာကြီးတို့၊ အဲဒီ၊ သူ ကိုးကွယ်တဲ့နည်းက ရတနာမြတ် သုံးပါးကိုတော့ ခုဘ၀မှာရော နောင်ဘ၀အဆက်ဆက်ပါ ပစ္စုပ္ပန်သံသရာနှစ်ဖြာသော ချမ်းသာကို ပေးလိမ့်မည်ဟု ယုံကြည်ခြင်း၊ ဘ၀သံသရာ၏ လွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုပါ ပေးလိမ့်မည်ဟု ယုံကြည်ခြင်း၊ အဲဒီ အကျိုးတရားနှစ်ပါးကို ယုံကြည်စွာနဲ့ ကိုးကွယ်ဆည်းကပ်မှု ပြုတယ်။
နတ်ကိုတော့ ခုဘ၀မျက်မှောက်ကျိုးအတွက် မျက်မှောက်လက်ရှိ ဘ၀ ကောင်းစားရေး တစ်ခုတည်းကိုသာ ယုံကြည်ကာ အိမ်စောင့်တံခါးစောင့် ဒရ၀မ်မျိုးလို ကိုယ့်အကျိုး လိုလားစောင့်ရှောက်ပေး တတ်တဲ့ မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ကျွေးမွေးတင်မြောက်ပါမူ မိစ္ဆာဒိဋ္ဌိ မဖြစ်ပါဘူးတဲ့၊ သို့သော် ဗုဒ္ဓဘာသာအစစ်တော့ မဖြစ်နိုင်ဘူးတဲ့၊ က ပြား ဗုဒ္ဓဘာသာပဲလို့ မှတ်ယူရမည်တဲ့။
လိုရင်းအချုပ် မှတ်ဖို့ကတော့ နတ်၊ သိကြားနဲ့ ဗြဟ္မာများကိုရော ဘိုးဘိုးအောင်တို့ ဘိုးမင်းခေါင်တို့ကိုပါ အမြတ်တနိုး ရတနာသုံးပါးနဲ့ တန်းတူထားကိုးကွယ်ရင် မိစ္ဆာဒိဋ္ဌိ ဖြစ်၏တဲ့။
အမြတ်တနိုးမဟုတ်ဘဲ လောက တစ်ဘ၀တာအတွက် မိရိုးဖလာသက်သက်သဘောမျှသာ ပွဲထိုး ကိုးကွယ်ပါမူ သရဏဂုံ မပျက်တပျက်ကလေးဟု မှတ်ပေတော့။
ဒကာ။ ။ တပည့်တော်တို့ လက်ရှိ သရဏဂုံကို ဖျက်ဆီးပစ်တာမှမဟုတ်ဘဲ၊ ခုဘ၀ ကောင်းစားရေးအ တွက် ကိုးကွယ်ပူဇော်တာပဲဟာ ဘာ့ကြောင့် ဗုဒ္ဓဘာသာမစစ်တဲ့ က ပြား ဗုဒ္ဓဘာသာဖြစ်ရမှာလဲ ဆရာတော်၊ နည်းနည်းရှင်းပြပါဦးဘုရား။

နတ် ၊ဗြဟ္မာ ၊ဘိုးဘိုးအောင်တို့အတွက် မီးကုန် ယမ်းကုန် အဖြေ
ဆရာ။ ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်ထားက ခုဘ၀အတွက် လူ့ချမ်းသာ စည်းစိမ်ဥစ္စာပေါများစေလျက် သေသောအခါ နောက်ဘ၀မှာလည်း လူ၊ နတ်၊ ဗြဟ္မာ ချမ်းသာသုခကို ပေးနိုင်တဲ့အပြင် နောက်နောင်ဘ၀ အတွက်တွေရော ဘ၀၏လွတ်မြောက်ရာ ချမ်းသာအစစ်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန် ကိုပါ သုံးပါးသော ချမ်းသာကို ဧကန်မုချ ရယူခံစားနိုင်တဲ့ အာမခံ ပဋိညာဉ် ၀န်ခံချက်ပေးထားတဲ့ ဗုဒ္ဓဘာသာ သရဏဂုံ သုံးပါး တရားတော်ထက် လွန်ကဲပြီးတော့ မသေချာတဲ့ နတ်၊ ဗြဟ္မာ၊ သူရဿတီစတဲ့ အထက်ဆရာကြီး တွေကို ကိုးကွယ်ပူဇော်တဲ့အတွက် သရဏဂုံ မပျက်သော်လည်း ဗုဒ္ဓဘုရားအစစ်ကို တထစ်ချယတိပြတ် ယုံကြည် တဲ့ သရဏဂုံအစစ် မဟုတ်လို့ပဲ ဒကာကြီးတို့၊ နောက်ဆက်ပြီး မေးခွင့်မရှိတော့ဘူး၊ ဒါဟာ မီးကုန်ယမ်းကုန် အဖြေအကုန်ပဲ၊ အမြဲမှတ်ထားဖို့ကတော့။
မှတ်ချက်။ ။ အိမ်မှာ နတ်၊ ၀ိဇ္ဇာ၊ ဆင်၊ မြင်း ရုပ်ပုံနဲ့ ကိုးကွယ်ပူဇော်ထားရင် သီလဗ္ဗတုပါဒါန်၊ သီလဗ္ဗတပရာမာသဒိဋ္ဌိလို့သာ မှတ်ပေတော့၊ သမ္မာဒိဋ္ဌိ စစ်စစ်တော့ မဖြစ်နိုင်ဘူးပဲ။
ဒကာ။ ။ ၀မ်းသာလိုက်တာ ဆရတော်၊ ကိန်းသေ ရတနာအစစ်ကို ရထားတဲ့ဟာ မသေချာ မရေရာတဲ့ ရတနာတုကို မကိုင်ယူ မယိုးစွဲတော့ပါဘူး၊ ဗုဒ္ဓဘာသာသမ္မာဒိဋ္ဌိ အစစ်ပဲ ဖြစ်ပါတော့မယ် ဆရာတော်၊ ကိုယ်လုပ်တဲ့ ကုသိုလ်ဘုန်းကံကြောင့် နတ်ဝိဇ္ဇာတို့က လာရောက် မ စ စောင့်ရှောက်ပေးရတာသာ ဖြစ်သောကြောင့် ရတနာသုံးပါး ကိုးစား ပူဇော်တဲ့ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ စစ်စစ်ပဲ ပြုလုပ်ပါတော့မယ်။

Wednesday, June 23, 2010

သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော

သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော
ဒကာ။ ။ သက္ကာယဒိဋ္ဌိကို ဗုဒ္ဓဘုရားက ပယ်ရှားနုတ်သတ်ပစ်ရန် အရေးတကြီး ရင်ဝလှံစူး ဦးခေါင်းမီး လောင် ပမာဆောင်ပြီး ဟောကြားတော်မူခဲ့ရာ သက္ကာယဒိဋ္ဌိ တရားဟာ သတ္တ၀ါတိုင်းမှာ မူလဘူတ ပင်ကိုသဘာဝအားဖြင့် ထင်ရှားတည်ရှိနေသော တရားလို့ မှတ်ယူရမှာလား ဆရာတော်၊ ဗုဒ္ဓအလိုတော်ကျ သိပါရစေ ဘုရား။

ဆရာ။ ။ သက္ကာယဆိုတာဘာလဲ၊ ဘာကိုခေါ်တာလဲ၊ ဒကာကြီးတို့ သိရဲ့လား။ ဒိဋ္ဌိဆိုတာကကော ဘာလဲ၊ ဘာကိုဆိုလိုတာလဲ၊ ဒကာကြီးတို့ ကွဲပြားရဲ့လား၊ အဲဒါလေး အဖြေပေးပါဦး။
ဒကာ။ ။ ဒကာကြီးတို့ မသိရှိမကွဲပြားလို့ လျှောက်ကြားတာပါ ဆရာတော်၊ ကွဲပြားအောင် မိန့်ကြားပါ ဘုရား။
ဆရာ။ ။ သက္ကာယဆိုတာ ပင်ကိုသဘာဝထင်ရှားရှိသော ခန္ဓာတရားစုကို ခေါ်တာ၊ သို့မဟုတ် ရုပ်နာမ်တရားစုတို့ ဖြစ်တယ်။ ဒိဋ္ဌိဆိုတာက သည်ရုပ်နာမ်ထဲမှာ မှားသောအမြင်၊ အယူ၊ အစွဲကို ခေါ်တယ်။
ဒကာ။ ။ သည်ရုပ်နာမ်ထဲမှာ မှားသော အမြင်၊ အယူ၊ အစွဲမျိုး ဒိဋ္ဌိဆိုတာက ဘာလဲ ဆရာတော်၊ အနည်းငယ်ရှင်းပြပေးပါ ဘုရား။
ဆရာ။ ။ သတ္တ၀ါတိုင်းမှာ ပင်ကိုသဘာဝ ထင်ရှားရှိလာ၊ ရလာကြတဲ့ခန္ဓာ၊ ရုပ်နာမ်၊ (ကိုယ်အတ္တဘောကြီး) ကို မိစ္ဆာဒိဋ္ဌိအနေဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့ရုပ်၊ ငါ့နာမ် အနေနဲ့ ရှုမြင်စွဲယူနေတာကို ဒိဋ္ဌိလို့ခေါ်ဆိုရတယ်၊ ကွဲရဲ့လား။
ဒကာ။ ။ သက္ကာယနဲ့ ဒိဋ္ဌိ ကွဲပြားစွာ သိရှိရပါပြီ ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ အဲဒါကြောင့် “သက္ကာယဒိဋ္ဌိ” တရားကို ဗုဒ္ဓဘုရားရှင်က သတ္တ၀ါတိုင်းမှာ မူလ ဘူတ ပင်ကိုသဘာဝအားဖြင့် ထင်ရှားတည်ရှိနေသော တရားဟု မယူဆ မဟောကြားဘူး။
ရုပ်နာမ် ခန္ဓာအပေါ်၌ မှားသောအမြင် အယူအစွဲတွေ ဖြစ်ပေါ်လာကာ၊ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဟာ၊ ငါ့ရုပ်၊ ငါ့နာမ်ဟု စွဲယူသောအခါမျိုးမှသာ သက္ကာယဒိဋ္ဌိ ဖြစ်ပေါ်လာတယ်လို့ မှတ်ယူရမည် ဒကာကြီးတို့၊ အဲဒီ အယူအစွဲ အမှားတရားကို ဖြုတ်နုတ်ပယ်ရှားဖို့ မြတ်စွာဘုရားက အရေးတကြီး ဟောကြားတော်မူတာ၊ ဆိုလိုရင်းက ထင်ရှား ပင်ကိုယ်ရှိနေတဲ့ ရုပ်နာမ် သက္ကာယထဲမှာ ငါစွဲ အတ္တဒိဋ္ဌိမထည့်နဲ့၊ အတ္တဒိဋ္ဌိဟာ သက္ကာယဒိဋ္ဌိပဲ၊ အဲဒါ တန်းလန်းနဲ့ သေရင် အပါယ်ငရဲ လားမှာပဲ။
ဒါ့ကြောင့် သက္ကာယဒိဋ္ဌိသည် အမြဲတည်နေသော ပင်ကိုတရားမျိုးမဟုတ်၊ ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစု သက္ကာယအပေါ်မှာ ဒိဋ္ဌိနဲ့ စွဲယူမှ ပေါ်လာသော တရားမျိုးဟု မှတ်ပါ၊ ငါ့ရုပ်၊ ငါ့နာမ်ဟု စွဲယူထားခြင်းပဲ။
ဒကာ။ ။ ရှင်းလင်း ကျေနပ် ကွဲပြားပါပြီ ဆရာတော်။

နတ်ဖမ်းစားခြင်း၊ နတ်က မ စ ခြင်းများ ရှိပါသလော

နတ်ဖမ်းစားခြင်း၊ နတ်က မ စ ခြင်းများ ရှိပါသလော
ဒကာ။ ။ နတ်များက လူသားတို့အား ပစ္စည်း၊ ဥစ္စာ ပျက်စီးအောင် ဖျား၊ နာ၊ သေကျေအောင် ဖမ်းစားခြင်းနှင့် လူသားတို့အား ချမ်းသာအောင် ဘေးကင်းအောင် မစ ခြင်း ထောက်ပံ့ခြင်း ပြုနိုင်ပါသလား ဆရာတော်။

