Tuesday, August 31, 2010

စိတ်ဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲ

စိတ်ဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲ

ဒကာ။ ။ ဆရာတော်တို့က စိတ်ကိုပဲ အရေးတကြီး ဟောကြား ဟောကြား နေကြတာပဲ၊ အဲဒီ စိတ်တွေက ဘယ်သူ့ကြောင့် ဖြစ်ပေါ် ဖြစ်ပေါ် နေတာလဲ ဆရာတော်။ သူ့အလိုလို ဖြစ်နေတာတွေ မဟုတ်လား၊ လူတိုင်းမှာဖြစ်နေတဲ့ စိတ်တွေဟာ။
ဆရာ။ ။ အင်း…ဗုဒ္ဓ၏တရားတော်မှာ အလိုလိုဖြစ်တာ ဘာတခုမှ မရှိဘူး၊ အကြောင်းကို စွဲပြီး အကျိုးတွေ ဖြစ်ဖြစ်သွားတာဘဲ။

အရူပဗြဟ္မာမှ တပါးဖြစ်တဲ့ စိတ်ဟာ အာရုံခြောက်ပါးနဲ့ မှီရာ ဝတ္ထုရုပ်ခြောက်ပါးကို စွဲမှီပြီးတော့ ဖြစ်တယ်၊ အာရုံနဲ့ ဝတ္ထုကြောင့် ဖြစ်တာလို့မှတ်။

ဒါ့ကြောင့် လူသားတွေမှာဖြစ်တဲ့ စိတ်တို့သည် အာရုံခြောက်ပါးနဲ့ ဝတ္ထုရုပ်ခြောက်ပါးတို့ကြောင့် ဖြစ်တယ်လို့သိရမယ်၊ အလိုလိုဖြစ်တာမဟုတ်ဘူး၊ အဲဒါ ယုံချင်ယုံပေါ့၊ သာဓက က …. စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-တဲ့။

ဒကာ။ ။ ယုံကြည်ပါတယ် ဆရာတော်၊ သာဓကပါဠိတော်ကလည်း အခိုင်အလုံပဲ ဥစ္စာ၊ စောဒက တက်စရာ မလိုပါဘူး။

ကမ္မဋ္ဌာန်းတရားတို့တွင် အကောင်းဆုံး အရှင်းဆုံး ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်းတရားတို့တွင် အကောင်းဆုံး အရှင်းဆုံး ကမ္မဋ္ဌာန်း

ဒကာ။ ။ ကမ္မဋ္ဌာန်းတရားတွေထဲမှာ အကောင်းဆုံး အရှင်းဆုံး အလွယ်ဆုံး မြတ်စွာဘုရားတို့ အချီးမွမ်းဆုံး ကမ္မဋ္ဌာန်းတရားများရှိရင် ဒကာကြီးတို့ အားထုတ်ပွားများရအောင် ညွှန်ပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း…ရှိတာပေါ့၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ မြတ်စွာဘုရားသခင်တိုင်းဟာ အာနာပါန ကမ္မဋ္ဌာန်းတခုတည်းကိုသာလျှင် ဦးတည် ရှုပွား၍ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူတယ်တဲ့။ ဘုရားအဖြစ်သို့ရောက်သောအခါမှာလည်း အဲဒီ အာနာပါန ကမ္မဋ္ဌာန်းကို လက်မလွှတ်ဘဲ ပရိနိဗ္ဗာန် ၀င်စံတော်မူသည်အထိ မှီဝဲသုံးသပ်တော်မူကြတယ်တဲ့။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း အဲဒီ အာနာပါန ကမ္မဋ္ဌာန်းကို အခြားသော ကမ္မဋ္ဌာန်းတို့ထက် ထူးကဲထွတ်မြတ်ကြောင်းကို ဂုဏ်ပုဒ်တွေများစွာထုတ်ပြီး ချီးမွမ်းတော်မူပါတယ်။ အဲဒါကြောင့် အဲဒီ ကမ္မဋ္ဌာန်းကို ကမ္မဋ္ဌာန်းအပေါင်းတို့တွင် အကောင်းဆုံး ကမ္မဋ္ဌာန်းပဲလို့ မှတ်ယူကာ ကြိုးစား အားထုတ်ကြပေတော့။ ဗုဒ္ဓဘာသာက အလုပ်သမား(ကမ္မ)ဝါဒ၊ ကိုယ့်လုပ်ခ ကိုယ်ရမှာ၊ လုပ်တာက = ကံ၊ လုပ်ခရတာက ကံ၏အကျိုး၊ အဲဒါကို ယုံကြည်စွာနဲ့ ကြိုးစား အားထုတ်ကြပေါ့။

ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးတို့ တတ်နိုင်သမျှ ကြိုးစားမှတ်သားပွားများပါ့မယ်ဆရာတော်။

Sunday, August 29, 2010

မြင် ကြား နံ သိ စိတ်တွေဟာ ဥပေက္ခာ သုခ ဒုက္ခ ဝေဒနာတို့လော

မြင် ကြား နံ သိ စိတ်တွေဟာ ဥပေက္ခာ သုခ ဒုက္ခ ဝေဒနာတို့လော

ဒကာ။ ။ မြင်သိ ကြားသိ နံသိ စတဲ့ ပဉ္စဝိညာဏ်စိတ်တွေဟာ ဥပေက္ခာစိတ်တွေလို့ သင်္ဂြိုဟ်ကျမ်းမှာ သင်ဖူးပါတယ်၊ ဒါကို ဆရာတချို့က မြင်သိ စက္ခုဝိညာဉ်စတဲ့ စိတ်တွေဟာ သုခရော ဒုက္ခပါ ဝေဒနာသုံးမျိုးလုံး ရှိတယ်၊ ဒါကိုသိအောင် ရှုမှတ်ရမည်လို့ ဟောကြားနေကြတယ်၊ ကျမ်းဂန်က ဘယ်လိုများ ညွှန်ကြားထားတယ်ဆိုတာ ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ ဟုတ်ပါတယ် အဘိဓမ္မာဟောစဉ်မှာတော့ မြင်ဆဲ ကြားဆဲ စတဲ့ခဏမှာ သုခလည်းမရှိဘူး၊ ဒုက္ခလည်း မရှိဘူး၊ ဥပေက္ခာဝေဒနာ တပါးသာ ရှိတယ်လို့ ဟောတော်မူပါတယ်။
ဒကာ။ ။ ဒီလိုဆိုရင် ဝေဒနာသုံးပါးရှိတယ်ဆိုတာ မှားတာပေါ့ ဆရာတော်၊ ဘာလို့ အမှားတွေ ဟောနေကြတာလဲ။
ဆရာ။ ။ သုတ္တန်ဒေသနာတော်များမှာတော့ ဒွါရခြောက်ပါးလုံးက ဝင်လာတဲ့ ကုသိုလ် အကုသိုလ် အကျိုးဖြစ်တဲ့ အာရုံတွေမှန်သမျှဟာ သုခရော ဒုက္ခရော ဥပေက္ခာရော သုံးပါးစလုံး ဖြစ်တယ်လို့ ဟောထားပါတယ်၊ ပုံစံပြရရင် သတိပဋ္ဌာန်သုတ္တန်မှာ-
သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။
စသည်ဖြင့် ဟောကြားတော်မူတာတွေ များစွာပဲ ရှိပါတယ်၊ ဒါ့ကြောင့် မမှား ပါဘူး၊ သုံးပါးလည်း မှန်တယ်။
ဒကာ။ ။ အဘိဓမ္မာနည်းနဲ့ သုတ္တန်နည်း အမှန်ယူပုံများကို ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ အာရုံငါးပါးဝီထိချတဲ့အခါ မြင်သိ(စိတ်ဝိညာဉ်) စိတ်ခဏမှာ ဥပေက္ခာဖြစ်ပေမဲ့ စိတ်တွေက မနားဘဲဆက်ပြီး ဇောထိအောင် ဖြစ်သွားတဲ့အတွက် ဇောခဏကျတော့ကာ ဝေဒနာသုံးမျိုးလုံးပင် အကြောင်းအားလျော်စွာ ဖြစ်နိုင်တာကြောင့် သုတ္တန်ဒေသနာတော်က အဘိဓမ္မာ ပဉ္စဒွါရဝီထိ ဇောစိတ်ကို မှီပြီးတော့ ဝေဒနာသုံးမျိုးလုံးပင် ဖြစ်နိုင်တယ်လို့ ဟောတော်မူတာဖြစ်တယ်၊ ကဲ….ရှင်းပြီးလား၊ စက္ခုဝိညာဉ် မြင်သိစိတ်တင် ရပ်နေတာ မဟုတ်ဘူး၊ မနောဝိညာဉ်ဇောစိတ်တွေက ဆက်ဖြစ်သွားတာ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ ဝီထိစိတ်ကျမှပဲ ရှင်းတော့တယ်၊ ကျမ်းဂန်မနှံ့တော့လည်း ခက်တာပဲကိုး၊ ဟိုစွပ်စွဲ ဒီစွပ်စွဲနဲ့။

ရဟန္တာများဟာ အပိုစကားတွေပြောကြားသေးသလား

ရဟန္တာများဟာ အပိုစကားတွေပြောကြားသေးသလား

ဒကာ။ ။ အရဟတ္တမဂ်ဖိုလ်ရပြီးတဲ့ ရဟန္တာအရှင်မြတ်များဟာ လူတို့ ပြောဆိုနေကျ တိုင်းရေး ပြည်ရေး မင်းရေး စိုးရေး ရောင်းဝယ်ဖောက်ကား စီးပွားရေး စတဲ့ အပိုစကားတွေ ပြောကြားကြသေးသလား ဆရာတော်၊ ကျမ်းဂန်က ဘယ်လိုများ မိန့်ဆိုထားပါသလဲ။