ဆရာ။ ။ အင်း… ဒီကိစ္စမျိုးက လူသားတို့၏ ကောင်း၊ ဆိုး၊ ကံအပေါ်မှာ တည်နေတာဖြစ်တယ်၊ ဧကန္တသဘောမျိုးနဲ့ ပြောလို့မရဘူး။
ဒကာ။ ။ ဒကာကြီးတို့ ရှင်းရှင်းသိအောင် နည်းနည်းလောက် လင်းပြပေးပါဦး ဆရာတော်၊ လူသားတို့ ကံအပေါ်မှာ ဘယ်လိုတည်နေတာလဲ ဘုရား။
ဆရာ။ ။ ကုသိုလ်ကံဟုန် အရှိန်အားကောင်း၍ ဘုန်းတန်ခိုးတိုးတက်ကာ ကျန်းမာလျက် စီးပွားဥစ္စာ တိုးတက်ချမ်းသာနေသော သူတစ်ယောက်အား နတ်များက ဖျားနာ၊ သေကျေအောင် စီးပွားဥစ္စာ ပျက်စီးသွားအောင် ၀င်ရောက်နှောင့်ယှက် ဖမ်းစားမှု မပြုနိုင်ဘူးတဲ့။
ထိုကုသိုလ်ကံရှင်အား ကျန်းမာသည်ထက် ပိုမိုကျန်းမာအောင် ချမ်းသာသည်ထက် တိုးတက်ချမ်းသာ အောင်သာ မ စ ကြည့်ရှုထောက်ပံ့မှုများ ပြုပေးနိုင်တယ်၊ ပျက်စီးနိမ့်ကျအောင် မကိုင်နိုင် မဖမ်းစားနိုင်ဘူး၊ သည်ကိစ္စအားလုံးဟာ ထိုသူရဲ့ ကုသိုလ်ကံအရှိန်အဟုန်အပေါ်မှာသာ တည်နေတယ်၊ ကိုယ့်ကံသာလျှင် လိုရင်းပဓါန ဖြစ်တယ်။
ဒါကြောင့် ပစ္စည်းဥစ္စာပေါများ တိုးပွားချမ်းသာချင်ရင် ရတနာသုံးပါးနဲ့ စပ်တဲ့ကုသိုလ်ကံတရားများကိုသာ ကြိုးစားပွားများ ရှာမှီးစုဆောင်းရမည်၊ ကုသိုလ်ကံ အကျိုးပေးခွင့် ရသူကိုမှ နတ်များက ကြည့်ရှုကူညီမှိုင်းမနိုင် သည်လို့ မှတ်ထားရမည် ဒကာကြီးတို့ရ။
အဲဒီလိုပဲ ကုသိုလ်ကံနည်း၍ အကုသိုလ်ကံထဲဝင်လာတဲ့ သူများကိုလည်း နတ်အပေါင်းတို့က ၀င်ရောက် နှောင့်ယှက် ဖမ်းစားနိုင်တယ်၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံး ပျက်စီးအောင် မီးလောင်အောင် ရေမြုပ်အောင် ပြုလုပ်နိုင် တယ်၊ ဖျားအောင် နာအောင် သေအောင်လည်း ပြုလုပ်နိုင်တယ်။
မကောင်းကျိုးခွင့်ရနေသော အကုသိုလ်ကံနဲ့ပေါင်းကာ အကုသိုလ်ကံမကုန်ခင်သာ နတ်များက ၀င်ရောက်နှောင့်ယှက် ဖျက်ဆီးနိုင်တာ၊ နတ်တို့သဘောက ကုသိုလ်ကံတန်ခိုး အကျိုးပေးနေတဲ့ ကာလမှာ တိုးတက်သည်ထက် တိုးတက်အောင် တွန်းတင်ပေးလေ့ရှိသလို ကုသိုလ်ကံကုန်ခန်းပြီး အကုသိုလ်ကံအလှည့် ရောက်လာတဲ့အခါမှာလည်း အဆင်းကို တွန်းချပေးလေ့ရှိကြတယ်။
ကုသိုလ်ကံကို ပုညလို့ခေါ်တယ်၊ ပုညကိုပင် ပုဉ်းကံလို့ခေါ်တယ်၊ (ပုဉ်းတန်ခိုးမှ ဘုန်းတန်ခိုး) ဖြစ်လာတာ၊ ဒါ့ကြောင့် ကိုယ့်ရဲ့ ကုသိုလ်ဘုန်းကံကြောင့် နတ်များက လာရောက် မ စ တာဖြစ်တယ်။
အဲဒါကြောင့် နတ်များ ကူညီညာဝိုင်း မှိုင်းမကြတာလည်း ကိုယ့်ရဲ့ကုသိုလ်ကံတန်ခိုးကြောင့်သာလို့ မှတ်ပြီး ကုသိုလ်ကိုပဲ ထပ်သလဲလဲ မပြတ်မစဲရအောင် ကြိုးစားရမည်၊ နတ်ကိုင်ခြင်း၊ နတ်ဖမ်းစားခြင်းကြောင့် ဆင်းရဲဒုက္ခရောက်ရင်လည်း ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံကြောင့်သာ ကိုင်နိုင်၊ ဖမ်းစားနိုင်တာပဲလို့ ကုသိုလ်ကံကိုပဲ များများရအောင် ကြိုးစားအားထုတ်ရမည်၊ နတ်တို့ကို မေတ္တာပွားများရမည်၊ အမျှဝေပေးရမည်၊ မိမိဘုန်းကံကြီးမားသူဖြစ်အောင် ကုသိုလ်ပုညကိုသာ များများလုပ်ရမယ် ဒကာကြီးတို့ရ။
ဒကာ။ ။ မှန်ပါ့၊ အပြည့်အစုံသာ ဆက်လက်မိန့်ကြားတော်မူပါ ဆရာတော်၊ သည် ပြဿနာက အရေး ကြီးလို့ပါ ဘုရား။
ဆရာ။ ။ အင်း… ဒုက္ခဆင်းရဲ ရသည်ဖြစ်စေ၊ ချမ်းသာသုခ ရသည်ဖြစ်စေ၊ နတ်ကြောင့်သာဖြစ်ရသည် ဟု နတ်ကိုယုံ၍ ပုံအပ်ကာ ကိုးကွယ်ကြလျှင် သရဏဂုံ ပျက်သည်၊ မိစ္ဆာဒိဋ္ဌိဖြစ်သည်၊ သည်လိုနတ်မျိုးကို မဆိုထားနဲ့ (လောကမှာ အတုမရှိတဲ့) တန်ခိုးတော်ရှင် မြတ်စွာဘုရားသခင်သော်မှ ပါရမီကုသိုလ်ကံရှိသူကိုသာ ကယ်တင် ချွေချွတ်နိုင်သည်လို့ မှတ်ရမည်၊ ကဲ… ရှင်းရဲ့လား လင်းရဲ့လား၊ ဒကာကြီးတို့ ကိုးကွယ်ဆည်းကပ်ရမှာ က သရဏဂုံသုံးပါးသာ ရှိတာ၊ အဲဒါကို သတိကြပ်ကြပ်ထားပါ။
ဒကာ။ ။ ရှင်းလင်းပါပြီ ဆရာတော်၊ ကိုယ့်လုပ်ခ ကုသိုလ်ကံကိုသာ ကိုယ်ယုံကြည်အားထားရမည် ဆိုတာကို မမှိတ်မသုံ ယုံကြည်ပါပြီ ဘုရား၊ နတ်ဝိဇ္ဇာတို့က သရဏဂုံထဲပါတာမှ မဟုတ်တာ။

သေသူအတွက် ဆွမ်းစဉ် သပိတ်သွတ်တဲ့အလုပ်ဟာ အဟုတ်ရ ရောက်ရဲ့လား

သေသူအတွက် ဆွမ်းစဉ် သပိတ်သွတ်တဲ့အလုပ်ဟာ အဟုတ်ရ ရောက်ရဲ့လား
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တို့ သေလွန်သွားသောအခါ ကျန်ရစ်သူတို့က သေလွန်သူတို့အား ရည်စူး၍ ဆွမ်းစဉ်ခြင်း၊ သပိတ်သွတ်ခြင်း၊ ပရိတ်ရွတ်ခြင်းပြုကာ အမျှပေးဝေကြတာဟာ ဘ၀တစ်ပါးက သူများမှာ အကျိုးခံစားမှုသုခကို ရရှိပါသလား ဆရာတော်။ (ပီအောထွန်းရင် မေးသည်ဟု ထင်၏)

ဆရာ။ ။ အင်း… သည်လုပ်ငန်းက ဗုဒ္ဓဘာသာဝင် တွင်မကပါဘူး၊ ဗြာဟ္မဏဘာသာဝင်တို့လည်း သည်လိုပဲ ဝေဒဆရာကြီးတွေကို ကျွေးမွေးပြုစုလေ့ရှိကြတယ်၊ သို့သော်လည်း သည်ဗြာဟ္မဏ၀ါဒကို ဝေဖန်သူ “သစ္စတ္ထပကာသ” ဆရာကြီးက သည်လုပ်ငန်းဟာ ပုရာဏ်ဆရာတို့ စားပေါက်ထွင်ကာ ဝေဒကျမ်းထဲ ဖြည့်စွက်ထားခြင်းမျှသာဟု သေသူထံသို့ မရောက်နိုင်ကြောင်းဖြင့် ငြင်းပယ်ပစ်တယ်၊ ဆရာအချို့က ရောက်တယ်တဲ့။
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓ၏အလိုတော်မြတ်ကိုတော့ ဤသို့ မှတ်သားရမည့် အင်္ဂါရပ်တွေရှိတယ်။
၁။ သေသူအားရည်မှန်း၍ ကျွေးမွေးပေးကမ်း လှူဒါန်းခြင်း၊
၂။ အလှူခံပုဂ္ဂိုလ်တို့သည် ကောင်းမြတ်သော အကျင့်သီလ၊ သိက္ခာနှင့် ပြည့်စုံရခြင်း၊
၃။ သေသူအား ဖိတ်ကြားကာ နှုတ်မြွက်၍ အမျှပေးဝေရခြင်း၊
၎။ သေသူကား ဘ၀တပါးက သာဓုနုမော် ခေါ်နိုင်ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံရင် ဘ၀တစ်ပါးက သူများမှာ ခဏခြင်း ချမ်းသာသုခ ရရှိနိုင်သည်ဟူ၏တဲ့။
အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ မိဘဆွေမျိုး မိတ်ဆွေစသည်တို့ သေဆုံးသောအခါ မမြဲသောဂတိ လားရာရှိ၍ မလိုလဲလိုလဲ ပြုလုပ်မြဲ ဓမ္မတာပဲ ဖြစ်တယ်။
ဗုဒ္ဓ၏ဆိုလိုရင်း သိမှတ်ဖို့ကတော့ ဒါဟာ မုချလုပ်ရမည့် ကိစ္စရပ်ပဲ၊ ဆင်းရဲဒုက္ခ ပြိတ္တာဘ၀မျိုးရောက်နေ က သာဓုခေါ်နိုင်ရင် ခဏခြင်း ချမ်းသာသုခရနိုင်၍ ချမ်းသာတဲ့ ဘ၀က သာဓုခေါ်နိုင်ရင်လည်း ပိုမိုပြီး ချမ်းသာသု ခတွေ ရရှိမှာကတော့ သေချာတယ်လို့ မှတ်ပေတော့။
အကယ်တိ သေသွားသူက ဘ၀တပါးက သာဓုမခေါ်နိုင်ခဲ့သော် သာဓုခေါ်နိုင်တဲ့ဘ၀ မဟုတ်ခဲ့သော် ပြုလုပ်သူတို့အတွက် အကျိုးမယုတ် မဆုံးရှုံးပါဘူးတဲ့၊ ဤ ကုသိုလ်က ပြုသူတို့အား မုချကောင်းကျိုးချမ်းသာကို ပေးမှာပါပဲတဲ့။
ဒါကြောင့် အဲဒီ ဆွမ်းစဉ်သပိတ်သွတ်အလုပ်ဟာ မပယ်သင့်သော လိုက်နာရမည့် သူတော်ကောင်းတို့၏ ရှေးဟောင်းအလုပ်လို့ မှတ်ယူရမည်။
မှတ်ချက်။ ။ ၀ိနည်းသိက္ခာသီလကို ဖျက်ဆီးလျက် ဆေးကု ဗေဒင်ဟော ဓါတ်ရိုက် မိစ္ဆာဇီဝ အလုပ်တွေ လုပ်နေကြတဲ့ ဒုဿီလရဟန်းဆရာမျိုး မဟုတ်တဲ့ အကျင့်သီလသိက္ခာနဲ့ ပြည့်စုံတဲ့ သံဃာတော်များ ကို ရွေးချယ်ပေးလှူတတ်ဖို့က အရေးကြီးတယ် မှတ်နော်။ အဲဒီဆွမ်းစဉ်သပိတ်သွတ်လုပ်ငန်းအကြောင်းကို မိလိန္ဒမင်းကြီးက ရှင် နာဂသေနကို မေးလျှောက်တဲ့အခါ ဥပမာတွေပြပြီး သာဓု အနုမောဒနာ ပြုနိုင်က သေသူတို့ ထံမှောက်သို့ ရောက်ရှိကာ ချမ်းသာသုခ ခံစားနိုင်ကြောင်းများနှင့် ဖြေကြားထားတာတွေလည်း အများကြီးပဲ ရှိတယ်။ ကဲ..ယုံကြည်ပြီလား။
ဒကာ။ ။ ယုံကြည်ပါပြီ ဆရာတော်၊ အကျင့်သီလရှိသော အလှူခံစတဲ့အင်္ဂါလေးပါးက အရေးကြီးတာ ပေါ့နော်၊ အင်္ဂါလေးပါးကို သတိထား လိုက်နာရမှာပဲ၊ ပြုလုပ်တတ်ပါပြီ ဘုရား။

စိတ်ပုတီးဆိုတာ ဘာစကားလဲ

စိတ်ပုတီးဆိုတာ ဘာစကားလဲ
ဒကာ။ ။ ဆရာတော်က အဘိဓါန်ကျမ်းပြုဆရာမို့ စိတ်ပုတီးဆိုတဲ့ အဘိဓါန်ပုဒ် စကားလုံးရဲ့ သူ့ရဲ့အနက်သဘောကို သိပါရစေဘုရား၊ ရှင်းပြပေးပါ။

ဆရာ။ ။ အင်း… ဒီမေးခွန်းကို လွယ်လွယ်နဲ့ ရှင်းလို့မရဘူး၊ အဘိဓမ္မဝေါဟာရက ဆင်းသက်လာတဲ့ အဘိဓါန်ပုဒ်ဖြစ်တယ်၊ အဖြေကို စိတ်ပါလက်ပါနဲ့ မှတ်သားပါ ဒကာကြီးတို့။
ဒကာ။ ။ မှန်ပါ့၊ စိတ်ဝင်စားစွာနဲ့ မှတ်သားပါမည် ဆရာတော်၊ မိန့်ကြားပါ ဘုရား။
ဆရာ။ ။ စိတ်ပုတီးရဲ့ မူရင်းစာပုဒ်က “စိတ္တ ပဋိပါတိ” ဆိုတဲ့ ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာတာလို့ မှတ်ယူရမည်တဲ့။
ယင်းရဲ့ အနက်အဓိပ္ပါယ်က အာရုံတစ်ခုကိုစွဲ၍ စိတ်များဖြစ်ပေါ်လာပုံ အစဉ်အတန်း၊ (၀ါ) စိတ်ဖြစ်ပေါ်လာပုံ ၀ီထိတစ်ခု၏ စိတ်အစဉ်ဟု အနက်အဓိပ္ပါယ်ရတယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် အသေးစိတ် ရှင်းပြပါဦး ဆရာတော်၊ ပါဠိတွေတော့ မရွတ်ပါနဲ့ ဘုရား။
ဆရာ။ ။ အင်း… စိတ္တ ဆိုတာက စိတ်၊ ပဋိပါတိ ဆိုတာက အစဉ်ကျရောက်ဖြစ်ပေါ်လာပုံ၊ အဲဒီ ပါဠိစကားက ပျက်စီးပြီး စိတ်ပဋိ = စိတ်ပဋီး = စိတ်ပုတီးရယ်လို့ ဖြစ်လာတာပဲ ဒကာကြီးတို့။
သူရဲ့ ဖြစ်ပုံ မူလသဘောက အဘိဓမ္မာနည်းအရ အာရုံတစ်ခုကို သိရှိရေးအတွက် စိတ်အချက်ပေါင်း ၁၇ ချက် အစဉ်အတိုင်းဖြစ်ပေါ်လာရတယ်၊ အဲဒီတော့မှ ထိုအာရုံရဲ့ သဘာဝကို တိတိကျကျ အပြည့်အ၀ ခံစားမှု ရရှိသည်တဲ့၊ ယင်းစိတ်အစဉ် ၁၇ ချက် ဖြစ်ပျက်သွားတဲ့ အစဉ်ကိုပဲ ၀ီထိ လို့ ခေါ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ဆက်လက်မိန့်ကြားပါ ဆရာတော်၊ စိတ် ၁၇ ချက် ဖြစ်ပုံ ၀ီထိဆိုတာကို သိပါရစေ ဘုရား။
ဆရာ။ ။ အင်း.. ဒါက ပညာရှိများမှာ နားလည်သဘောကျမို့ ပညာရှေ့ထားပြီးတော့ စေစားနားထောင်ပါ၊ ၀ိပဿနာပဋိပတ်ကို သဘာဝကျကျ တတ်သိလိုတဲ့ ရှေးသူတော်ကောင်းတွေဟာ ပစ္စယပရိဂ္ဂဟဉာဏ်ခေါ်တဲ့ အကျိုးနဲ့အကြောင်း ဆက်စပ်ပုံနားလည်အောင် စိတ်အစဉ် ဖြစ်ပေါ်ပုံကို လေ့လာသင် ကြားကြတယ်။
အဲဒီလို လေ့လာတဲ့အခါ စိတ္တာနုပဿနာခေါ်တဲ့ ၀ိဇ္ဇာပညာဝိပဿနာကို ပွားများတတ်အောင် ကြိုးငယ်၌ အထုံး ၁၇ ထုံး ဖွဲ့ပြီးတော့ ကာမဂုံအာရုံငါးပါးထဲက အာရုံတစ်ခုကိုသိလိုက်တဲ့အခါ ကိစ္စပြီး စေတနာကံမြောက်ပုံ စိတ်အစဉ်ကို ဟောဒီလို သင်ကြားကြတယ်။
အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ တဒါရုံ၊ တဒါရုံ။
အဲဒီ စိတ်အစဉ်ကို ကြိုးထုံးကလေးတွေနဲ့ လေ့လာမှတ်သားကြတယ်၊ အဲဒါကို ပါဠိလို “စိတ္တ ပဋိပါတ” လို့ ခေါ်တယ်၊ အဲဒီပါဠိက ပျက်ပြီးတော့ စိတ်ပုတီးဖြစ်လာတာပဲ၊ ကဲ… သဘောကျရဲ့လား၊ သေချာစွာ သိချင်ရင် တတ်ချင်ရင် သင်္ဂြိုဟ်ကျမ်း ၀ီထိပိုင်းကို သင်ပါ၊ ဇော ၇ ကြိမ်ဟာ စေတနာကံတွေပဲ၊ သူ့ကို ကမ္မဘ၀လို့ ခေါ်တယ်။
ဒကာ။ ။ မှန်ပါ့၊ စိတ်ပုတီးဆိုတဲ့ အဘိဓါန်ပုဒ်ကိုတော့ သဘောကျပါပြီ ဆရာတော်၊ စိတ်အစဉ်ဖြစ်ပုံ ၀ီထိတွေကိုတော့ လေ့လာသင်ကြားရဦးမှာပါ၊ အဘိဓမ္မာတရားက ခက်တာကိုး။

စစ်တုရင် ကျား ကစားတာဟာ ကမ္မဋ္ဌာန်း သမာဓိ အလုပ်လော

စစ်တုရင် ကျား ကစားတာဟာ ကမ္မဋ္ဌာန်း သမာဓိ အလုပ်လော
ဒကာ။ ။ စစ်တုရင်ထိုးခြင်း၊ ကျားထိုးခြင်း၊ ပိုကာဒေါင်းကစားခြင်းတို့ဟာ ကစားကွက်အာရုံထဲမှာ စိတ်ထားတည်ငြိမ်နေတာသာဖြစ်လို့ ကမ္မဋ္ဌာန်းအားထုတ်တဲ့ သမာဓိ အလုပ်သမားယောဂီများနဲ့ အတူတူပဲ မဟုတ်လား ဆရာတော်၊ ဒကာကြီးတို့စိတ်ဓါတ်ဟာ ကစားကွက်အာရုံထဲက ဘယ်မှမထွက်ဘူး ငြိမ်နေတာပဲ။

ဆရာ။ ။ အင်း.. ကမ္မဋ္ဌာန်း တရားဆိုတာက ဘာဝနာကုသိုလ်အလုပ်ပဲ၊ ဘာဝနာကလည်း သမထမျိုး ၀ိပဿာနာမျိုးလို့ နှစ်ပါးပြားတယ်၊ ဒကာကြီးတို့ မှတ်သားထားဖို့ကတော့….
ကမ္မဋ္ဌာန်း၊ ဘာဝနာတရားဟူသမျှတို့သည် အပြစ်ကင်းသော အရှု အသိခံအာရုံ၏ အပေါ်မှာသာ စိတ်ကို တည်ငြိမ်အောင်ထား၍ ရှုမှတ်ပွာများနေရသော လုပ်ငန်းဖြစ်တယ်။ အဲဒီလို အပြစ်ကင်းသောကြောင့်လည်း ယင်း လုပ်ရပ်ကို မြတ်သောအလုပ်စခန်းဟု ခေါ်ဆိုသမုတ်ကြတယ်၊ လုပ်ကြတယ်၊ အဲဒါပဲ။
ဒကာ။ ။ အပြစ်မရှိ အပြစ်မကင်းဆိုတာက ဘယ်ဟာပါလဲ ဆရာတော်၊ ဒကာကြီးတို့ ပိုကာဒေါင်း၊ စစ်တုရင်၊ သုံးပုံဖဲကစား၊ ကျားထိုးတာဟာ အစိုးရဥပဒေ အပြစ်မကင်းတာကို ဆိုလိုတာလား ဘုရား။
ဆရာ။ ။ အစိုးရဥပဒေ နည်းဥပဒေ ပုဒ်မတွေ နားမလည်ဘူး၊ အဘိဓမ္မာနည်းအရ အပြစ်ကျရောက်တဲ့ အာရုံကိုသာ ပြောတာ၊ ဒါက လေ့လာလိုက်စားတဲ့ သူမှသာ သိတာ၊ ပညာရှိများ၏ အလုပ်ဖြစ်တယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် မိန့်ကြားပါဆရာတော်၊ အခုဆရာတော်ရဲ့ ထံပါးမှာ လေ့လာနေတာပဲဟာ။
ဆရာ။ ။ အင်း.. ကစားကွက်ထဲမှာ တည်ငြိမ်နေတယ်ဆိုတဲ့ ဒကာကြီးတို့ရဲ့ ဧကဂ္ဂတာက သူများအ ပေါ် အောင်နိုင်ချင်တဲ့ အနိုင်ရလိုချင်တဲ့ အဘိဇ္ဈာ၊ တဏှာ၊ ဥပါဒါန်၊ သူများကို ရှုံးနိမ့်ပျက်စီးစေချင်တဲ့ ဗျာပါဒ၊ ဒေါသတို့နဲ့ ယှဉ်စပ်ဖြစ်ပေါ်လာတဲ့ အပြစ်မကင်းသော ဧကဂ္ဂတာ တည်ငြိမ်မှုတွေသာဖြစ်လို့ မြတ်သော ကမ္မဋ္ဌာန်း အလုပ်မဟုတ်ဘူးတဲ့၊ နားထောင်ပါဦး။
အဲဒီဧကဂ္ဂတာ တည်ငြိမ်မှုမျိုးက ငါးမျှားတဲ့ တံငါတို့ သားလိုက်ုဆိုး တို့မှာလည်း ဖြစ်နေတာပဲ၊ မုဆိုးဟာ သားကောင်အာရုံထဲ စိတ်စောနေလိုက်တာ ကိုယ်ကိုမလှုပ်ဘူး၊ သားကောင် လန့်သွားမှာ စိုးလို့၊ တံငါဟာလည်း အဲဒီလိုပဲ ငါးလန့်ပြေးမှာစိုးလို့ တည်ငြိမ်စွာ နေတယ်၊ အဲတာတွေကဟာ အဘိဇ္ဈာ၊ ဗျာပါဒတို့နဲ့ ယှဉ်တဲ့ ဧကဂ္ဂတာ တည်ငြိမ်မှုတွေပဲ။ အဲဒီမုဆိုး တံငါတို့ရဲ့ စိတ်ဇောတွေဟာ အပြစ်မကင်းတဲ့ သားကောင်အာရုံ ငါးအာရုံထဲက ဘယ်ကိုမှ မသွားဘူး၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိနဲ့ ယှဉ်ကာ ဧကဂ္ဂတာ ကျနေတာပဲ၊ တစ်ခုတည်းသော အာရုံထဲမှာ တည်၊ စွဲ၊ မြဲ၊ ငြိမ်နေတာပဲ၊ အဲဒါကိုများ အပြစ်ကင်းတဲ့ သူတော်ကောင်းတရား ကမ္မဋ္ဌာန်းသမားနဲ့များ နှိုင်းစာပြောတာဟာ အတော်ဆိုးတယ်လို့ ဆိုချင်တယ်။ (ဤ ပဥှာကို စမ်းချောင်း ခေမာလမ်း ကျန်းမာရေး ၀န်ထောက် ဦးကြည်တို့အုပ်စုမေးသည်ဟု ထင်သည်။)
ဒကာ။ ။ မသိနားမလည်ခင်တော့ မှားကြတာပေါ့ ဆရာတော်၊ ဒီလို ရှင်းရှင်းလင်းလင်း သိထားပြန်တော့လည်း မမှားမဆိုးတော့ပါဘူး ကျေးဇူးတင် ၀မ်းသာပါတယ် ဘုရား။