ဆရာ။ ။ အင်း…လာပြန်ပြီလား၊ ဘာဖြစ်လို့ ဒီ ရဟန္တာပဥှာကို လာမေးရတာလဲ၊ အကြောင်းဆိုစမ်းပါဦး။
ဒကာ။ ။ ရဟန္တာ ရဟန္တာနဲ့ သတင်းစာတွေထဲမှာရော လူတကာရဲ့ ပါးစပ်ထဲမှာရော ကျော်ကြားနေတဲ့ ရဟန္တာအမည်ခံ ကိုယ်တော်တပါးက ( ဒကာကြီး တိုင်းရေးပြည်ရေး အထူးများ ဘာကြားသေးသလဲ၊ အခြေအနေကော ဘယ်လိုလဲနဲ့) မေးလို့ပါပဲ ဆရာတော်၊ ဒီ ရဟန္တာက တွေ့တိုင်းမေးတာပဲ ဘုရား။
ဆရာ။ ။ အင်း….ဒီစကားမျိုးတွေကို ကျမ်းဂန်က (တိရစ္ဆာနကထာ) မဂ်ဖိုလ်မှ ဖီလာကန့်လန့် စကားမျိုးလို့ ခေါ်တယ်၊ ပုံစံကတော့ ရဋ္ဌကထာ = တိုင်းရေးပြည်ရေးစကား။ ရာဇကထာ = မင်းရေးစိုးရေးစကား။ အမစ္စ ကထာ = အမတ်နဲ့ စပ်တဲ့ စကား။ လေတိုက်တယ် မိုးရွာတယ် နေပူတယ် စတဲ့ ပြောမဆုံးပေါင် တောသုံးထောင် စကားမျိုးတွေ ဖြစ်တယ်။
အဲဒါကို ယောဂီများ တရားအားထုတ်တဲ့အခါမှာ စောင့်ထိန်းတဲ့ အာဇီဝဋ္ဌမကသီလထဲမှာ ဝစီကံတပါးအနေနဲ့ “သမ္ဖပ္ပလာပဝါစာ” လို့ သိက္ခာပုဒ် တခု အဖြစ်နဲ့ ပါထားတယ်။
နောက် ဒုစရိုက် ဆယ်ပါးထဲမှာလည်း ဝစီဒုစရိုက် လေးပါးထဲမှာ ပါဝင်နေပြန်တယ်၊ အဲဒါတွေဟာ ကျမ်းဂန်ကလာတဲ့ စကားတွေပဲ၊ ကဲ….ဘာပြောချင်သေးသလဲ။
ဒကာ။ ။ ဒီလိုဆိုရင် အရိယာ ရဟန္တာတွေဟာ ဒီလို ရပ်ရွာသုံး ဈေးစကား အပိုစကားတွေ မပြောဆိုကြတော့ဘူးပေါ့ ဆရာတော်။
ဆရာ။ ။ ဟာ…အရိယာအကုန်လုံး မယူရဘူး၊ ရဟန္တာများသာ မပြောတော့တာ၊ ကျန်တဲ့ အရိယာတွေက ပြောသေးတာပဲ။
ဒကာ။ ။ ဘာ့ကြောင့်ပါလဲ ဆရာတော်၊ အရိယာဖြစ်နေမှပဲဟာ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း…သေချာစွာ နားထောင်နော် ဒကာကြီးတို့၊ ဒါမှ ရဟန္တာ ဟုတ် မဟုတ် အကဲခတ်တတ်မှာ၊ ခုခေတ်မှာ ရဟန္တာတွေက ဟိုမှာပေါ် ဒီမှာပေါ်နဲ့၊ မဂ်လေးပါးက ဒုစရိုက်တရား ဆယ်ပါးကို ပယ်တဲ့အခါမှာ….
၁။ သောတာပတ္တိမဂ်က ကာယဒုစရိုက် သုံးပါး၊ မုသာဝါဒဆိုတဲ့ ဝစီဒုစရိုက် တပါး၊ မိစ္ဆာဒိဋ္ဌိဆိုတဲ့ မနောဒုစရိုက် တပါး၊ အဲဒီ ငါးပါးကိုသာ ပယ်နိုင်သေးတာ။
၂။ သကဒါဂါမိမဂ်က ပိသုဏဝါစာ နဲ့ ဖရုသဝါစာ ဆိုတဲ့ ဝစီဒုစရိုက် နှစ်ပါး၊ ဗျာပါဒဆိုတဲ့ မနောဒုစရိုက် တပါး၊ အဲဒီ ဒုစရိုက်သုံးပါးကို အားနည်းရုံသာ ပယ်နိုင်သေးတာဖြစ်တယ်။
၃။ အနာဂါမိမဂ်က ပိသုဏဝါစာ၊ ဖရုသဝါစာနဲ့ ဗျာပါဒ၊ အဲဒီ ဒုစရိုက် သုံးပါးကို လုံးဝ ပယ်လိုက်နိုင်တယ်။
၎။ အရဟတ္တမဂ်ကတော့ သမ္ဖပ္ပလာပဆိုတဲ့ ဝစီဒုစရိုက် တပါးနဲ့ အဘိဇ္ဈာဆိုတဲ့ မနောဒုစရိုက် တပါး၊ အဲဒီ ဒုစရိုက်နှစ်ပါးကို အကြွင်းမဲ့ ပယ်သတ်ပစ်လိုက်လို့ ရဟန္တာများဟာ (တရားနဲ့စပ်တဲ့ စကားမှတပါး အခြားသော) တိရစ္ဆာနကထာ ခေါ်တဲ့ အပိုစကားတွေကို မပြောကြားတော့ဘူးလို့ မှတ်ပေတော့၊ အဲဒါဟာ ရဟန္တာ အကဲခတ်နည်းပဲ။
ဒကာ။ ။ ကောင်းလိုက်တဲ့ ရှင်းတမ်းပါလား ဘုရား၊ ကျေးဇူးကြီးလှပါတယ် ဆရာတော်၊ ရှင်းသွားပါပြီဘုရား။

Sunday, August 22, 2010

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်ကင်းအောင်ကော

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်ကင်းအောင်ကော

ဒကာ။ ။ ဒကာကြီးတို့ ကိုရင်သာမဏေဝတ်တုံးက လိင်ဆယ်ပါး သိက္ခာပုဒ်ထဲမှာ (မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ - ဟု မှားသော အယူရှိလျှင် ကိုရင်သာမဏေ မဟုတ်၊ လူဖြစ်၏ ဟု) ပါရှိပါတယ်၊ ဒီအယူနှစ်ပါး လွတ်အောင် ဘယ်လိုမှတ်ယူရမည်ဆိုတာ အသိလွယ်လွယ်နဲ့ ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း..အခု ဒကာကြီးတို့ရဲ့ ခန္ဓာကိုယ်မှာ မှီပြီး ဖြစ်ပျက်နေတဲ့ ဝိညာဉ်စိတ်ကလေးဟာ ဤကိုယ်ကောင်ကြီး သေပြီးတဲ့နောက် တပါးသော ကိုယ်ကောင်ထဲကို ပြောင်းဝင်သွားတယ်လို့လည်း မယူမစွဲရဘူး။
တစုံတခုသော ဘဝဆိုတာဟာ အလိုလိုဖြစ်လာတာပဲ။ သေသွားးရင် ဘာမှမရှိတော့ဘဲ ပျောက်ပျက်သွားတာသာ ဖြစ်တယ်လို့လည်း မယူမစွဲရဘူး၊ ဤဘဝမှ ဟိုဘဝသို့ အကြောင်းမကင်းရုံမျှ ဖြစ်ဖြစ်သွားတာပဲလို့ ယူရင် ဒိဋ္ဌိနှစ်ပါးမှ လွတ်တယ်၊ ကဲ…ကဲ အဲဒါပဲ။
ဒကာ။ ။ နည်းနည်းလောက်ထပ်ပြီး ရှင်းပါဦး ဆရာတော်၊ ဒကာကြီးတို့ နားလည်လွယ်တဲ့ စကားနဲ့ ပြောပြပါ။
ဆရာ။ ။ ဒီဘဝ ကိုယ်ကောင်ကြီးမှာ သေခါနီး နောက်ဆုံးဖြစ်တဲ့ စိတ်ကို စုတိစိတ်လို့ ခေါ်တယ်၊ အဲဒီ စုတိစိတ်ကလေးဟာ ဖြစ်ပြီးပျက်သွားရော၊ ဒီကိုယ်ကောင်ကြီးထဲမှာ စိတ်နာမ် အသစ်အသစ်တွေ ဖြစ်မလာတော့ဘူး၊ အဲဒါ သေတာပဲ၊ အခြား တပါး ထွက်ခွါပြောင်းရွှေ့သွားတဲ့စိတ်၊ သို့မဟုတ် အတ္တကောင် အသက်ကောင် လိပ်ပြာကောင် ရယ်လို့ မရှိပါဘူး။
ဘဝအသစ်မှာ ဖြစ်တယ်ဆိုတာကလည်း ဘဝအဟောင်းတွေများစွာက ပြုလုပ်ခဲ့တဲ့ ကံကြောင့် သေခါနီးကလေးမှာ ကပ်ပြီးတော့ စွဲလမ်းလိုက်တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဆိုတဲ့ အာရုံသုံးပါးထဲက တပါးပါးထင်မြင်ဖြစ်ပေါ်လာကာ လားရာဘဝသစ် ဌာနမှာ မှီရာဝတ္ထုရုပ်နှင့်တကွ ပဋိသန္ဓေခေါ်တဲ့ စိတ်အသစ်ကလေးတခု ဖြစ်သွားတာပဲ၊ အဲဒါကို ခုဘဝနဲ့ နောက်ဘဝ၊ ဘဝနှစ်ခုစပ်နေလို့ ပါဠိလို “ပဋိသန္ဓေ” နေတယ်လို့ ခေါ်ကြတယ်။
အဲဒီ ပဋိသန္ဓေ စိတ်ကလေးကလည်း ဖြစ်ပြီးပျက်သွားတာပဲ၊ သည်နောက်မှ ရှေးကံအရှိန်ကြောင့် ဘဝင်စိတ်တွေ ဆက်ပြီးတော့ ဖြစ်ပေါ်လာကြတယ်၊ သည်နောက် အာရုံခြောက်ပါးထဲက တပါးပါးထင်ပေါ်လာတဲ့အခါ အဲဒီဘဝင်စိတ်တွေက ပြတ်ရပ်ပြီးတော့ ထိသိစိတ် မြင်စိတ် ကြားစိတ် စတဲ့စိတ်တွေ အကြောင်းအားလျော်စွာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေကြတာပဲ။
အဲဒီလို ဘဝဟောင်းက ကံအကြောင်းတွေကြောင့် ဘဝသစ် စိတ်သစ် ရုပ်သစ်တွေ တရစပ် ဖြစ်ပျက်နေတာသာ ဖြစ်တယ်။
အမှန်ကတော့ ကံအကြောင်းကြောင့် အဟောင်းအဟောင်းတွေက ပျက်ပျက်ပြီး အသစ်အသစ်တွေ ဖြစ်နေတာဘဲ၊ အဲဒီလို မခိုင်မြဲလို့ သဿတလည်းမဟုတ်ဘူး၊ အသစ်အသစ်တွေသာ ထပ်ထပ်ဖြစ်နေလို့ ဥစ္ဆေဒလည်းမဟုတ်ဘူး၊ အဲဒီလိုကံကို မူလထားပြီး ယူရင် ဒိဋ္ဌိဆိုးကြီးနှစ်ပါးမှလွတ်တယ်၊ ကဲ…ဆိုစမ်း ဘာပြောဦးမလဲ။
ဒကာ။ ။ ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင်ပါတယ်ဘုရား၊ တော်တော်ခက်တဲ့ သဘောတရားပဲကိုး၊ ဒီဘဝက စိတ်တွေ ရုပ်တွေ ဟိုဘဝမပါလို့ သဿတဒိဋ္ဌိလည်းမဟုတ်၊ ဟိုဘဝမှာလည်း စိတ်တွေ ရုပ်တွေ အသစ်အသစ်တွေ မပြတ်ဖြစ်နေလို့ ဥစ္ဆေဒဒိဋ္ဌိလည်း မဟုတ်ဘူး၊ ရှင်းပါပြီဘုရား၊ ဉာဏ်အလုပ် သဘောတွေပဲကိုး၊ ခက်တာပေါ့။

ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား

ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား

ဒကာ။ ။ ဆရာအချို့က ဒါနကုသိုလ်သည် မဂ် ဖိုလ် နိဗ္ဗာန် မရဟု ဒါနသမားတွေကို ကဲ့ရဲ့ပြစ်တင် စကားတင်းဆိုတဲ့သဘောနဲ့ ဟောပြောနေကြတာဟာ ဟုတ်မှန်ပါသလား ဆရာတော်။