လောကထဲမှာ စိတ်က ခေါင်းဆောင်လား၊ ပညာက ခေါင်းဆောင်လား

လောကထဲမှာ စိတ်က ခေါင်းဆောင်လား၊ ပညာက ခေါင်းဆောင်လား
ဒကာ။ ။ နေရာတကာမှာ စိတ်ကသာ ရှေ့သွားခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကောင်းရှိဖို့သာ ပဓါနလို့ တချို့က ဆိုကြပါတယ်၊ တချို့ကလည်း ပညာသာ ပဓါန ပညာသာ ခေါင်းဆောင်ဖြစ်တယ်၊ ပညာရှိဖို့သာ ပဓါနလို့ ဆိုကြပါတယ်၊ ဘယ်ဟာကို အသိလုပ်ယူရမှာလဲ ဆရာတော်။

ဆရာ။ ။ လောကထဲမှာ အသိ လုပ်နေကြတာဟာ သုံးပါးပဲရှိတယ်၊ (၁) ကာမဂုဏ်တရားကို အသိလုပ်ယူကြခြင်း၊ (၂) ပညတ်တရားကို အသိလုပ်ယူကြခြင်း၊ (၃) ပရမတ်တရားကို အသိလုပ်ယူကြခြင်း၊ အဲဒါ ဟာ လောကသားတို့ အသိလုပ်ယူခြင်း သုံးပါးပဲ။
ဒကာ။ ။ တပည့်တော်မေးတာနဲ့ ဘယ်လိုများ စပ်ဆိုင်ပါသလဲ ဆရာတော်၊ နားမလည်ဘူး ဘုရား၊ တပည့်တော် မေးတာက တခြား၊ ဆရာတော် ဖြေတာက တခြား ဖြစ်နေတယ်။
ဆရာ။ ။ ဒကာကြီးတို့ လိုချင်တဲ့ အဖြေကို ရပါလိမ့်မယ်၊ နားထောင်ပြီး မှတ်သားပါလေ၊ “ပါပသ္မိံ ရမတိမနော” တဲ့၊ စိတ်သက်သက်လွှတ်ထားလို့ရှိရင် မကောင်းတဲ့အာရုံနဲ့ အသိလုပ်ပေါင်းသွားမှာပဲ၊ သူက မကောင်းထဲ၌ ပျော်တတ်နှစ်သက်တတ်တယ်၊ ဒါကြောင့်မို့…
၁။ အာရုံငါးပါး ကာမဂုဏ်တရားတွေကို အသိလုပ်ပြီး စုပေါင်းယူရာ၌ စိတ်ကသာ ခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကိုစိတ်အတိုင်းသာ စည်းကမ်းမရှိ လွှတ်ထားလိုက်လျှင် မတည်ငြိမ်ဘဲ ကာမဂုဏ် အာရုံထဲမှာသာ ပျော်ပိုက်နှစ်ခြိုက် မေ့မြောနေ၏။…တဲ့။
၂။ သမထလုပ်ငန်း ပညတ်ကမ္မဋ္ဌာန်းတရားကို အသိလုပ်ယူရာ၌ သမာဓိကသာ ခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကို သမာဓိနဲ့ တည်ငြိမ်အောင် ချုပ်ကိုင်၍ မလှုပ်နိုင်အောင် ဖမ်းထားလိုက်လျှင် ပညတ်ကမ္မဋ္ဌာန်းအာရုံတွေထဲ မှာသာ ငြိမ်ဝပ်မြုပ်နစ်နေ၏….တဲ့၊ ဒါက ဈာန်သဘောအသိဖြစ်တယ်။
၃။ ၀ိပဿနာလုပ်ငန်းနဲ့ ပရမတ်တရားကို အသိလုပ်ယူရာ၌ ပညာကသာ ခေါင်းဆောင်ရှေ့သွားဖြစ် တယ်၊ စည်းစနစ်ကျကျနဲ့ ပညာဦးစီးပြီး ထိုစိတ်ကို သေသပ်ပိပြားစွာ ထိန်းသိမ်းတွဲယူ၍ ပရမတ်အာရုံထဲသို့ စေလွှတ်ထားလျှင် သူသည် ငြိမ်သက်ဖြောင့်တန်းစွာ တည့်တည့်မတ်မတ်နဲ့ ပရမတ္ထသစ္စာတရားထဲသို့ ၀င်ရောက် နိုင်၏….တဲ့။
အဲဒါကြောင့် ပါပသ္မိံ ရမတိ မနော များသောအားဖြင့် လောကမှာ စိတ်ချည်း သက်သက် ခေါင်းဆောင် အဖြစ်နဲ့ လွှတ်ထားရင် ကာမဂုဏ် အာရုံတောထဲမှာ ဗွက်ပေါက်မည်သာ မှတ်ပေတော့၊ ကဲ… သဘောပေါက်ရဲ့ လား၊ ပညာကိုသာ အမြဲခေါင်းဆောင် ထားပါ၊ ဒါပဲ အသိလုပ်ပါ၊ ထိုစိတ်ကို ပညာနဲ့ ထိန်းချုပ်ဆောင်ယူပါ၊ ကိုင်း… ရှင်းပြီလား။
ဒကာ။ ။ သည်လို အဖြေမျိုးတွေ ကြားသိရတာ တန်ဖိုးရှိလှပါတယ်ဆရာတော်၊ ၂ နံပါတ်နဲ့ ၃ နံပါတ် ထဲရောက်အောင် လုပ်ဆောင်ရမှာပေါ့၊ စိတ်- စိတ်အတိုင်းထားလို့တော့ မဖြစ်တော့ဘူးပဲ၊ သူက ကာမဂုဏ်နဲ့ချည်း နေလာတာ ခုမှပဲ ပေါလောပေါ်လာတော့တယ်၊ ရှင်းပါပြီဘုရား။

ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်ဆိုတာ ဘယ်လိုဣနြေ္ဒတွေလဲ

ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်ဆိုတာ ဘယ်လိုဣနြေ္ဒတွေလဲ
ဒကာ။ ။ မြတ်စွာဘုရားနဲ့သာ ဆက်ဆံတဲ့ အသာဓါရဏဉာဏ်တော် ခြောက်ပါးထဲမှာ ဣန္ဒြိယ ပရော ပရိယတ္တိဉာဏ်ဆိုတာ ဣနြေ္ဒ ၂၂ ပါးလုံးကို ယူရတာလား၊ ဘယ်ဣနြေ္ဒတွေကို ယူရတာပါလဲ ဆရာတော်၊ အနည်းငယ် ရှင်းပြပါ ဘုရား။

ဆရာ။ ။ မြတ်စွာဘုရားသခင်တို့နဲ့သာ ဆက်ဆံတဲ့ ဣန္ဒြိယ ပရော ပရိယတ္တိဉာဏ်တော်မှာပါတဲ့ ဣနြေ္ဒ ဆိုတာ ဗောဓိပက္ခိယတရား ၃၇ ပါးထဲမှာ ပါတဲ့ ဣနြေ္ဒ ၅ ပါးကို ဆိုတာဖြစ်တယ်၊ ဣနြေ္ဒ ၂၂ လုံးကို မယူရဘူး။
မြတ်စွာဘုရား ကယ်ချွတ်ဟောပြောတဲ့အခါ ဒီသတ္တ၀ါမှာ သဒ္ဓါစတဲ့ ဣနြေ္ဒရင့် မရင့်ကို ကြည့်ပြီးတော့ ကာ အဲဒီ သဒ္ဓါ ဣနြေ္ဒ ရင့်ကျက်မှ တရားဟောတော်မူတာ ဖြစ်တယ်၊ သဒ္ဓါစတဲ့ ဣနြေ္ဒ ၅ ပါး မရင့်ဘဲနဲ့ တရား ဟောလို့ မဂ်ဖိုလ်မရဘူး။
ဗောဓိပက္ခိယတရားမှာလာတဲ့ ဣနြေ္ဒ ၅ ပါးဆိုတာက သဒ္ဓိနြေ္ဒ၊ ၀ီရိယနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ အဲဒီ ဣနြေ္ဒ ၅ ပါးပဲ၊ ယင်းတို့ဟာ အဂ္ဂသာဝက မဟာသာဝကတို့နဲ့ မဆက်ဆံဘူး၊ မပိုင်ဘူး၊ ဘုရားပိုင် သက်သက် မြတ်စွာဘုရား သခင်တို့အတွက်သာ ဖြစ်တယ်၊ ကဲ.. ရှင်းရဲ့လား။
ဒကာ။ ။ ရှင်းပါပြီဆရာတော်၊ တပည့်တော်က စက္ခုနြေ္ဒ၊ သောတိနြေ္ဒတွေများ ပါသလားလို့ တွေးမိတာ နဲ့ မေးတာပါ ဘုရား။

ပါဋိဟာရိယ ပညာဆိုတာ ဘာလဲ

ပါဋိဟာရိယ ပညာဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာတရား ပွားများတဲ့သူဟာ ပါဋိဟာရိယပညာဉာဏ်အရေးကြီးတယ်၊ သူရှိမှဖြစ်တယ် လို့ ပြောဟောနေတာ၊ ပါဋိဟာရိယ ပညာဉာဏ်ဆိုတာ ဘယ်လိုဟာကိုခေါ်တာလဲ ဆရာတော်။