ဆရာ။ ။ အင်း….ဒါနတခုတည်းနဲ့တော့ ခဲယဉ်းတယ် ဒကာကြီးတို့၊ ဒါနသဘောက အလှူရှင်၊ လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ ပညတ်သက်သက်ကို အာရုံပြုပြီးမှ ထမြောက်တာဖြစ်တယ်။
ပုံပမာ။ ။ သောတာပန်ဖြစ်အောင် ဘယ်လိုဒါနမျိုးကို ပေးလှူရမှာလဲလို့ မေးရင် ဖြေဖို့ရာ ခက်တယ်၊ ဝိပဿနာ မပါလို့ပဲ။
ဒကာ။ ။ ဒီလိုဆိုရင် အဲဒီ ဆရာတွေ ဟောတာ ဟုတ်မှန်တယ်လို့ ယူရမှာပေါ့၊ ဒါနကို ပယ်ထားရမှာလား ဆရာတော်။
ဆရာ။ ။ ဟာ….ဒီလိုလည်း ဧကန္တ မယူရဘူး၊ ဗုဒ္ဓတရားတော်က အကြောင်းနဲ့ အကျိုးဘဲ ရှိတာ၊ ဒီနေရာမျိုးမှာတော့ ဝေးသောအကြောင်းနဲ့ နီးသောအကြောင်း၊ အဲဒီနှစ်မျိုးနဲ့ စိစစ်ရမယ်။
ဒကာ။ ။ အကြောင်းအကျိုးဆိုတဲ့ စာပေကျမ်းဂန်စကားတွေကို ဒကာကြီးတို့ နားမလည်ဘူး ဆရာတော်၊ ဒါနနဲ့ နိဗ္ဗာန်ရောက်နိုင် မရောက်နိုင်ကိုသာ ဒကာကြီးတို့ နားလည်အောင် တိုတိုနဲ့ လိုရင်းကို ရှင်းပြပေးပါဆရာတော်။
ဆရာ။ ။ အင်း….နားထောင်ပါ၊ ဒါနအလုပ်က နိဗ္ဗာန်ရောက်နိုင်တဲ့ အကြောင်းတရားဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်က ဒါနအလုပ်သမားရဲ့ ခံစားခွင့်လုပ်ခ အကျိုးတရားဖြစ်တယ်၊ အကျိုးတရားဆိုတာကလည်း သူ့သက်သက် ဘယ်တော့မှ မဖြစ်ပေါ်နိုင်ဘူး၊ အကြောင်းရှိမှသာ အကျိုးဖြစ်တာ။
ဒကာ။ ။ ဒီလိုဆိုရင် ဒါနအကြောင်းကြောင့် နိဗ္ဗာန်အကျိုးရတယ်လို့ ဆိုရမှာပေါ့၊ ဘုရားဟော ပါဠိတော်များ ရှိပါသလားဆရာတော်၊ ရှိရင် သိပါရစေ။
ဆရာ။ ။ ရှိပါတယ်၊ ဒါပေမဲ့ တိုက်ရိုက်တဲ့တိုးတော့ မဟုတ်ဘူး၊ အကြောင်းအဆင့်ဆင့်နဲ့ သံယုတ်ပါဠိတော်မှာ ဟောဒီလို ဟောတော်မူတယ်။
၁။ ဒါနံ သဂ္ဂဿ သောပါနံ = ဒါနကုသိုလ်ဟာ လူ့ရွာနတ်ပြည်သို့ သွားကြောင်း စောင်းတန်း လှေကားကြီးနဲ့ တူတယ်တဲ့။
၂။ ဒါနံ ပါထေယျ မုတ္တမံ = ဒါနကုသိုလ် ပြုတဲ့သူဟာ သူရောက်ရာ လူ့ဘဝ နတ်ဘဝမှာ အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ အသုံးအဆောင် စားနပ်ရိက္ခာတွေ သုံးစားပေးလှူလို့ မကုန်နိုင်အောင် ပေါများကြွယ်ဝ ချမ်းသာနေမှာပဲတဲ့။
၃။ ဒါနံ ဥဇုဂတံ မဂ္ဂံ = ဒါနကုသိုလ်ဟာ ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်သွားကြောင်း အကောင်းဆုံး အဖြောင့်ဆုံး လမ်းမကြီးလည်း ဖြစ်ပါတယ်တဲ့။
၎။ ဒါနံ မောက္ခ ပဒံ ဝရံ = ဒါနကုသိုလ်ဟာ အမြတ်ဆုံးဖြစ်တဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရယူခံစားနိုင်တဲ့ အကြောင်းထဲမှာဖြင့် မုခ်ဦးလမ်းကြောင်းကြီးပါပေတည်း တဲ့၊ ကဲ…ဘာပြောဦးမလဲ၊ အဲဒါဟာ ဒါနရဲ့ အကျိုးတွေပဲ။
ဒကာ။ ။ အင်း…ဒါ့ကြောင့် အလောင်းတော် သူမြတ်တွေဟာ ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီတော်ကို အစထားပြီး ပွားများဖြည့်ကျင့်တော်မူကြတာကိုး၊ ဒါနနည်းတော့ မွဲရော၊ မွဲတော့ ကုသိုလ်တရား မလိုက်စားနိုင်တော့ဘဲ မွဲသည်ထက်မွဲ၊ အကုသိုလ်တွေများ၊ အပါယ်လေးပါးသွားပေါ့၊ ပြောကြားစရာ အထူးမရှိတော့ပါဘူး ဆရာတော်၊ ကျေနပ်လှပါတယ်။

ဘဝပြတ် ဥစ္ဆေဒဒိဋ္ဌိ သမား၌ ငါစွဲ အတ္တ မရှိဘူးလော

ဘဝပြတ် ဥစ္ဆေဒဒိဋ္ဌိ သမား၌ ငါစွဲ အတ္တ မရှိဘူးလော

ဒကာ။ ။ ရုပ်ဝါဒီသမားတွေက ဘဝတပါးပြောင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာ မရှိဘူး၊ ဒီရုပ်ကောင်ဒြပ်ကြီးဟာ မသေခင်ပဲ ရှိနေတာ၊ သေသွားရင် ပြီးပြတ်သွားတာပဲ၊ ဘဝတပါးမဖြစ်တော့ဘူး၊ ဒါ့ကြောင့် သူတို့ဟာ အတ္တဒိဋ္ဌိစွဲ မရှိတဲ့ အနတ္တဝါဒီတွေလို့ ပြောဟောနေကြတာ မှန်ပါသလား ဆရာတော်။

ဆရာ။ ။ အင်း၊ သူတို့ အယူဘာသာက (ကွန်မြူနစ်ဇင်း၊ ဆိုရှယ်လစ်ဇင်း ဆိုတဲ့) “မတီရီယယ်လစ်ဇင်း” ရုပ်ဝါဒကို ဦးစားပေးပြီး ယူကြတာဖြစ်တယ်။ ဘဝတပါးဆိုတာ မရှိဘူး၊ ဟိုဘက်ဘဝ မရှိလို့ ချမ်းသာဆင်းရဲ ကောင်းကျိုးဆိုးကျိုး ဆိုတာ ခုလက်ရှိဘဝမှာ လုပ်ယူခံစားနေကြတာပဲ ဖြစ်တယ်၊ ကုသိုလ် အကုသိုလ် လုပ်ချင်ရာလုပ် ခုလက်ရှိဘဝမှာသာ အဲဒီလုပ်ခကို ရရှိခံစားရမှာ၊ သေပြီးတဲ့ နောက်ဘဝဆိုတာ မရှိဘူးလို့ ဘဝပြတ် ဥစ္ဆေဒ အယူကို စွဲထားကြပေမဲ့ အတ္တ ကတော့ ရှိနေကြတာပဲ။ သူတို့တတွေဟာ ခုလက်ရှိဘဝ ပုခက်နဲ့ ခေါင်း ကြားထဲမှာ ငါ ငါ့ဥစ္စာ ငါ့သား ငါ့သမီး ငါ့ဟာ ဆိုတဲ့ အတ္တစွဲတွေ ဗရပွေ အနန္တနဲ့ စွဲယူခံစားနေကြတာကို သူတို့မသိလို့ အနတ္တဝါဒီလို့ ပြောဆိုနေကြတာသာဖြစ်တယ်၊ အမှန်ကတော့ ကောင်းကျိုး ဆိုးကျိုးကို ငါခံစားနေတာပဲဆိုတဲ့ အတ္တဝါဒ အတ္တဒိဋ္ဌိတွေပါပဲ၊ အတ္တကို လက်မလွှတ်ပါဘူး။
ကဲ…အဲဒါကိုသာ အမှားအမှန် ဝေဖန်ပေတော့၊ ဒကာကြီးက ဘဝတပါးမရှိဘူးဆိုတာ ကြိုက်နှစ်သက်နေလို့လား၊ ဥစ္ဆေဒဒိဋ္ဌိသမားကြီးလား၊ ဒါတွေက ရှင်ဥက္ကဋ္ဌ စိတ်ကူးတမျိုးပေါက်ပြီး ဟောကြားတဲ့ အမှားတရားတွေပါ။
ဒကာ။ ။ တပည့်တော်တို့က ရုပ်နာမ်တို့ဟာ အစဉ်မပြတ် ဖြစ်ပျက်ပြောင်းလဲနေမှု သဘောမျှသာဖြစ်တယ်၊ ထိုရုပ်နာမ်တို့ဟာ ပြုလုပ်မှု ကံကြောင့်သာ ဖြစ်တယ်လို့ ကံ ကံ၏အကျိုးကို ရိုးစွဲယုံကြည်ထားတဲ့ သမ္မာဒိဋ္ဌိ အနတ္တသမားကြီးတွေပါဘုရား။

Friday, August 20, 2010

သောတာပန် ဆိုတာ ဘာလဲ

သောတာပန် ဆိုတာ ဘာလဲ

ဒကာ။ ။ သောတာပန် သောတာပန်နဲ့ ခေါ်ဆိုနေကြတာ သောတာပန် ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်သဘောကို သိပါရစေ ဆရာတော်၊ ဆရာတော်က မြန်မာ ပါဠိ အဘိဓာန် ကျမ်းပြုပုဂ္ဂိုလ်မို့ မေးရတာပါဘုရား။

ဆရာ။ ။ သောတာပန်ဆိုတာ “သောတာပန္န” ဆိုတဲ့ ပါဠိက ပျက်လာတဲ့ စကားပုဒ်ပဲ၊ မဂ္ဂသံယုတ် အဋ္ဌကထာ စသည်များမှာ -
သောတံ အာဒိတော အာပဇ္ဇိံသု
ပါပုဏိံ သူတိ သောတာပန္နာ။
သောတံ = (နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးနှင့် ပြည့်စုံလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော) ရေအလျဉ်သို့။
အာဒိတော အာပဇ္ဇိံ သု ပါပုဏိံ သူတိ = ၀ိပဿနာဉာဏ်အမြင်ဖြင့် စတင်၍ ရောက်ရှိနေကြကုန်ပြီ၊ ထို့ကြောင့် -
သောတာပန္နာ = သောတာပန် မည်ကုန်၏ တဲ့၊ ကဲ….အဲဒါ သောတာပန် ရဲ့ အနက်သဘောပဲ။
ဆိုလိုရင်းကတော့ အနတ္တဉာဏ်မြင် ခိုင်လုံစွာထင်ပြီး ငါစွဲကင်းစင်လျက် မဂ္ဂင်ဉာဏ်အလျဉ်ထဲ ကျရောက်ကာ ဝိပဿနာလုပ်ငန်းခွင်သို့ ဝင်ရောက်အားထုတ်တဲ့ ပုဂ္ဂိုလ်ကို သောတာပန်လို့ ခေါ်ဆိုတာပဲ၊ ကဲ….သဘောပေါက်ရဲ့လား။
ဒကာ။ ။ စူဠ သောတာပန်ကို ဆိုတာလား ဆရာတော်၊ ဘာ သောတာပန်ကို ဆိုတာလဲ၊ မကွဲပြားသေးဘူးဘုရား။
ဆရာ။ ။ အင်း….ရုပ်နာမ်နှစ်ပါးကို အကျိုးအကြောင်းနဲ့ ကျကျနန ပိုင်းခြားသိကာ ရုပ်နာမ်တို့ ဖြစ်ပျက်မှုကို မှတ်ရှုနေတဲ့ ဝိပဿနာယောဂီဟာ စူဠသောတာပန်ပဲ။
ဉာဏ်ရင့်လို့ ဖြစ်ပျက်မှု ဒုက္ခတွေ ကုန်ဆုံးကာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်လျက် အရိယာဘက်သို့ ရောက်သွားတဲ့အခါ မဟာသောတာပန်လို့ မှတ်ရမည်တဲ့၊ ဒကာကြီးတို့က ဘာ သောတာပန်တွေမို့လဲ၊ ထပ်ခါထပ်ခါ မေးနေကြတာ။
ဒကာ။ ။ ကွဲပြားရှင်းလင်းသွားပါပြီ ဆရာတော်၊ ဒကာကြီးတို့ကတော့ စူဠနား နီးလာကြပြီ ဆိုပါတော့ ဘုရား၊ ကြိုးစားတုံးပါပဲ။

တင်ပလ္လင်ခွေ ထိုင်ပုံနည်းများ အဖွင့်ဋီကာ ရှိသလား? မိန်းမများ တင်ပလ္လင်ခွေ ထိုင်ကောင်းသလား?

တင်ပလ္လင်ခွေ ထိုင်ပုံနည်းများ အဖွင့်ဋီကာ ရှိသလား

ဒကာ။ ။ စာပေကျမ်းဂန်မှာ (ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံကတွာ) ထက်ဝယ်ဖွဲ့ခွေထိုင်၍ ကိုယ်ကိုဖြောင့်စွာထား၍နဲ့ တွေ့ရ ဖတ်ရပါတယ်၊ အဲဒီ ထိုင်ပုံ အဓိပ္ပာယ်အဖွင့်များကို ဘယ်လိုတွေ့ဖူးပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း….စာတွေက တွေ့ပါ ဖတ်ပါ ကြည့်ပါများတော့ ပြည့်လျှံဖိတ်ကျ ကုန်ပြီ၊ ဆဋ္ဌသင်္ဂါယနာ ဋီကာသန္နိပါတ တင်တုန်းက -
ပလ္လင်္ကံ အာဘု ဇိတွာတိ ပါဒေန ပါဒံ ဂုဏံ ကတွာ၊
အဲဒီလို ဖတ်ရ ရွတ်ဆိုရ တင်ခဲ့ရဖူးတယ်လို့ ထင်တယ်၊ ဋီကာရဲ့ နာမည်ကိုတော့ မမှတ်မိတော့ဘူး၊ ဆိုလိုရင်း အနက်သဘောက -
ပလ္လင်္ကံ အာဘုဇိတွာတိ = ထက်ဝယ်ဖွဲ့ခွေ နေထိုင်တယ် ဟူသည်ကား။ ပါဒေန = ခြေတဖက်ဖြင့်။ ပါဒံ = ခြေတဖက်ကို။ ဂုဏံကတွာ = ထပ်သည်ကိုပြု၍ ။
အဲဒီလို ဖွင့်ဆိုထားတယ်၊ ပါဒ = ခြေဆိုတာ ဒူးဆစ်ရဲ့အောက်ပိုင်းကို ( သို့မဟုတ် ခြေသလုံးကို) ခြေလို့ ခေါ်တယ်၊ ဒူးဆစ်ရဲ့ အထက်ပိုင်းကို ပေါင်လို့ ခေါ်တယ်၊ ခြေနဲ့ပေါင် တခြားစီ၊ ပေါင်ကို ပါဠိလို (ဦရု)ခေါ်တယ်။
ဒါ့ကြောင့် တင်ပလ္လင်ခွေ ထိုင်တယ်ဆိုတာ ခြေသလုံး တဖက်အပေါ်ကို ခြေသလုံးတဖက် တင်ထပ်ပြီးတော့ ထိုင်တာကို ဆိုတာပဲ၊ ကဲ….ရှင်းပြီလား။

မိန်းမများ တင်ပလ္လင်ခွေ ထိုင်ကောင်းသလား

ဒကာ။ ။ ဒီလိုဆိုရင် မိန်းမတွေ ထိုင်တာက ခြေသလုံးအပေါ်မှာ ပေါင်တင်ထပ်ပြီး ထိုင်ကြတာဟာ ပလ္လင်္ကံ - ခေါ်တဲ့ တင်ပလ္လင်ခွေ မထိုင်ကောင်းလို့လား ဆရာတော်၊ မိန်းမများအတွက် ထိုင်ပုံထိုင်နည်းများကိုကော သီးခြားပြဆိုထားပုံများ ကျမ်းဂန်က ညွှန်ကြားပေးပါသလား ဆရာတော်၊ အချို့ရိပ်သာတွေမှာ မိန်းမတွေက ပုဆစ်ဒူးတုပ် ထိုင်ရမည်၊ ပလ္လင်ခွေ မထိုင်ရဘူးလို့ သတ်မှတ်ထားတာတွေ့ဖူး လို့ပါ။
ဆရာ။ ။ ပါဠိ အဋ္ဌကထာ ဋီကာတွေမှာတော့ တရားထိုင်တဲ့အခါ ပလ္လင်ခွေထိုင်၊ ကိုယ်ကိုဖြောင့်မတ်ထား၊ မိန်းမယောက်ျား မခွဲခြားဘူး၊ ဒီထိုင်နည်းတခုတည်းကိုပဲ ညွှန်ကြားသတ်မှတ်ထားတယ်၊ ပုဆစ်တုပ်ထိုင် ဆိုတာကတော့ သူတို့ရိပ်သာ သူတို့ကြိုက်သလို သတ်မှတ် ခွဲခြားတာလို့ မှတ်ပေါ့။
ဒကာ။ ။ ဘာဖြစ်လို့ ဒီ တင်ပလ္လင်ခွေထိုင်နည်းကို ကျား မ မခွဲခြားဘဲ မြတ်စွာဘုရားက ညွှန်ကြားသတ်မှတ်ထားပေးတာလဲ တရာတော်။
ဆရာ။ ။ မြတ်စွာဘုရားကတော့ ထွက်လေ ၀င်လေ ဖြောင့်မတ်စွာ ၀င်ထွက်နိုင်ခြင်း၊ ကြာကြာထိုင်နိုင်ခြင်း၊ သမာဓိရလွယ်ခြင်း၊ စတဲ့ အကျိုးများကို ရစေခြင်းငှာ ဟောကြားသတ်မှတ်ထားတော်မူခြင်းပါပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်နှစ်သက်သလို မည်သည့် ဣရိယာပုတ်မျိုးမဆို အားထုတ်ပွားများနိုင်ကြောင်းကိုလည်း ဟောကြားတော်မူတယ်။
ဒကာ။ ။ အနို့ လက်ထပ်ပုံနည်း၊ လက်မထိပ် တိုက်ပုံနည်းတွေကကော ဘုရားဟောရှိပါသလား ဆရာတော်။
ဆရာ။ ။ ဒါလည်း ကိုယ်ကြိုက်သလို ထပ်ချင်ထပ် ဒူးပေါ်တင်ချင်တင် ဣနြေ္ဒရရင်ပြီးတာပါပဲ၊ ဒီလိုဒီနည်းသာ ထားရမည်လို့တော့ ပုံမှန်ကိန်းသေ မဟောပါဘူး။
ဒကာ။ ။ တချို့ရိပ်သာတွေက သူတို့ပြောသလို မထိုင် မထားရင် တရားမရနိုင်ဘူး ဆိုလို့ပါ၊ ခုလို ရှင်းလင်းစွာသိရတာ ၀မ်းသာလှပါတယ် ဆရာတော်။

မြတ်စွာဘုရား၏ ခြေတော်အစုံကို နဖူးတိုက် ဦးခိုက်သော အမျိုးသမီးများ ရှိသလား

မြတ်စွာဘုရား၏ ခြေတော်အစုံကို နဖူးတိုက် ဦးခိုက်သော အမျိုးသမီးများ ရှိသလား

ဒကာ။ ။ မြတ်စွာဘုရား လက်ထက်တော်က မြတ်ဘုရားနဲ့ ရင်းနှီးစွာ ခြေတော်ရင်း၌ ဝပ်စင်းရှိခိုးလျက် ခြေတော်အစုံကို နဖူးတိုက်ဦးခိုက် ပူဇော်တဲ့ အမျိုးသမီးများ ရှိဖူးပါသလားဆရာတော်၊ ဓမ္မကထိက ဆရာတော်တပါးက ရှိတယ်လို့ ဟောကြားသွားလို့ပါ။

ဆရာ။ ။ ဟာ….ရှိတာပေါ့၊ မြတ်စွာဘုရားသခင်၏ မယ်တော်အရာမှာ တည်တဲ့ မိထွေးတော် ဂေါတမီဟာ မိန်းမအာဇာနည်ပဲ၊ သူ့ကို အကြောင်းပြုပြီးတော့ သာသနာတော်မှာ အမျိုးသမီးတွေ ရဟန်းပြုနိုင်တဲ့ အခွင့်အရေးတွေ ရလာတာ။
အဲဒီ မိထွေးတော်ဂေါတမီ ရဟန္တာမကြီးက ပရိနိဗ္ဗာန်ဝင်စံတော့မည့် အကြောင်း ဘုရားသခင်ထံ သွားပြီးတော့ ခွင့်တောင်းတဲ့အခါမှာ ပါဠိဂါထာတွေများစွာနဲ့ ပိဋကတ်တော်မှာ လာရှိတယ်၊ တောင်းဆိုတဲ့ လိုရင်းကတော့…..
ပုတ္တ = ဒုက္ခဆင်းရဲအပေါင်းကို ကုန်ဆုံးအောင် ဟောကြားသင်ပြ၍ ပေးသနားတော်မူသော သားတော်မြတ်ဘုရား၊ သားတော်မြတ်၏ “ စက္က သမ္ပုဏ္ဏ ကောမလ ပါဒ ” ဂုဏ်ကို ဆောင်တော်မူသော တရာ့ရှစ်ကွက် စက်လက္ခဏာတို့နှင့် ပြည့်စုံ၍ ကြာပန်းကဲ့သို့ နူးညံ့ပျော့ပျောင်းကုန်သော ခြေတော်အစုံတို့ကို ဆန့်တန်းတော်မူပါ ဘုရား၊ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို မယ်တော်၏ ဦးခေါင်းနဖူးတို့ဖြင့် အကြိမ်ကြိမ် ပွတ်တိုက်ကာ ရှိခိုးဦးတင် ဖူးမြော်ကန်တော့မှုကို ပြုပါမည်ဘုရားဟု လျှောက်ထားတောင်းပန်တဲ့အခါ မြတ်စွာဘုရားက ခြေတော်အစုံကို ဆန့်တန်းပေးတော်မူတယ်။
ထိုအခါ မိထွေးတော် ဂေါတမီ ရဟန္တာထေရီမကြီးက ဦးခေါင်းနဖူးတို့ဖြင့် အကြိမ်ကြိမ်ပွတ်တိုက်ကာ နောက်ဆုံးရှိခိုး ကန်တော့ခြင်းဖြင့် ပြုလုပ်ပူဇော်သွားတဲ့ ထုံးတမ်းစဉ်လာတွေ မြတ်စွာဘုရားလက်ထက်တော်ကာလ ကတည်းက ရှိပါတယ်လေ၊ ဒါ့ကြောင့် မိန်းမတွေကို ဒီလိုခြိမ်းခြောက် တားမြစ်ကြတာဟာ မြတ်စွာဘုရားသခင်၏ အလိုတော်နဲ့မညီဘူး၊ မပြုလုပ်ကောင်းဘူးလို့ စာတတ်ပေတတ်ဆရာတော်ကြီးများက မိန့်ကြားဖူးတယ်၊ ကဲ….ဒီကိစ္စ ဒါထက် ဖြေစရာ မရှိတော့ဘူး၊ မိန်းမတွေ သူတို့အိမ်က ဘုရားကို ရေသပ္ပာယ်တော့ မထိ မကိုင် မပွတ်သပ်ဘူးလား၊ စဉ်းစားကြည့်ကြပေါ့။
ဒကာ။ ။ ဒီလိုရဲရဲတောက် ပွင့်ပွင့်လင်းလင်း မိန့်ကြားတဲ့ အမှန်တရားများကို ကြားနာ မှတ်သားရလို့ ကျေးဇူးတင်ပါတယ် ဆရာတော်။

Tuesday, August 17, 2010

ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား၊ ကျိုက်ထီးရိုးစေတီဘက် မိန်းမများ တက်ကောင်းသလော၊ ကျိုက္ခမီဘုရားတန်ဆောင်းပေါ် မိန်းမများ တက်ကောင်းသလော

ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား
ဒကာ။ ။ ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည် နတ်ကြီးသည် ဒါကြောင့် ဤစေတီအနီးသို့ မိန်းမများ ချဉ်းကပ်ထိကိုင်လျက် ရှိခိုးဦးတိုက်ခြင်းမပြုရ၊ ပြုလုပ်လျှင် လေကြီးမိုးကြီးကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြပါသည်၊ ပုံပမာ ကျိုက်ထီးရိုးစေတီတို့လို ဟာမျိုး။
အချို့သော ဂေါပကလူကြီးတွေကလည်း ဤဘုရားသခင် သီတင်းသုံးနေထိုင်တော်မူရာ ဂန္ဓကုဋီကျောင်းတော်သို့ မိန်းမများ မတက်ရ၊ မဝင်ရ၊ ဆွမ်းတော်ပန်းတော်ကပ်ခြင်း တံမြက်စည်းလှည်းခြင်း ပွတ်တိုက်သန့်ရှင်းခြင်း ရှိခိုးဦးတိုက်ခြင်း မပြုရ၊ ပြုလုပ်လျှင် ပင်လယ်လှိုင်း ဝဲဂယက်ကြီးက ဆူပွက်မျိုဝါး၍ သွားလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြသောကြောင်း အဝေးကြီးကနေပြီး ဖူးမြော်ရှိခိုးကြရပါသည်၊ ပုံပမာ ကျိုက္ခမီမြတ်ဘုရားလို ဟာမျိုး။
ဘုရားဟော ပိဋကတ်တော်မှာ သည်လိုတားမြစ်ချက်တွေများရှိပါသလား ဆရာတော်၊ မိန်းမများအတွက် သက်သက် စိတ်နှလုံး မကြည်စရာ ဖြစ်နေပါ၍ ပိဋကတ်တော် အထောက်အထားနဲ့ လူအများတို့ နားလည်အောင် တားမြစ်ပုံ ခွင့်ပြုပုံများ ရှိ မရှိ အဆုံးအဖြတ်များ ပေးသနားတော်မူပါဘုရား။