ဆရာ။ ။ အင်း.. ( ပါဋိံ သမုခံ ဟာရေတိ ပကာသေတီတိ ပါဋိဟာရိယံ)တဲ့၊ သူ့ရဲ့အနက်အဓိပ္ပါယ်က တော့.. ပါဋိံ သမုခံ- တိုက်ရိုက်၊ တဲ့တိုး၊ မျက်မှောက်၊ ရင်ဆိုင်။
ဟာရေတိ - ပကာသေတိ = ထင်ထင်ရှားရှားနဲ့ ဖော်ပြပေးတတ်၏။ သိစေ၏….တဲ့။
ကဲ အဲဒါကြောင့်မို့ ပါဋိဟာရိယပညာဉာဏ်မည်၏တဲ့၊ သဘောပေါက်ရဲ့လား။
ဒကာ။ ။ ၀ိပဿနာနဲ့ ဘယ်လိုဆိုင်တာလဲ ဆရာတော်၊ နားမလည် သဘောမပေါက်သေးပါဘူး ဘုရား။
ဆရာ။ ။ ပါဋိဟာရိယ ပညာဆိုတာ မမေ့မလျော့တဲ့ သတိရင့်ကျက် ထင်ရှားအားကောင်းမှုကို ခေါ်ဆိုတယ်။
ဝိပဿနာတရားဆိုတာက ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တို့ ပျက်ပျက်သွားမှု အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘာဝတို့ ကို ပြတ်သား ပိုင်းခြားစွာ သိသိသွားတာ ဖြစ်တယ်။
တိုတိုနဲ့လိုရင်းကတော့ ဖြစ်ပေါ်ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တို့ ဓမ္မသဘာဝကို မမေ့တဲ့၊ ရင့်ကျက်အားကောင်းတဲ့ သတိနဲ့ ထင်ထင်ရှားရှား ဘွားကနဲဘွားကနဲ သိသိသွားတဲ့ အသိဉာဏ်ဟာ ပါဋိဟာရိယ ပညာပဲ။
အဲဒီ…ပါဋိဟာရိယ ခေါ်တဲ့ ပညာဉာဏ်က ရုပ်နာမ်တို့ရဲ့ သဘာဝတရားဆိုတာ ဟောဒီ ဥဒယနဲ့ ၀ယပဲလို့ ယူဆောင်ပြပေးလိုက်သလို ဘွားခနဲ ဘွားခနဲနေအောင် ဖော် ဖော်ပေးလိုက်တယ်၊ မူကြိုကျောင်းသင် တန်းပဲ။
အဲဒီအခါကျမှ ၀ိပဿနာပညာက ရုပ်နာမ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိ သိသွားတာတဲ့၊ ပါဋိဟာရိယဉာဏ်က သိစရာ အာရုံ ဓမ္မသဘောကို ထင်ထင်ရှားရှား ဘွားခနဲ ဘွားခနဲနေအောင် ယူဆောင်ကာ ဖော် ဖော်ပြပေးနိုင်ရုံလောက်ပဲ ရှိတာဖြစ်တယ်။ သူ့ရဲ့ စွမ်းအင် ကိလေသာတို့ကို သန့်စင်အောင်တော့ မပယ်နိုင်ဘူးတဲ့။
ဒါကြောင့် ကိလေသာကို ပယ်ရှား ရှင်းနိုင်တဲ့ ၀ိပဿနာဉာဏ် လက်တွင်းကို ရောက်အောင် ခန္ဓာ အာယတန ဓါတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် ရုပ်နာမ်တို့၏ မူလသဘာဝကို ရှေးရှုသယ်ဆောင်ကာ ပို့ပေးတတ်တာဟာ ပါဋိဟာရိယပညာဉာဏ်လို့သာ မှတ်ပေတော့ ဒကာကြီးတို့၊ ဉာဏ်ရှိသူဆိုရင် သိလောက်ပါပြီနော်…
ဒကာ။ ။ အော်.. သူက ၀ိပဿနာဉာဏ်ရဲ့ ရှေးဦးမူကြိုဉာဏ်ပဲကိုး၊ ဒီလိုသိရတာ ကျေနပ်လှပါတယ် ဆရာတော်။

ဓါတ်ဆိုတာ ဘာလဲ၊ ဘာကြောင့် ဓါတ်ကို ဟောရသလဲ

ဓါတ်ဆိုတာ ဘာလဲ၊ ဘာကြောင့် ဓါတ်ကို ဟောရသလဲ
ဒကာ။ ။ ဓါတ်ခေါ်တဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါ ဆရာတော်၊ ဘာ့ကြောင့် ဓါတ်ကို ဟောတော်မူရတာလဲ ဘုရား။

ဆရာ။ ။ “အတ္တနော သဘာဝံ ဓါရေတီတိ ဓါတု” မိမိ၏ လုပ်ဆောင်စရာလုပ်ငန်းကိစ္စ သဘောကို ပြီးစီးအောင် လုပ်ဆောင်တတ်သောကြောင့် ဓါတ်လို့ခေါ်တယ် ဓါတ်ဆိုတာ အဲဒါပဲ၊ သူ့သဘော သူဆောင်သွား တာကို ဓါတ်လို့ ခေါ်တယ်။
ဓါတ်ကို ဘာ့ကြောင့် ဟောသလဲဆိုတော့၊ အတ္တစွဲ၊ ငါစွဲကို ပြုတ်စေလိုသောကြောင့် ဟောရတယ်လို့ မှတ်ပါ၊ တစ်ခုရှင်းပြပေးမည်၊ ကျန်ဓါတ်စုတို့ကိုလည်း သည်နည်းနဲ့ ချဲ့တိုး ဖြန့်ကြည့်ပါ၊ ဉာဏ်ရှိသူဆိုရင် လွယ်လွယ်နဲ့ သိမှာပဲ။
ရူပဓါတ်။ ။ အဆင်းကလည်း သူ့အကြောင်းနဲ့သူ ဖြစ်နေတာ၊ ငါ့ကြောင့် ငါလုပ်လို့ ဖြစ်ပေါ်နေ တာမဟုတ်ဘူး၊ ငါမရှိ ငါ့ဟာ မဟုတ်ဘူး၊ အဆင်းဓါတ်ရယ်၊ မျက်စိအကြည်ဓါတ်ရယ်၊ မြင်သိစိတ်ဓါတ်ရယ် သည်ဓါတ်သုံးပါးပေါင်းဆုံမိလို့ မြင်ရတာ၊ မြင်ပြီးတော့ကော ခိုင်မြဲနေမှုများ ရှိလို့လား၊ မြင် သိ ပျက် သွားတာပဲ၊ သိမ်းထားလို့မရဘူး၊ အဲဒီ.. အဆင်း၊ မျက်စိ၊ မြင်ခြင်း ဓါတ်သုံးပါးထဲမှာ ပုဂ္ဂိုလ် သတ္တ၀ါ ငါသူတစ်ပါး အတ္တဆိုတာ မရှိဘူး၊ ဓါတ်သဘောမျှသာ ရှိတာလို့ သိရအောင် ဟောတော်မူတာသာ ဖြစ်တယ်၊ ကျန်တာတွေလည်း သည့်အ တိုင်းပဲသိပါ၊ အနတ္တ ထင်လာလိမ့်မယ်။
ဒကာ။ ။ မှန်ပါ့၊ အတ္တကင်းအောင် ရှင်းလင်းကြည့်ရှုတတ်ပါပြီ ဆရာတော်။

အာယတနဆိုတာ ဘာလဲ၊ ဘာကြောင့် အာယတန ခေါ်သလဲ

အာယတနဆိုတာ ဘာလဲ၊ ဘာကြောင့် အာယတန ခေါ်သလဲ
ဒကာ။ ။ အာယတနဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါ ဆရာတော်၊ ဘာကြောင့် အာယတနခေါ်ပါသလဲ ဘုရား။

ဆရာ။ ။ အင်း.. လိုရင်းကို ရှင်းရှင်းနဲ့ ပြောပြမည်၊ ဉာဏ်နားထောင်ဖမ်းပါ၊ အာယတနဆိုတာ ၀ဋ်ဆင်း ရဲ ဒုက္ခဖြစ်ကြောင်း တရားစုကို ခေါ်ဆိုတာ ဖြစ်တယ်။
ဝဋ်ဆင်းရဲဆိုတာက အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသ၀ဋ်သုံးပါး ဟာလည်း ဆင်းရဲပဲ၊ ကိလေသ၀ဋ်ဦးစီးပြုလုပ်သော လောကီကုသိုလ် အကုသိုလ်ဆိုတဲ့ကမ္မ၀ဋ်ဟာလည်း ဆင်းရဲပဲ၊ သူတို့ကြောင့် ရလာဖြစ်လာတဲ့ ၀ိပါက၀ဋ်ဟာလည်း ဆင်းရဲပဲ။
အဲဒီ ကိလေသ၀ဋ် ကမ္မ၀ဋ် ၀ိပါက၀ဋ် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့ ၀ဋ်ဆင်းရဲ ဖြစ်ကြောင်းတရားကို “အာယတန” လို့ခေါ်တယ်၊ ထပ်ရှင်းပြဦးမည်။
ဟောဒီ မျက်စိစတဲ့ အတွင်းအာယတနခြောက်ပါးတို့က ရူပါရုံစတဲ့ အပြင်အာယတနခြောက်ပါး ကာမဂုဏ်တရားတွေ ဖြစ်ပွားအောင် ဒုက္ခဆင်းရဲတွေ ဖြစ်အောင်လုပ်နေတာ၊ ဒါကြောင့် အာယတနလို့ ဆိုလိုက်ရင် ၀ဋ်ဆင်းရဲဖြစ်ကြောင်းကို ပြောဆိုတာပဲလို့ မှတ်ပါ၊ ပါဠိစကားဆိုတော့ အသိရခက်တယ်၊ လွယ်လွယ်နဲ့ သိပြီလား။
ဒကာ။ ။ ပေါ်လွင်ထင်ရှား၍ များစွာပဲ ကျေနပ်လှပါတယ် ဆရာတော်။ ဒါကြောင့် သူ့ကို သံသရာလို့ ခေါ်တာကိုး။

တိဟိတ် သြမက ကုသိုလ်ဆိုတာ ဘယ်လိုပြုလုပ်လို့လဲ? ဆိုင်း၊ ဗုံ၊ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ

တိဟိတ် သြမက ကုသိုလ်ဆိုတာ ဘယ်လိုပြုလုပ်လို့လဲ
ဒကာ။ ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆန္ဒပြုပြီး ပြုလုပ်တဲ့ ကုသိုလ်တိဟိတ်က အယုတ်အနိမ့် အောက်တန်းစား တိဟိတ်သြမကကုသိုလ် ဖြစ်သွားရပုံကို ဘယ်လိုပြုလို့ ဖြစ်ရတယ် ဆိုတာ ရှင်းပြပါဆရာတော်။

ဆရာ။ ။ အကြောင်းကံနှင့် ရရှိမည့် ၀ိပါက်အကျိုးအမှန်ကိုသာ ယုံကြည်ကာ နိဗ္ဗာနဆန္ဒပြုပြီးလုပ်လို့ တိဟိတ်ကုသိုလ်ဖြစ်ပေမယ့် အကုသိုလ်ခြံရံပြုလုပ်တဲ့အတွက် အောက်တန်း( သြမာ) တိဟိတ်ကုသိုလ်ဖြစ်ရ တယ်။
ဒကာ။ ။ အကုသိုလ်ခြံရံပုံကို ကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဆရာတော်၊ ပါဠိတွေတော့ မရွတ်ပါနဲ့ ဘုရား။

ဆိုင်း၊ ဗုံ၊ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ
ဆရာ။ ။ ၁။ အပြတ် ပေးစွန့်နိုင်ခြင်း အလောဘဟိတ်။
၂။ ကြည်ညိုခြင်း မေတ္တာ အဒေါသဟိတ်။
၃။ အကြောင်းအကျိုးတရား နားလည်သိရှိမှု အမောဟဟိတ်။
အဲဒီ ဟိတ်သုံးပါးနဲ့ ပြည့်စုံတဲ့ တိဟိတ်ကုသိုလ်လုပ်တဲ့နေရာမှာ အပျော် ၊အပါး(အတီး၊ အမှုတ်၊ အက၊ အဆိုတွေကို) ထည့်ကြတယ်၊ အဲဒါ အကုသိုလ်တွေပဲ၊ အတုအပ အပြိုင်အဆိုင် ဂုဏ်ပကာသနတွေပါပြန်တယ်၊ အဲဒါလည်း အကုသိုလ်တွေပဲ။ အဲဒီလို ကုသိုလ်လုပ်တဲ့နေရာမှာ အကုသိုလ်တွေပါနေရင် ဒီကုသိုလ်ဟာ ဉာဏသမ္ပယုတ်တိဟိတ် ကုသိုလ်ဖြစ်ပေမင့် ယုတ်ညံ့တယ်၊ အောက်တန်းစားကျတယ်၊ ဒါကြောင့်မို့ သူ့ကို တိဟိတ်သြမက ကုသိုလ်ခေါ်တယ်၊ ရှင်းရဲ့လား၊ ဆိုင်း၊ ဗုံ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ ဆိုတာမျိုးပဲ။ ဒါက လူပါး လူနပ် လူတတ်များ နားလည်ရုံ ဖြေကြားတာ၊ ခက်တယ်။
ဒကာ။ ။ ရှင်းလင်းပြတ်သား၍ နားလည် ကျေနပ်လှပါတယ် ဆရာတော်၊ နောင်ခါဒါမျိုးတွေ ရှောင်ရှားပါတော့မည် ဘုရား။

ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင် စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား

ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင်
စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား
ဒကာ။ ။ ဆရာတော်ကြီး တစ်ပါးက ကိုယ်အမြဲ အသက်ရှူနေတာပဲဟာ တခြား ဘာမှတ်စရာ လိုသေး သလဲ၊ အာနာပါန ကမ္မဋ္ဌာန်း မှတ်ကြ၊ အာနာပါန သတိမိရင် စူဠသောတာပန်ပဲ၊ အပါယ်မကျတော့ဘူးဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးပါဦး ဘုရား။