ဆရာ။ ။ အင်း….မြတ်စွာဘုရားသခင်ဟာ မဟာကရုဏာရှင်ကြီး ဖြစ်တော်မူတယ်၊ သတ္တဝါအများကို သနားကြင်နာတဲ့ နေရာမှာ ယောက်ျားရယ်၊ မိန်းမရယ်လို့ ခွဲခြားနိမ့်မြင့်မှု မပြု မထားပါဘူး၊ တသားတည်းပဲ ထားတော်မူပါတယ် ဒကာကြီးတို့ရယ်။
သာသနာတော်အတွင်းမှာ အမျိုးသားယောက်ျားတွေ ရှင်သာမဏေဘ၀ ရှင်ရဟန်းအဖြစ် ရယူကာ နိဗ္ဗာန် မဂ် ဖိုလ် တရားမြတ် ခံစားနိုင်သလို အမျိုးသမီး မိန်းမတွေလည်း သာမဏေမအဖြစ် ရဟန်းမအဖြစ် ရယူကြလျက် နိဗ္ဗာန် မဂ် ဖိုလ် တက်ရောက်နိုင်ခွင့် ရှိတာပဲဟာ ဉာဏ်ဆင်ခြင်ကြည့်ပေါ့။

ကျိုက်ထီးရိုးစေတီဘက် မိန်းမများ တက်ကောင်းသလော

ကျိုက်ထီးရိုးစေတီတော်ဘက်ကို မိန်းမများ မကူးမတက်ရတဲ့ ကိစ္စနဲ့စပ်၍ မိမိရဟန်း တဝါရသော ၁၂၈၈ ခု ပြာသိုလပြည့် (၁၇-၁-၁၉၂၇) ခုနှစ်၌ ကျိုက်ထီးရိုးတောင်တော် အုပ်ချုပ်နေသော ဆရာတော်ဦးအာဒိစ္စနဲ့ ရင်းနှီးစွာ ဆွေးနွေးမေးမြန်းဖူးပါတယ်၊ ဆရာတော်ဦးအာဒိစ္စ က…..
ကျိုက်ထီးရိုးစေတီတော်ဘက်ကို အမျိုးသမီးများ ကူးပြီး ကျောက်လုံးတော်ကြီးအား တွန်းလှုပ်ခြင်း၊ နဖူးဖြင့်တိုက်ပွတ်၍ ရှိခိုးခြင်း စသည်တို့ ပြုလုပ်ပူဇော်တာရယ်လို့တော့ မရှိဖူးသလောက်ပါဘဲတဲ့၊ ဒါ့ကြောင့် မိုးမုန်တိုင်းကြီးကျရောက်ခြင်း၊ ကျား ဆင်တို့ ထကြွခြင်း ဆိုတာလည်း တခါမှ မဖြစ်သေးပါဘူးတဲ့။
မိန်းမတွေ သံတံတားကနေပြီး စေတီဘက်ကို မကူးမတက်ရတာကတော့ စေတီယင်ပြင်က ကျဉ်းတယ်၊ အကာအရံလည်း မရှိတဲ့အတွက် အားငယ်၍ ကြောက်တတ်သော သတ္တိနည်းတဲ့ အမျိုးသမီးများနဲ့ မသင့်လျော်လို့ မူးမော်ခြင်း၊ လိမ့်ကျခြင်း၊ အန္တရာယ်များကြောင့် တားမြစ်တာပဲ ဖြစ်ပါတယ်တဲ့။
အမျိုးသမီးတွေ စေတီတော်၏ ခြေတော်ရင်းအထိ လာရောက်ရှိခိုး ပူဇော်တာကို နတ်များက မကြိုက်လို့ တားမြစ်ခြင်း မဟုတ်ပါဘူးလို့ ဖြေကြားသွားဖူးပါတယ်။
ဒကာ။ ။ ဒီလိုဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများ တက်ရောက် ရှိခိုးနိုင် တာပေါ့၊ ကျောက်လုံးတော်ကြီးကိုလည်း ကိုယ်တိုင်တွန်းလှုပ်ကြည့်ရှု ဖူးမြော်နိုင်တာပေါ့ ဆရာတော်။
ဆရာ။ ။ ဟုတ်တာပေါ့၊ ဘုရားစေတီ ပုထိုးတော်တို့ကို ရှိခိုးပူဇော် ဖူးမြော် ကြည်ညိုလို့ နတ်မကြိုက်ဘူး၊ ကျားကိုက်တယ်၊ ဆင်နင်းတယ်၊ မုန်တိုင်းကျတယ် ဆိုတာ တိတ္ထိတက္ကတွန်းတို့ရဲ့ စကားပဲဟာ၊ ယုတ္တိမရှိတာ မတားမြစ်ကောင်းဘူး၊ အလွန်အပြစ်ကြီးတယ်၊ ကုသိုလ်ကောင်းမှုလုပ်လျှင် ကောင်းကျိုးချမ်းသာ ရမှာပေါ့။
အမှန်ကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်မြတ်၌ အမျိုးသမီးတွေဟာ ယုံကြည်မှု သဒ္ဓါဓာတ် အားနည်းလို့ သူတို့ဘာသာ လန့်ကြောက်ကာ မသွားဝံ့တာသာ ဖြစ်တယ်၊ ဂေါပကလူကြီးတွေရဲ့ အပြစ်မဟုတ်ပါဘူး၊ မိန်းမတွေ ကျိုက်ထီးရိုးစေတီတော်ရဲ့ ခြေတော်ရင်းအထိ မသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းတဲ့ သမိုင်းဆရာကြီးတွေရဲ့ သမိုင်းစာ အမှားကြီးက ကြာရှည်လာတော့ အဲဒီအမှားစကားကိုပဲ အမှန်ထင်နေကြလို့ပါ၊ အမှားကြာတော့ အမှန်ထင်ဆိုတာ အဲဒါမျိုးပဲ ဒကာကြီးတို့ရ။

ကျိုက္ခမီဘုရားတန်ဆောင်းပေါ် မိန်းမများ တက်ကောင်းသလော

ဒကာ။ ။ ကျိုက်ထီးရိုးစေတီတော်မြတ်အကြောင်းကိုတော့ သိရပါပြီ ဆရာတော်၊ ကျိုက္ခမီ မြတ်စွာဘုရားသခင် ဆင်းတုတော်ရှိရာ ဂန္ဓကုဋီကျောင်း တန်ဆောင်းထဲသို့ မိန်းမများ သီလရှင်များ မတက်ရ၊ မဝင်ရ၊ ဝင်တက်ဖူးမြော်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် စသည်ဖြင့် ခြိမ်းခြောက်ပြောဆို တားမြစ်ကြတာကိုကော ဂေါပကလူကြီးများနဲ့ ဆွေးနွေးဖူးပါသလား ဘုရား။
ဆရာ။ ။ အင်း…သူဌေးကြီး ဆာဦးသွင်နဲ့ ဆွေးနွေးဖူးပါတယ်၊ သူဌေးကြီး ဆာဦးသွင်က သူကတော့ သူများရဲ့ ကုသိုလ်ရရေး ကောင်းကျိုးချမ်းသာကို မတားမြစ်ဝံ့ပါဘူးတဲ့၊ သမိုင်းဆရာတွေက ရေးသားတားမြစ်ခဲ့တဲ့ အစဉ်အလာရှိနေလို့ မိန်းမတွေ မတက်ဝံ့တာပါတဲ့၊ မိန်းမတွေ တက်ရောက်ဖူးမြော်ရင် ဝဲဂယက်ကြီးတွေ ဆူပွက်မျိုဝါးသွားမယ် ဆိုတာကိုလည်း သူမယုံကြည်ပါဘူးတဲ့၊ (ပုညံဝ သုခံ ဇနေတိ) ကုသိုလ်ကောင်းမှု ပြုလုပ်သူဟာ ကောင်းကျိုးချမ်းသာကို ရလိမ့်မယ်လို့သာ သူယုံကြည်ပါတယ်တဲ့၊ မိန်းမတွေ ဘုရားတန်ဆောင်းထဲ မတက်ဝံ့ မဝင်ဝံ့ဘူးဆိုလို့ သူတို့ ဖူးမြော်ရှိခိုးနိုင်ရန် အာရုံခံတိုက်ကလေးတလုံးကိုတောင် ဒကာကြီးက သပ်သပ်သီးခြား ဆောက်လုပ်လှူဒါန်းထားပေးရပါသေးတယ်တဲ့၊ ကဲ…အဲဒါ သူဌေးကြီး ဆာဦးသွင်ရဲ့ သဘောထားပါပဲ။
သူ့ရဲ့ဆိုလိုရင်းက မိန်းမတွေ မတက်ဝံ့ မဝင်ဝံ့လို့သာပါတဲ့၊ တက်ဝံ့ ဝင်ဝံ့ရင် ကုသိုလ်ကောင်းကျိုးတရားတွေ ပိုမိုတိုးပွားပြီး လာကြမှာပဲလို့ ဆိုလိုတယ်။
ဒကာ။ ။ မိန်းမသားများက အားနည်းတဲ့ ပင်ကို ရိုးစွဲဉာဉ်က ပါနေတော့ကာ သမိုင်းဆရာတွေ ခြောက်လှန့်ရေးသားထားတဲ့အတိုင်း ကြောက်လန့်ကြတာပေါ့ ဆရာတော်။
ဘုရား တရားကို ယုံကြည်လေးစား အားထားတဲ့ အာဇာနည် အမျိုးသမီးတယောက်က စ တင်ပြီး တက်ရောက် ပူဇော်ပြလိုက်ရင် နောက်လိုက် အမျိုးသမီးတွေ အစဉ်အဆက် ချမ်းသာကြမှာပဲ၊ သာသနာတော် ကြည်ညိုလေးစားတဲ့ စံပြ အာဇာနည် အမျိုးသမီးများပေါ်ထွန်းကာ အမှန်တရားပြစွမ်းနိုင်ပါစေလို့ ပတ္ထနာပြုလိုက်ပါတယ် ဘုရား။

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား? ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား
ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။
အကုသိုလ်ကံတွေကို အရဟတ္တမဂ်ဖြင့် ပယ်စွန့်ပြီးမှပဲဟာ၊ ဘုရားမှာ ဝဋ်လိုက်လို့ ဒုက္ခဆင်းရဲ အရှက်တကွဲတွေ ခံရသေးတယ်ဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ အင်း….ဝဋ်လိုက်တယ်ဆိုတာက ကုသိုလ်ဝဋ်ကလည်း လိုက်တာပဲ၊ အကုသိုလ်ဝဋ်ကလည်း လိုက်တာပဲ၊ ဘုရားမြတ်စွာတို့ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်စွန့်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အကုန်လုံး ပယ်နိုင်တာ မဟုတ်ဘူး၊ ဘုရား ရဟန္တာတို့ ပယ်စွန့်နိုင်ပုံက……

ကုသိုလ်ပယ်နိုင်ပုံ

လူ နတ် ဗြဟ္မာ ရရှိရေး ဘဝတပါးအတွက် သုဂတိ ပဋိသန္ဓေဝိညာဉ်ကိုဖြစ်စေတတ်တဲ့ ကုသိုလ်ကံမျိုးကိုသာ အပြတ် ပယ်သတ်လိုက်တာ၊ ဒါ့ကြောင့် သူတို့မှာ (ခီဏာဇာတိ) ဘဝတပါး ပဋိသန္ဓေနေဖို့ရာ မရှိတော့ဘူး၊ (ဘ၀နိရောဓော) ဘ၀ ကုန်ပြီ။
ခု လက်ရှိဘဝရဲ့ ပဝတ္တိ ကာလမှာတော့ ကုသိုလ်ကံ အဟောင်းအကြွင်းတွေက ဘုန်းတန်ခိုးတွေ ချမ်းသာရေး အမျိုးမျိုးတွေ ကျန်းမာရေးတွေကို အခွင့်သာသလို ပေးနေမှာချည်းပဲ။
သူတို့ ပြုလုပ်တော်မူကြတဲ့ ကုသိုလ်ကံ လုပ်ငန်းစုတွေကတော့ ဝိပါက ခေါ်တဲ့ ဝိပါက်ကောင်းကျိုးမျိုးကို အထူးတလည် မပေးတော့ဘူး၊ ကြိယာခေါ်တဲ့ အဗျာကတ ထဲ ၀င်သွားကြတယ်၊ ပြုကာမျှသာပဲ။
ဒါကြောင့် မြတ်စွာဘုရားသခင်ရဲ့ ဘုန်းတော်တန်ခိုးတော်တွေ အနန္တဟာ အနန္တ ဖြည့်ကျင့်တော်မူခဲ့တဲ့ ပါရမီ ကုသိုလ်ကံဟောင်းတွေကသာ အကျိုးပေးနေတာဖြစ်တယ်၊ ရှင်သာရိပုတ္တရာတို့ ပညာကြီးတာတွေ ရှင်သီဝလိထေရ်တို့ လာဘ်ပေါများတာတွေဟာ ရှေးရှေး ကုသိုလ်ကံဟောင်းတွေက ခု လက်ရှိဘဝမှာ ပေးနေတာတွေပေါ့၊ အဲဒါတွေကို ကုသိုလ်ဝိပါက် လိုက်တာလို့ခေါ်တယ်၊ “ဝိပါက် အမြဲ” ဆိုတာ အဲဒါတွေပဲ၊ ဒါ့ကြောင့် ကုသိုလ်ဓမ္မကို များများလုပ်ထားကြလို့ သူတော်ကောင်းတွေက ဟောပြောကြတာပဲ။