ဆရာ။ ။ အင်း… ဒါက ရုပ်နာမ်တို့ ဖြစ်ပျက်မှု အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော၌ နှီးနှောဆက်စပ်နိုင်တဲ့ သစ္စဉာဏ်ရှိပြီးသားတို့အတွက် မခက်လှပါဘူး မှန်ပါတယ်၊ အာနာပါန ကမ္မဋ္ဌာန်းဟာ အလွန်ကောင်းမြတ်ပြီး လူတိုင်းနဲ့ သင့်လျော်ပါတယ်လေ၊ ကိုယ်အမြဲအသက်ရှူနေတာပဲဟာ ရှုမှတ်ကြပေါ့ လွယ်ပါတယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်ရုံလောက် စူဠသောတာပန် ဖြစ် မဖြစ်အကျဉ်းနည်း ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ အင်း… အကျဉ်းကလေးနဲ့ နားလည်ရုံ ပြောပြမည်၊ ဉာဏ်နားနဲ့ မှတ်သားပါ၊ ဒကာကြီးတို့ရဲ့ နှာခေါင်းထဲ လေ၀င်လာတဲ့အခါ တစ်ကိုယ်လုံးမှာ ရုပ်နာမ်တွေ ဖြစ်လာတာကို ဉာဏ်နဲ့မြင်အောင် ရှုကြည့်ရတယ်၊ ၀င်ဆဲခဏမှာ ဖောင်းပွ တိုးတက်တွန်းကန်သွားကာ ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေနဲ့ အဲဒါကို သိမှတ်ခံစား စေ့ဆော့်နေတဲ့ နာမ်တရားတွေဟာ ထွက်သောအခါသို့ မရောက်ခင် ၀င်ဆဲခဏမှာပဲ ချုပ်ပျောက်ကုန်သော ကြောင့် အနိစ္စ အနိစ္စလို့ ဉာဏ်နဲ့မှတ်ရတယ်၊ သူ့ဉာဏ်ထဲမှာ ထင်မြင်လာတယ်။
ဒီလို တစ်ကိုယ်လုံး တစ်ကောင်လုံး ၀င်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တွေဟာ ထွက်ဆဲခဏသို့ မပါဘဲ ၀င်ဆဲခဏမှာပင် ပျက်စီးချုပ်ပျောက်ကုန်သောကြောင့် တာရှည်ခံအောင် သိမ်းထားလို့မရ အနှစ်မပါ လိုရာ မကျ အစိုးမရသောကြောင့် အနတ္တ အနတ္တလို့ ဉာဏ်နဲ့ မှတ်ရတယ်၊ ထင်မြင်လာတယ်။
အဲဒီလို အနိစ္စ ဒုက္ခ အနတ္တ သဘောကို ဉာဏ်နဲ့နှလုံးသွင်း ရှုမှတ်လိုက်တဲ့အခါကျတော့ သူ့မှာ မဂ္ဂသစ္စာ ဉာဏ်တွေ ပေါ်လာတဲ့အတွက် စူဠသောတာပန်လို့ ခေါ်ရတယ်၊ ဖြစ်ပျက်အနိစ္စလက္ခဏာ ရှုပွားနေတာဟာ မဂ္ဂသစ္စာပဲ။
စူဠသောတာပန်ဟာ ရုပ်နာမ်တို့ ဒုက္ခသစ္စာကိုမြင်တယ်၊ ရုပ်နာမ်တို့ဖြစ်ကြောင်း သမုဒ္ဒယသစ္စာကိုလည်း မြင်တယ်၊ နိဗ္ဗာန်ကိုလည်း အနုမာန မျှော်မှန်းဉာဏ်နဲ့ သိတယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ မဂ္ဂင်ဉာဏ်မှာလည်း သူ့မှာရှိတယ်၊ အဲဒီ သစ္စာလေးပါး အသိရှိနေတဲ့ သစ္စဉာဏ်ရှိနေတဲ့သူဟာ အပါယ်မကျ ကောင်းဘူးတဲ့၊ ကဲ…ရှင်းရဲ့လား၊ အဲဒါ စူဠသောတာပန် ဖြစ်တာပဲ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ ပညာမဂ္ဂင် သစ္စဉာဏ် ရရှိသိမြင်ထားဖို့ဟာ အရေးတကြီးလိုတာ ခုမှပဲ ရှင်းတော့တယ်၊ တိုတိုတိတိနဲ့ ကျေးဇူးရှိလှပါတယ် ဆရာတော်။

သာသနာတော်မှာ ဘယ်တရားကို ပွားများဖို့ အရေးကြီးဆုံးလဲ

သာသနာတော်မှာ ဘယ်တရားကို ပွားများဖို့ အရေးကြီးဆုံးလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာ သာသနာတော်မှာ ဘယ်တရားဟာ လိုရင်းမူလလဲ၊ ဘယ်တရားဓမ္မကို ပွားစီးသတိရဖို့ အရေးအကြီးဆုံးပါလဲ၊ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တော်စာပေက ဘယ်လိုများ ညွှန်ကြားထားပါသလဲ ဆရာတော်။

ဆရာ။ ။မြတ်ဗုဒ္ဓသာသနာတော်မှာ (သီလာနုဿတိ) သီလဓမ္မကို ပွားစီးသတိရဖို့ အရေးအကြီးဆုံးပဲ ဒကာကြီးတို့ရ၊ ပိဋကတ်တော်စာပေ ညွှန်ကြားချက်ကလည်း သီလကိုလိုရင်းမူလညွှန်ပြထားတယ်။
သီလန လက္ခဏံ သီလံ တဲ့။
သီလံ- သီလဓမ္မသည်၊ သီလန လက္ခဏံ- ကာယသုစရိုက်၊ ၀စ္စသုစရိုက်တို့ကို မပျက်စီးရအောင် ချုပ်၊ ထိန်း ကွပ်ကဲစောင့်ရှောက်ထားခြင်း လက္ခဏာရှိ၏။ ၀ါ- ထိုထိုကုသိုလ်ဟူသမျှတို့၏ တည်ရာ ရွှေခွက်ကြီးနဲ့ တူ၏တဲ့။
နောက်တစ်ချက် မြတ်ဗုဒ္ဓ ဆက်လက်မိန့်ကြား ဟောထားတော်မူပုံကတော့…
သိရဋ္ဌ သီတလဋ္ဌေဟိ၊
သလန သုပနဋ္ဌတော။
သာလာယ သဒိသတ္တာ စ၊
သီလန္တိ ၀ုစ္စတေ ထ၀ါ။
သိရဋ္ဌ သီတလဋ္ဌေဟိ၊ ဦခေါင်းနှင့်တူသောအနက်သဘော၊ ငြိမ်းချမ်းအေးမြသော အနက်သဘောတို့ ကြောင့်။ သီလန္တိ ၀ုစ္စတေ၊ သီလဟု ခေါ်ဆိုရ၏တဲ့။
သလန သုပနဋ္ဌတော၊ လှုပ်ရှား ထကြွ သောင်းကျန်းသော အကုသလဓမ္မ ဒုစရိုက်အကျင့်ပျက်တို့၏ ငြိမ်သက် အိပ်စက်ရာဖြစ်သောကြောင့်လည်း။ သီလန္တိ ၀ုစ္စတေ၊ သီလဟု ခေါ်ဆိုရ၏တဲ့။
အထ၀ါ၊ နောက်တစ်မျိုးကတော့။ သာလာယ သဒိသတ္တာ စ၊ ဧည့်သည် ခရီးသွား အပေါင်းတို့၏ ချမ်းသာစွာ နားနေခိုအောင်းရာ ဇရပ်နှင့် တူသောကြောင့်လည်း။ သီလန္တိ ၀ုစ္စတေ၊ သီလဟု ခေါ်ဆိုရ၏တဲ့။
ဒါကြောင့် သူတော်ကောင်းတို့၏ အေးငြိမ်းချမ်းသာစွာနဲ့ နားနေရာ သမာဓိပညာ သူတော်တရားတို့၏ တည်နေရာဇရပ် ရွှေခွက်နဲ့တူတဲ့သီလ၊ သို့မဟုတ် သတ္တ၀ါတို့၏ အရေးအကြီးဆုံး ဦးခေါင်းနဲ့တူတဲ့ သီလဟာ သမာဓိတို့ ပညာတို့ထက် အရေးကြီးတယ်လို့ မှတ်ပါ။
ဒကာ။ ။ ဒကာကြီးတို့ ဒါထက် ပိုမိုနားလည်အောင် အနည်းငယ်မျှ ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ သီလတော သုခိတေ။ ။ သီလကြောင့် ကိုယ်ရောစိတ်ပါ ချမ်းသာစွာ နေထိုင်ကြရတယ် တဲ့။
သုခံ သမာဓတ္ထာယ။ ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသည် စိတ်နှလုံးတည်တံ့မှု သမာဓိရခြင်း၏ အကြောင်းရင်းပဲတဲ့။
ကဲ…သီလရှိလို့ ကာယဒုစရိုက်အပြစ်နဲ့ ၀စီဒုစရိုက်အပြစ် ကင်းစင်ပြီးတော့ကာ တည်ငြိမ်မှုသမာဓိရှိလာ တယ်၊ တည်ငြိမ်တဲ့ သမာဓိစိတ် ရှိနေပြီဆိုရင်……
သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ။
သမာဓိရှိတဲ့ ယောဂီဟာ ဟုတ်တိုင်းမှန်ရာ ရုပ်နာမ်တို့ သဘောတရားကို သမ္မသနဉာဏ်နဲ့ ကိုယ်ထဲမှာ စိုက်ပြီး လိုက်ရှာစစ်ဆေးလိုက်ရင် မခိုင်မြဲတဲ့ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်တွေကိုသာ တွေ့မြင်နေရတော့ အင်း.. ငါမရှိ၊ ငါမဟုတ်တဲ့ ရုပ်နာမ်မျှသာ ဖြစ်ပျက်နေတာပဲ၊ ငါမှမရှိရင် ငါ့ဥစ္စာ ဘယ်လိုနည်းနဲ့ ဖြစ်နိုင်ပါ့မလဲဆိုတဲ့အတွေး ယထာဘူတဉာဏ်မှန်တွေ ဖြစ်ပေါ်လာကာ ဒိဋ္ဌိစွဲပြုတ်၊ ငါ သူတစ်ပါးယောက်ျား မိန်းမ ဟိုဘ၀ ဒီဘ၀ဆိုတဲ့ ယုံမှားသံသယ ၀ိစိကိစ္ဆာတွေပြုတ်၊ အရိယာပိုင်းကူးပေါ့၊ ကဲ…. ရှင်းရဲ့လား “သီလေ ပတိဋ္ဌာယနရော” တွေ ဘာတွေ ပြောစရာတွေ အများကြီးကို ချန်ထားခဲ့တာနော်။
ဒကာ။ ။ ရှင်းလိုက် ကောင်းလိုက်တာ ဆရာတော်၊ သီလနဲ့တူတဲ့ ဦးခေါင်းပြတ်ရင် သေတဲ့သူနဲ့ အတူတူပေါ့၊ သီလဟာ သာသနာတော်ရဲ့ အသက်ပဲနော် ဆရာတော်။

မဂ်စိတ်တစ်ပါးက ဈာန် ၅ ပါးလုံးကို ယှဉ်တွဲ ရယူနိုင်ပါသလား

မဂ်စိတ်တစ်ပါးက ဈာန် ၅ ပါးလုံးကို ယှဉ်တွဲ ရယူနိုင်ပါသလား
ဒကာ။ ။ လောကုတ္တရာစိတ် ရှစ်ပါးကို ဈာန်ငါးပါးနဲ့ ပွားတဲ့အခါ လေးဆယ်ရလို့ လောကုတ္တရာစိတ် အကျဉ်း ရှစ်ပါး၊ အကျယ်လေးဆယ်ဟု ဆိုထားရာ မဂ်စိတ်တစ်ပါး ဖြစ်တဲ့အခါမှာ ဈာန်ငါးပါးစလုံးနဲ့ အတူဖြစ်နိုင်ပါသလား ဆရာတော်၊ ဒါ.. အငြင်းထနေကြလို့ ရှင်းပြပေးပါဦး ဘုရား၊ အကျယ်ကြီးတော့ မလုပ်ပါနဲ့ ဆရာတော်၊ ရှုပ်ကုန်မှာစိုးလို့ပါ။

ဆရာ။ ။ အင်း… အကျဉ်းကလေးနဲ့ နားလည်အောင်ပြောတာကို နားလည်အောင် နားထောင်ပါ၊ နက်နဲ ခက်ခဲတယ် ဒကာကြီးတို့ရ။
ဝိပဿနာတရားပွားများနေတဲ့ ယောဂီဟာ ရုပ် နာမ် ဓမ္မတို့ ဖြစ်ပျက်မှု အထဲမှာ သတိအား အလွန် ကောင်းပြီး သမ္မာသမာဓိ မဂ္ဂင်ဘာဝနာက (အ၀ိက္ခေပ ဘာဝနာ) မပျံ့လွင့်တဲ့ ပွားများမှုအပိုင်းထဲ ရောက်နေတယ်၊ အဲဒီ သမ္မာသမာဓိ မဂ္ဂင်ဆိုတာ သူရဲ့တရားကိုယ်က ဧကဂ္ဂတာစေတသိက်ကို ခေါ်တာပဲဖြစ်တယ်။
ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပဉ္စမဈာန်ဆိုတဲ့ ဈာန်ငါးပါးတို့တွင် အဲဒီ သမ္မာသမာဓိမဂ္ဂင်ခေါ်တဲ့ ဧကဂ္ဂတာက တစ်ပါးစီ တစ်ပါးစီသော ဈာန်နှင့်ယှဉ်သော မဂ်ကိုသာဖြစ်စေတာ၊ မဂ်တစ်ပါးမှာ ဈာန်ငါးပါးလုံး အတူတူ တစ်ပြိုင်နက် မဖြစ်စေနိုင်ဘူး။
ဒါကြောင့် တချို့မဂ်က ပထမဈာန်နဲ့ အတူတူဖြစ်လို့ သူ့ကိုပထမဈာန်မဂ်လို့ ခေါ်တယ်၊ ဒီအတိုင်းပဲ တချို့မဂ်က ဒုတိယဈာန်မဂ်၊ တချို့မဂ်က တတိယဈာန်မဂ်၊ တချို့မဂ်က စတုတ္ထဈာန်မဂ်၊ တချို့မဂ်က ပဉ္စမဈာန်မဂ်လို့ မဂ်က ကွဲပြားသွားတယ်၊ တစ်မဂ်ထဲက ဈာန်ငါးပါးလုံးကို မဖြစ်၊ မယူနိုင်ဘူးလို့ မှတ်ရမည်၊ သဘောမိရဲ့လား။
ဒကာ။ ။ ဒါထက် ပေါ်လွင်အောင် နည်းနည်း ထပ်မိန့်ပါဦး ဆရာတော်၊ ဒကာကြီးတို့ဉာဏ်ထဲ မသဲမကွဲ ဖြစ်နေပါတယ်။
ဆရာ။ ။ အင်း.. မဂ်စိတ်လေးပါးထဲက ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်စိတ် ဖြစ်လိုက်ရင် မဂ္ဂင်ရှစ်ပါး စလုံးဟာ အဲဒီမဂ်စိတ်နဲ့ တစ်ပြိုင်နက်တစ်ချက်တည်း အတူတူဖြစ်တာ၊ ကျန်တဲ့ မဂ်စိတ်တွေကိုလည်း ဒီအတိုင်းပဲ ယူရမှတ်ရမည်နော်။
အဲဒီမဂ္ဂင်ရှစ်ပါးထဲမှာ ဧကဂ္ဂတာစေတသိက်ခေါ်တဲ့ သမ္မာသမာဓိမဂ္ဂင်က တစ်ပါးသာ ပါတာ၊ မဂ်စိတ်နဲ့အ တူတူ တစ်ပြိုင်နက် တစ်ချက်သာဖြစ်ပြီး ချုပ်သွားတာပဲ။
အဲဒီ သမ္မာသမာဓိခေါ်တဲ့ ဧကဂ္ဂတာစေတသိက်က မဂ်စိတ်တစ်ခုခဏမှာ ဈာန်တစ်ပါးကိုသာ ဖြစ်နိုင်တာ၊ သဘောပေါက်ရဲ့လား၊ ထပ်ပြောဦးမည်။
ပထမဈာန်စတဲ့ ဈာန်ငါးပါးရှိတဲ့အထဲမှာ မဂ်စိတ်နဲ့ယှဉ်တဲ့ သမ္မာသမာဓိ မဂ္ဂင်၏ တရားကိုယ်က ဧကဂ္ဂတာစေတသိက်လို့ ပြောခဲ့တယ်။
အဲဒီ ဧကဂ္ဂတာစေတသိက်က ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပဉ္စမဈာန်ဆိုတဲ့ ဈာန်ငါးပါးတို့အထဲက တစ်ပါးပါးသော ဈာန်နှင့်ယှဉ်သော မဂ်ကိုသာ ဖြစ်စေနိုင်တာ၊ တချို့မဂ်က ပထမဈာန်မဂ်၊ တချို့မဂ်က ဒုတိယဈာန်မဂ်၊ တချို့မဂ်က တတိယဈာန်မဂ်၊ တချို့မဂ်က စတုတ္ထဈာန်မဂ်၊ တချို့မဂ်က ပဉ္စမဈာန်မဂ်လို့ မဂ်အမည်တွေ ကွဲပြားခြားနားသွားတာ၊ တစ်မဂ်မှာ ဈာန်တစ်ပါးသာ ဖြစ်လို့ သမ္မာသမာဓိ မဂ္ဂင်ဟာ မဂ်ခဏမှာ ဈာန်ငါးပါးလုံးကို မဖြစ်နိုင်ဘူး၊ မဂ်ခဏမှာ ဈာန်တစ်ပါးကိုသာ ဖြစ်စေပြီးတော့ မပျံ့လွင့်အောင် ပွားစီးစေတာဖြစ်တယ်၊ ဒါကြောင့် မဂ်စိတ်တစ်ပါးဟာ ဈာန်ငါးပါးလုံးနဲ့ အတူတစ်ပြိုင်တည်း မဖြစ်နိုင်လို့ မှတ်ပေတော့၊ ကဲ…. သဘောပေါက်ရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ သဘောပေါက် ကျေနပ်မှုရပါပြီဆရာတော်။