အကုသိုလ်ကံ ပယ်နိုင်ပုံနည်း

အကုသိုလ်ကံ ဘက်ကလည်း ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါးသို့ လားစေနိုင်တဲ့ အကုသိုလ်ကံဟောင်းတွေကိုသာ လုံးဝ အကြွင်းမဲ့ လက်စသတ် အပြတ်ပယ်ရှင်းလိုက်နိုင်တာဖြစ်တယ်၊ အပါယ်ဘဝ သွားတဲ့ တံခါးမကြီးကိုတော့ လုံးဝ ပိတ်လိုက်ပြီ။
ဒါပေမဲ့ ဘဝများစွာက မိမိတို့ ပြုလုပ်ပြီးသား ရှိနေတဲ့ အကုသိုလ် ကံဟောင်းတွေကတော့ အခုလက်ရှိဖြစ်နေဆဲ ပဝတ္တိဘဝရဲ့ မကောင်းဆိုးဝါး ဒုက္ခဆင်းရဲများစွာတို့ကို အခွင့်ရသည်နှင့် ပေးဖို့ရန် အသင့်စောင့်ကာ ကြည့်နေကြတာဖြစ်တယ်၊ ကုသိုလ်ကံဟောင်း အားနည်းသွားသည်နှင့် တပြိုင်နက် သူက၀င်ပြီး ဒုက္ခပေးလိုက်မှာပဲ၊ အဲဒါကတော့ စိတ်သာချ မုချပေးမှာပဲ။
အကုသိုလ်ကံဟာ အင်မတန် ကြောက်စရာကောင်းတာ၊ ဘုရားရော ပစ္စေကဗုဒ္ဓါရော ရဟန္တာရော နားမလည်ဘူး ကိုယ်မကောင်းတာ လုပ်ထားခဲ့ရင် မကောင်းတဲ့ ဆင်းရဲဒုက္ခကို မုချပေးမှာပဲ။
မြတ်စွာဘုရားသခင်ကိုလည်း မိစ္ဆာဒိဋ္ဌိတို့ရဲ့ တပည့်မဖြစ်သူ စိဉ္စမာဏ အမျိုးသမီးတဦးက ပရိသတ်အလယ်မှာ ၀င်ပြီးတော့ ရှင်ဂေါတမဟာ သူ့လင်ပါ၊ ဒါဟာ သူနဲ့ရတဲ့ ကိုယ်ဝန်ပါဟု အယောင်ဆောင်ထားတဲ့ သူ့ဗိုက်ကြီးကိုပြပြီး ကဲ့ရဲ့ စွပ်စွဲ အရှက်ခွဲတာဘဲ။
ဘုန်းတန်ခိုးအရာမှာ ပြောင်မြောက်ကာ ဧတဒဂ် ရတော်မူတဲ့ ရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးကိုလည်း ခိုးသားငါးရာတို့က အရိုးတွေ မှုန့်မှုန့်ညက်ညက်ကျေ အောင် ၀ိုင်းရိုက်ကာ နှိပ်စက်ညှင်းဆဲကြတာပဲ၊ ခံရတာပဲ။
အင်္ဂုလိမာလ မထေရ်မြတ်ကိုလည်း ဆွမ်းခံဝင်တဲ့အခါ အရပ်သားတွေက တို့ အဘိုးအဘွား၊ တို့ အဖေအမေ၊ တို့အမျိုးတို့ကို သတ်ဖြတ်တဲ့ လူဆိုးကြီးဟု ဆဲရေး တိုင်းထွာပြီး ခဲ အုတ်ခဲ ကျောက်ခဲတို့နဲ့ ပစ်ခတ်ကြလို့ ခေါင်းကွဲ ထိပ်ပေါက် သွေးထွက် နာကျင်မှု ဒုက္ခတွေ ခံရတာပဲ။
အဲဒါကြောင့် လိုရင်းအချုပ်ကတော့ ဘုရားရဟန္တာအရှင်မြတ်တွေဟာ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်တယ်ဆိုတာ နောက်ဖြစ်မည့် ဘ၀သစ် ပဋိသန္ဓေကို ပေးတတ်တဲ့ ကုသိုလ်ကံ နဲ့ အကုသိုလ်ကံကိုသာ ပယ်တာလို့ မှတ်ရမည်၊ ခုဘ၀အတွက်တော့ ပရိနိဗ္ဗာန်မစံ မချင်း ခံနေရမှာပဲ၊ ဝဋ်မကျွတ်သေးဘူးပဲ၊ ဒါ့ကြောင့် မကောင်းမှု အကုသိုလ်ကံများ မလုပ်ကြနဲ့လို့ ပြောရတာဖြစ်တယ်၊ ကဲ….ရှင်းရဲ့လား။
ဒကာ။ ။ ရှင်းပါပြီဆရာတော်၊ ဘုရားကိုသော်မှ အညှာမပေးတဲ့ အကုသိုလ်ကံမို့ ကြောက်လှပါတယ်ဘုရား၊ အော်…ဘ၀တပါးကို ဖြစ်စေတတ်တဲ့ ကုသိုလ်နဲ့ အကုသိုလ်ကိုသာ ပယ်တာကိုး၊ ခုမှပဲ ရှင်းတော့တယ် ဆရာတော်။

ရုပ်တရားများကို ပထဝီရုပ်စသည် မခွဲခြားဘဲ တပေါင်းတည်းစုကာ ဝိပဿနာရှုလို့ ရသလား

ရုပ်တရားများကို ပထဝီရုပ်စသည် မခွဲခြားဘဲ တပေါင်းတည်းစုကာ ဝိပဿနာရှုလို့ ရသလား
ဒကာ။ ။ ဝိပဿနာတရားပွားများတဲ့အခါ ရုပ်ဓာတ်တွေကို တခုစီခွဲခြားမရှုပွားဘဲ တပေါင်းတည်း ရှုမှတ်သွားလို့ကော မရဘူးလားဆရာတော်၊ ပထဝီရုပ်တွေ တေဇောရုပ်တွေနဲ့ ရှုမှတ်ရတာ ရှုပ်လှလို့ပါ၊ ရုပ်ဟူသမျှ တပေါင်းတည်း ရှုမှတ်ပွားများနည်း ဘုရားဟောရှိရင် သိပါရစေဆရာတော်။

ဆရာ။ ။ အင်း….ဝိပဿနာ ရှုတယ်ဆိုတာ ဖြစ်ပေါ်လာသမျှ ပျက်စီးရခြင်း အနိစ္စမှတ်ချက်ကို ထက်မြက်တဲ့ ဉာဏ်နဲ့ အမှန်မြင်အောင် ရှုမှတ်ဆင်ခြင်ရတာမျိုးပဲ။
အဘိဓမ္မာ ဒေသနာအရ ရုပ်တွေကို တပါးစီ ရေတွက်ခွဲခြမ်းပြီး (ပထဝီ ဓာတုံ ခေါ ရာဟုလ) ပထဝီဓာတ်ကို ဤသို့ ခက်မာသော သဘောဟု ရှုမှတ်သိ စသည်ဖြင့် ဟောကြားတာကတော့ ပုဂ္ဂိုလ်ရဲ့ ပညိနြေ္ဒအရ ကြည့်ပြီးတော့ ဟောသွားတာပါလေ။
ရူပကာယ ရုပ်ကိုယ်အနေနဲ့ တပေါင်းတည်း ရှုမှတ်ပွားများရန် ဟောကြားထားတဲ့ ဒေသနာတော်များလည်း ရှိပါတယ်၊ တပေါင်းတည်း ရှုမှတ်ပွားများလို့လည်း ရပါတယ်။
ဒကာ။ ။ တပေါင်းတည်း ရှုမှတ်ပွားများပုံ နည်းနယလေးကိုလည်း ပြောပြပေးပါဦး ဆရာတော်၊ ဒကာကြီးတို့ နားလည်အောင် လွယ်လွယ်နဲ့ တိုတိုပေါ့ဘုရား။
ဆရာ။ ။ အင်း…လွယ်ပါတယ်၊ ဒကာကြီးတို့ရဲ့ ရူပကာယ တကိုယ်လုံး တကောင်လုံးရဲ့ ကိုယ်အတွင်း၌ ငါမပါတဲ့ ရုပ်သဘောသက်သက်ကို သညာနဲ့ မှတ်ကာ စိတ်နဲ့ ရှုသိကြည့်လိုက်ပါ။
ရုပ်ရဲ့ သဘောတွေ ပေါ်လာတာ သိလိမ့်မည်၊ ညောင်းတယ်၊ ထုံတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ပူတယ်၊ အေးတယ် စသည်ဖြင့် ပေါ်ပေါ်လာသမျှ ပျက်ပျက်သွားတာတွေဟာ ရုပ်ရဲ့ မမြဲတဲ့သဘော အနိစ္စအမှန်တွေပေါ့၊ အဲဒီလို အမှန်တရားနဲ့ ရှုမှတ်ပွားများနေခြင်းဟာ ရုပ်တရားတွေရှိသမျှ စုပေါင်းပြီးတော့ ရုပ်တရားတခုတည်း ရှုမှတ်နေတယ်လို့ပဲ ခေါ်တာပေါ့။
ဒကာ။ ။ ဒါက ဘယ်သုတ်မှာ ဘုရားဟောပါသလဲ ဆရာတော်၊ ဒကာကြီးတို့ ကြားဖူးတာကတော့ ရုပ်တွေကို ခွဲခွဲပြီး ပထဝီဓာတ်မှတ်၊ တေဇောရုပ်မှတ်နဲ့ ကြားနာဖူးတာပဲ။
ဆရာ။ ။ အင်း….အဲဒီ ရူပကာယ ကိုယ်ရုပ်အပေါင်းကို ရှုမှတ်တဲ့နည်းကိုတော့ ရှင်သာရိပုတ္တရာရဲ့တူဖြစ်သော အဂ္ဂိဝေဿနအနွယ် ရှိတဲ့ ဒီဃနခပရိဗိုဇ်ကို မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒီဃနခ သုတ္တန်မှာ ပါတယ်၊ မယုံရင်လည်း ကြည့်ကြပေါ့လေ။
ဒကာ။ ။ ယုံကြည်လေးစားပါတယ်ဘုရား၊ သူတပါးကမေးရင် အကိုးအကားနဲ့ ဖြေကြားရအောင်လို့သာ သုတ်ရင်းကို မေးလျှောက်တာပါ။
ဆရာ။ ။ ဒီက ဖြေတာက ဒကာကြီးတို့ အားထုတ်ပွားများ ရှုမှတ်တတ်ဖို့ ဖြေကြားပေးနေတာ၊ ကိုယ်ရေးကိုယ်တာအတွက် အရင်လုပ်ထားရမှာဖြစ်တယ်၊ ဝိပဿနာတရား မပွားများ မရှုမှတ်ရသေးတဲ့သူဟာ ဘုရားကို တွေ့မြင်သူ မဟုတ်ဘူးတဲ့၊ ဘုရားသာသနာအတွင်းသား မဟုတ်ဘူးတဲ့၊ သာသနာပမှာဖြစ်တဲ့ လူသားနဲ့အတူတူပဲတဲ့၊ ဝိပဿနာဟာ ဘုရားသာသနာ အတွင်းမှာသာ ရှိတာ ပေါ်တာမို့ ဝိပဿနာအလုပ်ကို အားထုတ်ဖို့ ကောင်းတယ်နော်၊ ဒါပဲ။
ဒကာ။ ။ မှန်ပါ့၊ မိန့်ကြားတဲ့အတိုင်း ကိုယ်တိုင်လည်း ရုပ်တရားတွေရဲ့ မခိုင်မြဲမှု အနိစ္စလက္ခဏာ ဥဒယဝယဉာဏ် ကြိုးစားမှတ်သား ပွားများပါမယ် ဆရာတော်၊ ခုလို သတိပေး မိန့်ကြားတာ ကျေးဇူးအထူးပဲ တင်ပါတယ် ဆရာတော်။

Friday, August 13, 2010

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။
သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

ဆရာ။ ။ အင်း….ဒကာကြီးတို့ မေးခွန်းက လွယ်လွယ်နဲ့ မပြီးနိုင်တဲ့ အဖြေမျိုးပဲ၊ ဉာဏ်နားရှိသူများမှ နားလည်မှာဖြစ်တယ်၊ ဉာဏ်နားနဲ့ စိတ်ဝင်စားပြီးတော့ မှတ်သားပါ။
သောတာပန်မှာ နိစ္စစွဲနဲ့ အတ္တစွဲ ဒိဋ္ဌိတွေ မရှိဘူးဆိုပေမဲ့ တထစ်ချ ဧကန္တ မမှတ်ရဘူး၊ လုံးဝမရှိတဲ့ နိစ္စနဲ့ အတ္တစွဲ ဒိဋ္ဌိကတော့ ဝိပ္ပလ္လာသတရား သုံးပါးထဲက….
သောတာပန် ပုဂ္ဂိုလ်၌ နိစ္စ - ခိုင်မြဲတဲ့ အတ္တကောင် ငါကောင် ရှိတယ်လို့ ယူစွဲထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသကိုတော့ အကြွင်းမရှိဘဲ သောတာပတ္တိမဂ်က ပယ်သတ်လိုက်တယ်၊ လုံးဝ မရှိတော့ဘူးပေါ့။
အဲဒီ……သောတာပတ္တိမဂ် ပယ်သတ်ပုံထူးတာက ခန္ဓာငါးပါးအပေါ်၌ စွဲယူတဲ့ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ခန္ဓာတပါးစီသာ ပယ်သတ်နိုင်တာ၊ ရူပက္ခန္ဓာတပါး အပေါ်၌ ထင်ရှားအောင်ပြရရင်…
၁။ ရူပက္ခန္ဓာသည် ငါ။
၂။ ငါသည် ရူပက္ခန္ဓာ။
၃။ ရူပက္ခန္ဓာ၌ ငါရှိသည်။
၎။ ငါ၌ ရူပက္ခန္ဓာ ရှိသည်။
ဆိုတဲ့ (ရူပံ အတ္တတော သမနုပဿတိ) စသည်ဖြင့် ရုပ်အပေါ်၌ အတ္တကောင်ရှိတယ် ခိုင်မြဲတယ် ဟူသော ဒိဋ္ဌိမျိုးလုံးဝ မရှိတဲ့ သက္ကာယဒိဋ္ဌိစွဲကို ပယ်သတ်တယ်လို့ မှတ်ယူရမည်တဲ့။
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ အပေါ်မှာလည်း အဲသည်လိုဘဲ တပါးစီ တပါးစီ သက္ကာယဒိဋ္ဌိတွေကို ပယ်သတ်သွားတယ်လို့ မှတ်ယူရမည်တဲ့။
သောတာပန်ဟာ အဲဒီအတိုင်း ခန္ဓာငါးပါးအပေါ်မှာ သက္ကာယဒိဋ္ဌိအစွဲ နှစ်ဆယ်ကိုသာ ပယ်ဖြတ်သုတ်သင် ရှင်းလင်းနိုင်သေးတာလို့ မှတ်ယူရမည်တဲ့။
အိမ်ထောင်သားမွေးရောင်းဝယ်ရေးနဲ့ ငိုကြွေးမှု စသည်တွေ ရှိနေသေးတာကတော့ သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသတို့က ၀င်ဝင် စွက်နေလို့ဟု မှတ်ရမည်တဲ့။
ခန္ဓာတပါးစီ အပေါ်မှာ သူကောင် ငါကောင် အတ္တစွဲ ငါစွဲ ကင်းနေသော်လည်း ခန္ဓာငါးပါးလုံးကို ပေါင်းရုံးစွဲမှီပြီး ခေါ်ဆိုသမုတ်နေတဲ့ တကိုယ်လုံး တကောင်လုံးကိုပင် ယောက်ျား မိန်းမ ငါ့လင် ငါ့သား ငါ့ဥစ္စာ ငါ့ဟာ ဟု သိမှု စိတ္တဝိပ္ပလ္လာသနဲ့ မှတ်မှု သညာဝိပ္ပလ္လာသတို့က ရှိနေသေးသောကြောင့် လင်ယူ သားမွေးတွေ လုပ်နေကြသေးတယ်လို့သာ မှတ်ယူရမည်။
ဒါပေမဲ့ ပုထုဇဉ်တုန်းကလိုတော့ အစွဲအမြဲ သဲသဲမဲမဲ စုံရေ မျက်ပြဲကြီး မဟုတ်တော့ဘူး၊ အမှတ်မဲ့နေတဲ့အခါမှာသာ စိတ္တဝိပ္ပလ္လာသနဲ့ သညာဝိပ္ပလ္လာသ နှစ်ပါးက ၀င်နေတာ၊ ၀င်နိုင်တာပါတဲ့။
ယောနိသော မနသိကာရနဲ့ ဆင်ခြင်စဉ်းစားမိတဲ့အခါမျိုးနဲ့ ၀ိပဿနာတရားပွားများ ရှုမှတ်နေတဲ့ အခါမျိုးကျတော့ ဒီ သညာအမှတ်မှားတို့ စိတ္တအသိမှားတို့ဟာ လုံးဝ ၀င်မလာတော့ဘူးတဲ့။
ကဲ….ဒကာကြီးတို့ စဉ်းစားကြည့်စမ်း၊ သောတာပန်မှာ ရှုမှတ်ဆင်ခြင်မှု မရှိဘဲနဲ့ မြင် ကြား စသည့် အာရုံတို့ ပေါ်တိုင်း အနိစ္စဓမ္မတွေဘဲလို့ အမြဲထင်မှတ်သိရှိနေရင် ရဟန္တာနဲ့ ဘာထူးသေးသလဲ၊ အာသဝ တရားလေးပါး ကုန်ခန်းရာ ရောက်သွားမှာပေါ့၊ ကဲ…ရှင်းရဲ့လား။
ဒကာ။ ။ ဝိပ္ပလ္လာသ တရား သုံးပါးတို့တွင် သောတာပန်ပုဂ္ဂိုလ်က သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသ နှစ်ပါးကျန်ရှိနေသေးတယ်ဆိုတာ သိရလို့ ရှင်းလင်းသွားပါပြီ ဆရာတော်၊ သောတာပန် ပယ်တဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဆိုရာမှာ သောတာပတ္တိမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသ ဖြစ်တဲ့ သက္ကာယဒိဋ္ဌိနှစ်ဆယ်ကိုသာ လုံးဝ ပယ်ဖြတ်လိုက်တယ် ဆိုတာလည်း ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဘုရား။

ငါ ငါ့ဥစ္စာ မရှိတဲ့ ၀ိပဿနာကို ရှု ရှု နေတာ ဘယ်သူ့အတွက်လဲတဲ့

ငါ ငါ့ဥစ္စာ မရှိတဲ့ ၀ိပဿနာကို ရှု ရှု နေတာ ဘယ်သူ့အတွက်လဲတဲ့

ဒကာ။ ။ ဤလောက၌ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဆိုတာမရှိ၊ ရုပ်နာမ်နှစ်ပါးသာ ရှိ၏။ ထိုရုပ်နာမ်နှစ်ပါးတို့ဟာလည်း ဖြစ်ပြီးလျှင် ပျက်၍သွားကြကုန်၏ဟု ရှုမှတ်နေကြတဲ့ ဝိပဿနာအလုပ်ဟာ ဘယ်သူ့အတွက် ပြုလုပ်ရှုမှတ် ပွားများနေကြတာလဲ ဆရာတော်၊ ငါကောင် သူကောင် ဆိုတာမှ မရှိတဲ့ဥစ္စာ ရှုမှတ်ခိုင်းနေရသေးသလား၊ အပိုပေါ့။

ဆရာ။ ။ အင်း….. ဝိပဿနာ ရှုမှတ်ပွားများတာကတော့ အတ္တကောင် ငါကောင်ရှိတယ်၊ ငါ့ဥစ္စာ ငါ့ဟာရှိတယ်ဆိုတဲ့ အတ္တကောင် ငါကောင် မိစ္ဆာဒိဋ္ဌိ အမှားယူကောင်တွေရဲ့အတွက် အမှန်သိအောင် ရှုမှတ်ပွားများနေတာပဲ ဖြစ်တယ်၊ ရှုမှတ် ပွားများခိုင်းရတယ်၊ မပိုပါဘူး၊ ဒါဟာ တိကျတဲ့ အမှန်တရားပဲ။
ဒကာ။ ။ အတ္တကောင် ငါကောင် မရှိပါဘူး ဆိုထားပြီးသားဥစ္စာ အတ္တကောင် ငါကောင်တွေရဲ့အတွက်ဟု ဆိုလာပြန်တော့ကာ ရှေ့နောက် မညီတဲ့ စကားဖြစ်နေတာပေါ့ ဆရာတော်။
ဆရာ။ ။ သေချာစွာ နားထောင်ပါ၊ အတ္တကောင် ငါကောင် မရှိ၊ ရုပ်နာမ်သာ ရှိတယ်ဟု စွဲယူတာက အမှန်တရား သမ္မာဒိဋ္ဌိ အယူအစွဲ ဖြစ်တယ်၊ အနတ္တဝါဒီ အယူခေါ်တယ်။ အဲဒီလို မရှိတာကို အတ္တကောင် ငါကောင် ရှိတယ်လို့ ယူစွဲနေကြတဲ့ မိစ္ဆာဒိဋ္ဌိ အယူအစွဲရှိနေတဲ့ အတ္တသမားတွေအတွက် အနတ္တတရားကို အမှန်အတိုင်းဉာဏ်ဖြင့် ကိုယ်တိုင်ဒိဋ္ဌ သိရှိလာအောင် ကိုယ်ကာယခေါ်ဆိုတဲ့ ရုပ်နာမ်အစု ဤကိုယ်ထဲ ရှုမှတ်ခိုင်းတာပဲ ဖြစ်တယ်။
ကိုယ်ထဲစိုက်ပြီးရှုမှတ်လိုက်တော့ ကိုယ်ကာယကြီးရဲ့ ရုပ်တရားတွေဟာ ညောင်းညာ ထုံကျင် ကိုက်ခဲ ကြွတက် လေးပိ ယားယံ စတဲ့ ဖောက်ပြန်မှု အနိစ္စနဲ့ ဆင်းရဲတဲ့ ဒုက္ခတွေ ပေါ်လာတာကို တွေ့ တွေ့သာနေရတယ်၊ ကြာလေ ကြာလေ ဆိုးလေပဲ၊ ကောင်းတဲ့ ချမ်းသာဆိုတာ တတိုတစမျှ မရှိဘူး၊ အနိစ္စနဲ့ ဒုက္ခသာ ရှိတယ်ဆိုတာ သိလာတယ်။
အဲဒီ မမြဲတဲ့ ဖောက်ပြန်မှု အနိစ္စကို ခိုင်မြဲတဲ့ နိစ္စ ဖြစ်လာအောင်၊ ဆင်းရဲတဲ့ ဒုက္ခကို ချမ်းသာတဲ့ သုခ ဖြစ်လာအောင် ဘယ်သူမှ အစိုးတရ ဖြစ်အောင် မလုပ်နိုင်ဘူး၊ အဲဒီလို အစိုးတရမရှိလို့ ငါကောင် အတ္တကောင် မဟုတ်ဘူး၊ အစိုးမရတဲ့ အနတ္တတရားစုတွေသာ ဖြစ်တယ်ဆိုတာ သိလာအောင်လို့ ဒကာကြီးတို့လို အတ္တစွဲသမားတွေအတွက် အဖြေမှန်တွေထွက်လာအောင် ဝိပဿနာတရားကို ရှုမှတ်ပွားများခိုင်းတာပဲ၊ ကဲ….ဘယ်လိုလဲ၊ အို နာ သေ မှုတွေနဲ့ ဖြစ်ပျက်နေတဲ့ သည်ရုပ်နာမ်အစုဟာ သူကောင် ငါကောင် ဟုတ်ရဲ့လား။
ဒကာ။ ။ သဲကွဲစွာ ရိပ်စားမိပါပြီ ဆရာတော်၊ တလောကလုံး အတ္တစွဲနဲ့ နေလာကြတာတွေပဲကို ဘုရား၊ အတ္တကောင် အတ္တစွဲသမားတွေအတွက် ဝိပဿနာတရား ရှုမှတ်ပွားများရတယ်ဆိုတာ ထင်ရှားပါပြီဆရာတော်။