ဘုရားအလောင်း ဒုက္ကရစရိယာခန်း၌ မစင်စား ကျင့်သလော

ဘုရားအလောင်း ဒုက္ကရစရိယာခန်း၌ မစင်စား ကျင့်သလော
ဒကာ။ ။ လူတရားဟောဆရာအချို့က အလောင်းတော် သိဒ္ဓတ္တမင်းသားဟာ တောထွက်ကာ ရဟန်းပြုလျက် ဒုက္ကရစရိယာ ကျင့်တဲ့အချိန်မှာ နွားမစင်ကို ကောက်စားပြီးတော့ ဘုရားဖြစ်အောင် ကျင့်တယ်၊ မစင်စားပြီးတော့ ဖြစ်လာတဲ့ဘုရား၊ ဘာညာနဲ့ မြတ်စွာဘုရားသခင်၏ ဂုဏ်ပုဒ်တွေကို ရှုပ်ချ ပြောဆိုနေကြပါတယ် မစင်စားတယ်ဆိုတာ မှန်ပါသလား ဆရာတော်၊ သူတို့ကတော့ ပိဋကတ်တော်စာအုပ် အကိုးအကားနဲ့ လူများစွာတို့ ယုံစားလာအောင် ပြောကြားဟောဆိုနေကြပါတယ်၊ အမှား အမှန် ဝေဖန်ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ လာပြန်ပြီလား၊ ဒီအမေးပဥှာဟာ ဒါကိုပဲ မကြာမကြာ လာလာမေးကြတယ်၊ ကိုင်း... နားထောင်ကြ အမှန်ကို ရှင်းပြမယ်၊ အဲဒီစကားဟာ သာသနာဖျက်သမားတွေရဲ့ စကားသာဖြစ်တယ်၊ သူတို့က တော့ ဗုဒ္ဓဘုရားရဲ့ ဂုဏ်တွေပျက်အောင်၊ သာသနာမြန်မြန်ပျက်ဖို့အတွက် ဘာသာရေးဘက်က အ၀ါးမ၀သေးတဲ့ မသိနိုးနားတို့ ယုံမှားသံသယဖြစ်အောင် ပိဋကတ်တော် စာပေထဲက မပြည့်မစုံပုဒ်တွေကို ရှာဖွေ ထုတ်ယူပြီး မဟုတ်မဟတ် အယုတ်တမာဇာတ်တွေ ခင်းကျင်းပြောဆိုပြီး မီးပုံထဲ အတူတူဆင်းဖို့ အဖော်ခေါ်နေကြတာတွေ ဖြစ်တယ်၊ အဲဒါတွေကိုယုံရင် မီးပုံထဲခုန်ဆင်းဖို့ကတော့ သေချာတာပဲ။
ဒကာကြီးတို့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်ပေါ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားဟာ ပါရမီဉာဏ်တွေ ရင့်ကျက်လို့ တောထွက်လျက် ဘုရားဖြစ်တော့မည့် ဆဲဆဲ နောက်ဆုံးဘ၀ ခြောက်နှစ်တာ ကာလအတွင်းမှာ မစင်စားပြီးတော့ ဘုရားဖြစ်အောင် ကျင့်တယ်ဆိုတာဟာ အတော့်ကို ရက်စက်ယုတ်ညံ့တဲ့ စကားပဲနော်....၊ သည်စကားမျိုးကို အထက်တန်းစား အမျိုးကောင်း သားသမီးမျာသာဖြစ်ရင် မပြောဝံ့ဘူးပဲ ဒကာကြီးတို့ရ၊ ကဲ...နေပါဦး၊ အဲဒီ မစင်စားတယ်ဆိုတဲ့ တရားစကားကို ဘယ်သူတွေက ပြောဟောနေကြတာလဲ ဒကာကြီးတို့ရ။
ဒကာ။ ။ ဘယ်ဆရာတော်ရဲ့ တပည့်တွေဆိုလားပဲ ဘုရား၊ သူတိုရဲ့ ဆရာကတော့ မရှိတော့ဘူးတဲ့၊ သူတို့ဆရာရဲ့ ၀ါဒကို အဲဒီလူတစ်စုက လိုက်ဖြန့် ဟောကြားနေတာပဲ။
သူတို့က ပိဋကတ်တော် စာပေထဲမှ ထုတ်ယူဟောကြားနေတယ် ဆိုတော့ကာ အဲဒီလိုမစင်စားပြီးကျင့် တဲ့ အကြောင်းအရာဟာ ပိဋကတ်တော်စာပေထဲမှာ ပါလို့လား ဆရာတော်။
ဆရာ။ ။ အင်း.. ဒီအကြောင်းအရာတွေက ပိဋကတ်တော်မှာပါတာက သူတို့ပြောသလို မဟုတ်ပါဘူး၊ အလောင်းတော်မြတ်ဟာ ဘုရားဖြစ်ဖို့အရေး ဗျာဒိတ်ပေးခံယူတော်မူပြီးနောက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့်လာခဲ့တဲ့ အချိန်ကာလအတွင်းမှာဆိုရင် ကမ္ဘာတစ်သိန်းကိုတော့ ဖယ်ထားလိုက် ကမ္ဘာတစ်သိန်းရဲ့ ဟိုဘက်ကမ္ဘာအသင်္ချေ မရေတွက်နိုင်တဲ့ လေးသင်္ချေရဲ့ အပိုင်းကာလတွေမှာ အကျင့်မှား အယူမှားတွေနဲ့ မိုက်ခဲ့ ဆိုးခဲ့တာတွေဟာ အများကြီးပဲ ရှိခဲ့တယ်။
သုရာဓုတ္တ- မိုးမလင်းအောင် မူးမိုက်နေတဲ့ သေသောက်ကြူးဘ၀မှာဆိုရင် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးတာပဲ၊ ဣတ္တိဓုတ္တ - အမျိုးသမီးတွေကို ဖြားယောင်းဖျက်ဆီး အပျော်ကြူးတဲ့နေရာမှာလည်း ပြိုင်ဖက်တွေကို အနိုင်ယူဗိုလ်ကျခဲ့တာပဲ၊ ဉာဏ်ပညာနုတဲ့အခါရဲ့ ဘ၀တစ်လျှောက်မှာ မကောင်းတာတွေကို ကုန်အောင်စုံ ပြုလုပ် မှားယွင်းခဲ့ဖူးတယ်။
အဲဒီ မကောင်းလုပ်တာတွေက ပေးလိုက်တဲ့ လုပ်ခ မကောင်းကျိုး ဆင်းရဲဒုက္ခအမျိုးမျိုးဟူသမျှတို့ကို လည်း မရှုမလှ အလူးအလဲ ခံစားခဲ့ရတာပဲ၊ အဲဒါတွေဟာ ဘ၀ရဲ့မသာယာစရာ ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်၊ အသိဉာဏ်နုသေးတဲ့ ဘ၀သမားတွေဟာ ဒီလိုအမှားမှားတွေကို မုချလုပ်မိကြမှာပဲ၊ ပြုလုပ်မိရင်လည်း ဆင်းရဲဒုက္ခ မုချရရှိခံစားရမှာပဲ ဆိုတာကို သိစေချင်လို့ သိစေလိုတဲ့အတွက် ဘုရားဖြစ်တော်မူတဲ့အခါမှာ မိမိကိုယ်တိုင်ပင် ကမ္ဘာတစ်သိန်းရဲ့ ဟိုမှာဘက်ပိုင်း ဉာဏ်နုတဲ့အခါက မကောင်းဆိုးဝါးတဲ့ မိစ္ဆာအကျင့်မှားတွေ ပြုမူကျူးလွန်မိခဲ့ လို့ မကောင်းကျိုး ဆင်းရဲဒုက္ခအမျိုးမျိုးတွေ ခံစားခဲ့ရဖူးတယ်ဆိုတာကို ရဟန်းရှင်လူများ သိစေရန် နောက်ကြောင်း အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်း၍ ဟောကြားတာသာ ဖြစ်တယ်၊ အဲဒီဟောကြားချက် မုက္ခပါဋ္ဌ် တော်တွေဟာ ပိဋကတ်တော်ထဲမှာ ရှိနေတာပေါ့၊ ကဲ.. ရှင်းရဲ့လား။
ဒကာ။ ။ အဲဒီဖြစ်ရပ် အကြောင်အရာတွေဟာ ပိဋကတ်တော်မှာ ဘယ်သူ့ကို အကြောင်းပြုပြီးတော့ ဘာ့ကြောင့် ဒီမစင်စားကျင့်မှု အတိတ်ကြောင်းမှားတွေကို ဟောကြားတော်မူရတာလဲ ဆရာတော်၊ အနည်းအကျဉ်း ရှင်းပြပေးပါဦး ဘုရား။
ဆရာ။ ။ အင်း... သုတ္တန်ပိဋက မဇ္ဈိမနိကာယ် မူလပဏ္ဏာသ မဟာသီဟနာဒသုတ် ပါဠိတော် ဆဋ္ဌမူ စာမျက်နှာ ၁၁၁ မှာ ကောရခတ္တိယမည်တဲ့ တိတ္ထိတစ်ယောက်က ခွေးတို့၏ အလေ့အကျင့်ကို ယူပြီးတော့ ခွေးလို အ၀တ်မဆီး ကိုယ်လုံးတီးနဲ့ ပြာပုံထဲမှာဝပ်တယ်၊ အိပ်တယ်၊ နေတယ်၊ သပိတ်ခွက်မဆောင်ဘဲ မြေမှာ ပုံပေးထား တဲ့ အစာအာဟာရကို လက်နဲ့မယူစားဘဲ လေးဘက်ထောက်ပြီးတော့ ခွေးစားသလို ပါးစပ်နဲ့ ထိုးဟပ်စားကာ ခွေးသွားသလို သွားနေတာကို လိစ္ဆ၀ီမင်းသား သုနက္ခတ္တရဟန်းက တွေ့မြင်ရတဲ့အခါ အားရနှစ်သက်စွာနဲ့ ဟာ... ဒါမှ ရဟန္တာအရှင်မြတ်ကြီး အစစ်ဖြစ်တာ ဂေါတမဘုရားက ရဟန္တာအစစ် မဖြစ်သေးဘူး။
ဤရဟန္တာအရှင်မြတ်ကြီးက ဂေါတမရဲ့ အကျင့်သိက္ခာထက် သာလွန်မြင့်မြတ်သော အကျင့်သိက္ခာနဲ့ ပြည့်စုံတယ်၊ သပိတ် သင်္ကန်းရှာမှီးစရာမလိုဘဲ သင်္ကန်း ဖွပ်လျော်ရခြင်း၊ ချုပ်ဆိုးရခြင်း ကိစ္စလည်း မရှိ၊ သပိတ်ခွက်လက်တို့ကို ဆေးကြောစရာလည်း မလိုဘဲ မြေမှာ ပုံပေးထားတာကို ခွေးလို ပါးစပ်နဲ့ ထိုးဟပ်စားရုံပဲ ဖြစ်တယ်၊ အလွန်ပေါ့ပါးသော အကျင့်မြတ်တရားပဲဟု ကောရခတ္တိယတိတ္ထိကြီးကို ချီးကျူးသမှုပြုတယ်၊ ယင်းအ ကျင့်ကိုလည်း အာရနှစ်သက်စွာ ခံယူလိုက်တယ်တဲ့၊ ဒါတွင်မကသေးဘူး...
ဂေါတမဘုရားရဲ့ အကျင့်တရားတွေက ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေ ရှာဖွေပြုပြင် သိမ်းဆည်းရတဲ့ ပလိဗောဓတွေ များလွန်းတယ်ဟု ကောရခတ္တိယရဲ့ ခွေးအကျင့်ကို နှစ်သက် ချီးမွမ်း ပြောဆိုကာ ဂေါတမ မြတ်စွာဘုရားသခင်ကို အမျိုးမျိုး စွပ်စွဲကဲ့ရဲ့ရှုပ်ချ အပြစ်ပြ ပြောဆိုတော့တာပဲတဲ့။
အဲဒီအခါမှာ မြတ်စွာဘုရားသခင်က ချစ်သား သုနက္ခတ္တ၊ ကောရခတ္တိယရဲ့ ဒီအကျင့်တရားတွေဟာ မှားယွင်းယုတ်ညံ့သော မိစ္ဆာအကျင့်တွေသာ ဖြစ်တယ်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ဘူး၊ ငါကိုယ်တိုင် ဤကမ္ဘာမှပြန်၍ရည်သည်ရှိသော် ကမ္ဘာတစ်သိန်းရဲ့ ဟိုမှာဘက် ဉာဏ်နုစဉ်အခါတုန်းက ဒီလိုမှားသော ကိုယ်လုံး တီးနဲ့ နေခြင်းစတဲ့ မိစ္ဆာအကျင့်မျိုးတွေကို ကုန်အောင်စုံ ကျင့်ခဲ့ဖူးပြီလို့ သုနက္ခတ္တရဟန်းကို သူကျင့်ခဲ့ဖူးတဲ့ (ဒုက္ကရကာရိက) မချီးမွမ်းစရာ အကျင့်မှားတွေကို ပြန်လည်ပြောပြပေမင့် သုနက္ခတ္တရဟန်းက ဘုရားစကားကို နားမထောင်တော့ဘဲ မြတ်စွာဘုရားကို အထင်သေးကာ ကဲ့ရဲ့စကားတွေကိုသာ ပြောကြား၍ နေပြန်သော ကြောင့် မြတ်စွာဘုရားက သုနက္ခတ္တကို မောဃပုရိသ၊ သဘောထားလျက် ရှင်သာရိပုတ္တရာကို ယခုလိုပြန်ဟောတော်မူတာ ဖြစ်တယ်။
အဘိဇာနာမိ ခေါ ပနာဟံ သာရိပုတ္တ (လ) တိဏဘက္ခော ၀ါ ဟောမိ၊ ဂေါမယဘက္ခော ၀ါ ဟောမိ (လ) သကံယေ၀ သုဒံ မုတ္တကရီသံ အာဟာရေမိ။
ကဲ... အဲဒါ ပါဠိတော်မှာလာတဲ့ ဒေသနာ အကျယ်ထဲက အနည်းငယ်မျှ ထုတ်ပြချက်ပဲ၊ ဆိုလိုရင်းက ချစ်သား သာရိပုတ္တရာ၊ ငါဘုရားနုစဉ်က ယွင်းယွင်းမှားမှားနဲ့ လူအများ ပြုခြင်းငှာ မစွမ်းနိုင်တဲ့(ဒုက္ကရ ကာရိက) ခက်ခဲစွာ ပြုကျင့်ခဲ့ပုံတွေကတော့ ရံခါ တစ်နေ့လုံးအတွက် ဆီးသီးကလေးတစ်လုံးတည်း စားပြီးတော့လည်း နေခဲ့ တယ်၊ တိဏ ဘက္ခော ၀ါ ဟောမိ၊ မြက်ကိုစားပြီးတော့လည်း ကျင့်ခဲ့ဖူးတယ်၊ ဂေါမယ ဘက္ခော ၀ါ ဟောမိ၊ နွားငယ်ကလေးတွေစွန့်ထားတဲ့ နွားချေးမစင်ကိုလည်း စားပြီးတော့ ကျင့်ခဲ့တယ်၊ သကံ ယေ၀ သုဒံ မုတ္တကရီသံ အာဟာရေမိ၊ ငါကိုယ်တိုင် ကျင်ကြီးကျင်ငယ်တို့ကို စားသုံးမှီဝဲပြီးတော့လည်း ကျင့်ခဲ့ဖူးတယ်။
အဲဒီလို မိစ္ဆာအကျင့်ရှိသူမျိုးကို ပညာမဲ့ အန္ဓဗာလများကသာ ကိုးစား အားထားကာ ချီးမွမ်းကြည်ညိုမှုပြု ၍ တပည့်ခံလျက် လိုက်နာကျင့်သုံးကြမှာ ဖြစ်တယ်၊ ယင်းအကျင့်မှား တို့ကား ပညာရှိများ၏ အရာမဟုတ်ချေဟု မိမိ၏ အတိတ်အကြောင်းဖြစ်ရပ် အမှားတွေကို ရဟန်းရှင်လူတို့ ထပ်မမှားစေဘဲ အမှန်သိရအောင် ပြန်ဆောင် ဟောကြားတော်မူတဲ့ ကမ္ဘာတစ်သိန်း ဟိုဘက်က ပြုကျင့်ခဲ့ဖူးတဲ့ ဒေသနာတော်သာဖြစ်တယ်၊ အကျယ် စိတ်ဝင် စားဖွယ်တွေကို သိချင်ရင် အဲဒီ မဟာသီဟနာဒသုတ္တန်ပါဠိတော်နဲ့ အဋ္ဌကထာများကို ရှာကြည့်ပေတော့၊ အလောင်းတော်နုစဉ်က အမှားမှားကျင့်ပုံတွေ ကုန်အောင်စုံပါတယ်။
သာသနာဖျက်ကောင်တွေက အဲဒီဇာတ်တော်ကို ကုန်အောင်စုံပြောမပြဘဲ လိုချင်တဲ့ပါဠိကလေးထုတ် ကာ ကျမ်းစာမှာ ဒီလိုလာတယ်၊ မစင်စားပြီးကျင့်ခဲ့တဲ့ ဘုရားလေး ဘာလေး ညာလေးနဲ့ ပြောကြားကာ မီးပုံထဲ အဖော်ခေါ်တာကို ဒကာကြီးတို့က လိုက်ရောခုန်ဆင်းချင်လို့လား၊ နားမယောင်နဲ့ မီးလောင်တိုက်ထဲ ပါကုန်လိမ့် မယ်။
ဒကာ။ ။ မီးပုံထဲ အဖော်ပါကုန်မှာစိုးလို့ ဆရာတော်ထံ အမှန်ရအောင် လာရောက်ဆွေးနွေး မေးမြန်းရ တာပါပဲ ဘုရား၊ သူတို့ကလိုချင်တဲ့ ပါဠိအချက်အလက်ကလေးတွေ ထုတ်ယူထုတ်ယူပြီးတော့ မဟုတ်မဟတ်တွေ ဟောပြောကာ ဒါတွေဟာ ပိဋကတ်ကျမ်းစာကလာတာဟု ပိဋကတ်ကျမ်းစာအုပ်တွေနဲ့ချည်း ကိုင်ပေါက်ခံနေရ တာ ခုမှပဲ မှန်ကန်တဲ့ အပိုင်းထဲ ရောက်ရ သိရပါတော့တယ်၊ ဒကာကြီးတို့ကို ယခုလိုမှန်ကန်စွာ အသိဉာဏ်တွေ ပေးတာကို ကျေးဇူးတင်လို့ မဆုံးပါဘူး ဆရာတော်။
ဆရာ။ ။ ကတညူ ဘိက္ခဝေ ဒုလ္လဘောတဲ့၊ သူ့ကျေးဇူးကို သိတတ်တဲ့သူဟာ အလွန်ရှားပါးတယ်တဲ့၊ ဒီလိုကျေးဇူးတင်ဖော်ရရင် သူတော်ကောင်းထဲ ၀င်လာပြီ၊ ၀မ်းသာပါတယ်။