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား
ဒကာ။ ။ မကောင်းတဲ့ အပြစ်ရှိတဲ့ အကုသိုလ်တရားတွေ ရှောင်ကြဉ်ကာနေရင် သီလနဲ့ပြည့်စုံတာပဲမဟုတ်လား ဆရာတော်၊ သီလခံယူ ဆောက်တည်နေစရာများ လိုသေးသလား ဘုရား။

ဆရာ။ ။ အင်း….အကုသလဓမ္မ ရှောင်ကြဉ်ရမှာနဲ့ သီလခံယူဆောက်တည်မှု၊ သည်နှစ်ခုကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျပါပဲ၊ ဒါပေမဲ့ အကုသိုလ် ရှောင်ကြဉ်ရုံကလေးနဲ့တော့ သီလအကုန် ပြည့်စုံနေပြီလို့ မဆိုနိုင်သေးဘူး၊ ဒကာကြီးတို့ ဆောက်တည်တယ် ဆိုတာက လောကီသီလ လောက်ပဲဟာ။
ဒကာ။ ။ သီလဆိုတာ လူများအတွက် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး၊ သီလ ဆိုတာတွေပဲ မဟုတ်လား၊ ဒါတွေဟာ အကုသိုလ်ကို မလုပ်အောင် တားမြစ်တဲ့ သိက္ခာပုဒ်တွေပဲဟာ၊ သီလအကုန် မပြည့်စုံသေးဘူးဆိုတာက ဘယ်သီလမျိုး ကျန်ရှိနေသေးလို့ပါလဲ ဆရာတော်။
ဆရာ။ ။ ဒီ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး၊ သီလ တွေက လောကသားတို့ စောင့်ထိန်းထားရမည့် လောကီသီလတွေသာ ဖြစ်တယ်၊ အရိယာမဂ် သီလဆိုတာ ကျန်သေးတယ်၊ အဲဒီ အရိယာမဂ် သီလက အကုသိုလ် ရှောင်ကြဉ်ရုံကလေးနဲ့ ရနိုင် ပြည့်စုံနိုင်တာ မဟုတ်ဘူး။
ဒကာ။ ။ ဒီလိုဆိုရင် အရိယာမဂ်သီလနဲ့ ပြည့်စုံအောင် ပြုလုပ်ထုံး နည်းနယကို ဒကာကြီးတို့ နားလည်ရုံမျှ ပြောပြပါဦး ဆရာတော်။
ဆရာ။ ။ အင်း…အရိယာမဂ်နဲ့ ပြည့်စုံဖို့ကတော့ ဝိပဿနာဉာဏ်ရဲ့ အခြေခံဉာဏ်ဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယာပရိဂ္ဂဟဉာဏ် နှစ်ပါးကို သိအောင် သင်ကြားပြီးတော့ ငါ ငါ့ဟာ မဟုတ်တဲ့ အဲဒီ ရုပ်နာမ်တို့ရဲ့ မခိုင်မြဲမှု အနိစ္စလက္ခဏာကို ကိုယ်ကာယအတွင်းမှာ ပေါ်သမျှလိုက်ပြီး ရှုမှတ် ပွားများရတဲ့ ဝိပဿနာအလုပ်တရားပဲ ဖြစ်တယ်။ အဲဒီလို ဖြစ်ပျက် ဥဒယ ဝယ ဉာဏ်တွေ ရင့်သန်လာတော့ကာ ဉာဏ်စဉ်တွေ တက်တက်ပြီး အနုလောမဉာဏ် က မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်အောင် ပေါင်းကူးပေးလိုက်လို့ အရိယာမဂ်ရောက်မှ ပြည့်စုံတယ်လို့ ဆိုရတယ်၊ ဒါ့ကြောင့် ဝိပဿနာတရားမပွားများဘဲ အကုသိုလ် ရှောင်ရှားရုံကလေးနဲ့တော့ သီလနဲ့ မပြည့်စုံသေးဘူးလို့ ဆိုတာပဲ၊ ကဲ….ရှင်းရဲ့လား အရိယာပုဂ္ဂိုလ်ဖြစ်အောင် လုပ်ထားရမှာ။
ဒကာ။ ။ မှန်ပါ့၊ ဝိပဿနာအလုပ်သဘော မပါတဲ့ အသိကလေးနဲ့သာ ရှောင်ရှားနေတဲ့ သီလတရားမျိုးမို့ ဆိုတာသိပါပြီ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား၊ အရိယာမဂ္ဂသီလအပိုင်းထဲရောက်မှ ခိုင်မြဲတော့မှာကိုး။

နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ ဘယ့်နယ်လုပ် ချမ်းသာတာလဲ

နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ ဘယ့်နယ်လုပ် ချမ်းသာတာလဲ

ဒကာ။ ။ ချမ်းသာတာက သုခ၊ ခံစားတာက ဝေဒနာ၊ နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ၊ ဘာသုခကို ခံစားပြီးတော့ ဘယ်လို ဘယ့်နှယ်လုပ်ပြီး ချမ်းသာနေတာလဲ ဆရာတော်၊ နိဗ္ဗာန်မှာ ရုပ်နာမ်ရှိလို့လား။

ဆရာ။ ။ ဟုတ်တယ်၊ ဒီပြဿနာက ရုပ်နာမ်ကို လက်ဆုပ်လက်ကိုင် စွဲထားတဲ့ အတ္တသမားများရဲ့ အလုပ်မဟုတ်ဘူး၊ ဒကာကြီးတို့ အမေးက ရုပ်နာမ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားတော့ ဘယ်နယ်လုပ်ဖြေရမှာလဲ၊ ဒကာကြီးတို့က သက္ကာယ အယူသမားတွေပဲ။
ဒကာ။ ။ ဒကာကြီးတို့ မြန်မြန်ထက်ထက်နဲ့ ဉာဏ်မျက်စိမြင်အောင် ဖြေကြားပေးပါ ဘုရား၊ တချို့ဆရာများက နိဗ္ဗာန်မှာ ခံစားမှု သုခဝေဒနာ ရုပ်ထူးနာမ်ထူး ရှိတယ်လို့ ဟောကြားတာ ကြားနာရဘူးလို့ပါ ဆရာတော်။
ဆရာ။ ။ ဟုတ်ပါတယ်၊ ဘုရားလက်ထက်ကလည်း ရှင်လာလုဒါယီ က ရှင်သာရိပုတ္တရာကို ဒီလိုပဲ မေးခွန်းထုတ်တာ ရှိတယ်၊ ကဲ…..ဉာဏ်နားနဲ့ထောင်၊ ဉာဏ်မျက်စိနဲ့ မြင်အောင်လည်း ကြည့်ပေါ့။
“ဝေဒနာပစ္စယာ တဏှာ” တဲ့၊ ခံစားမှု သုခဝေဒနာ ဖြစ်ပေါ်မှုကြောင့် အဲဒီ မြင်သုခ ကြားသုခ စားသုခတွေကို သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင်တဲ့ တဏှာလောဘ ဖြစ်ပေါ်လာတာ။
“ဝေဒနာ နိရောဓာ တဏှာ နိရောဓော” တဲ့၊ ခံစားမှု ဝေဒနာမရှိဘဲ ချုပ်ငြိမ်းသွားလို့ အဲဒီ သုခကလေးကို သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင် ခံစားချင်တဲ့ တဏှာ လောဘ သမုဒယသစ္စာလည်း ချုပ်ငြိမ်းသွားတာ ဖြစ်တယ်။
“တဏှာနိရောဓော နိဗ္ဗာနံ” ကိုယ်တွေ့အာရုံငါးပါးအပေါ်မှာ သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင် ခံစားချင်တဲ့ တဏှာချုပ်ငြိမ်းနေခြင်းဟာ နိဗ္ဗာန်ပဲ။
ပုံပမာ။ ။ ဆေးလိပ်ကို အလွန်အမင်းကြိုက်နှစ်သက်စွာနဲ့ သောက်ရှူခံစားနေတဲ့သူဟာ ဆေးလိပ်ပြတ်သွားတာနဲ့ တပြိုင်နက် ခံစားမှု ဝေဒနာ မရှိလို့ ဆေးခိုးဆေးငွေ့ ရသာရုံကို မခံစားဘဲ နေရတာက နေနိုင်တာက ပိုမိုသာလွန်၍ ငြိမ်းအေးချမ်းသာတယ်၊ အဲဒါဟာ ဆေးလိပ်အတွက် ခံစားလိုမှု လောဘတဏှာ ငြိမ်းအေးတဲ့ ဆေးလိပ်နိဗ္ဗာန်ပဲ။
ခံစားရတာထက် မခံစားဘဲနေနိုင်တာက ပိုမိုချမ်းသာတယ်၊ ငြိမ်းအေးတယ်၊ ရှာမှီးရခြင်း၊ သိမ်းဆည်းရခြင်း၊ ပူပန်ရခြင်းတွေ ဘာတခုမှ မရှိတော့ဘူးလေ၊ ကဲ…သဘောပေါက်ရဲ့လား၊ မခံစားရဘဲနဲ့ ချမ်းသာနေတဲ့ အ ဝေဒယိတ သုခဟာ နိဗ္ဗာန်အစစ်ပဲ။
ဒကာ။ ။ ဒကာကြီးဉာဏ်မျက်စိထဲ အလင်းရောင်တွေ ရဲရဲတောက် ဝင်လာလို့ အမှန်ကိုမြင်ပါပြီ ဆရာတော်၊ ခံစားမှု ဝေဒနာရှိလို့ လိုချင်မှု သမုဒယသစ္စာ တဏှာပေါ်လာတာ၊ ဒီသမုဒယကြောင့် ဒုက္ခသစ္စာ ဆင်းရဲတာ အမှန်ပဲ ဘုရား။
ဆရာ။ ။ အဲ….ဟုတ်ပြီ၊ ဒါ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာကို မခိုင်မြဲမှု အနိစ္စလက္ခဏာနဲ့ မြင်အောင်ရှုမှတ်ရမှာဖြစ်တယ်၊ ဝေဒနာကို အနိစ္စ ရှုမှတ်နေရင် တဏှာမလာနိုင်ဘူးဘဲ၊ သမုဒယသစ္စာ ချုပ်တာပဲ၊ နိဗ္ဗာန်နဲ့ နီးတာပဲ၊ ကဲ….ပြန်နိုင်ပါပြီ။
ဒကာ။ ။ မှန်ပါ့၊ ဦးတင်ပါတယ် ဆရာတော်၊ အင်း…..ခံစားချင်လို့ ဆင်းရဲတာ၊ ခုမှပဲ ရှင်းလင်းတော့တယ် ဘုရား။

Tuesday, August 10, 2010

နိဗ္ဗာန်ကို မျက်မှောက်ပြုပုံနည်း တိုတို ကျဉ်းကျဉ်းကလေး

နိဗ္ဗာန်ကို မျက်မှောက်ပြုပုံနည်း တိုတို ကျဉ်းကျဉ်းကလေး

ဒကာ။ ။ နိဗ္ဗာန သစ္ဆိကိရိယာစ ဧတံ မင်္ဂလမုတ္တမံ- ဆိုတဲ့ မင်္ဂလသုတ်ပါဠိကို ငယ်ငယ်တုံးက ကုန်းအော်ကျက်ခဲ့ရပေမဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ ဘာမှန်းမှလည်း မသိခဲ့ပါ၊ ဒါ့ကြောင့် နိဗ္ဗာန်မျက်မှောက်ပြုပုံနည်းကို ကျဉ်းကျဉ်း တိုတိုကလေးနဲ့ ရှင်းပြပေးပါ ဆရာတော်။

ဆရာ။ ။ နိဗ္ဗာန်ဆိုတာ ဖြစ်မှု ပျက်မှု ဘာတခုမှ မရှိတဲ့ ပကတိငြိမ်းအေးချမ်းသာပြီးနေတဲ့ သဘောကို ခေါ်ဆိုတာဖြစ်တယ်၊ သူ့ကိုပဲ လောကုတ္တရာတရား လို့လည်း ခေါ်ရပြန်တယ်။
လောကီတရားစုဖြစ်တဲ့ သက်ရှိသတ္တ၀ါ မှန်သမျှနဲ့ သက်မဲ့ တော တောင် ရေ မြေ ပင်လယ်သမုဒ္ဒရာ စတဲ့ အရာဝတ္ထုတွေဟာ ဘာတခုမှ မမြဲဘူး၊ ဖြစ်ပြီး ပျက်နေကြတာတွေသာ ဖြစ်တယ်၊ အဲဒါတွေကိုပင် လောကီရုပ်နာမ်တရားတွေလို့ ခေါ်ဆိုရပြန်တယ်။
အဲဒီ ရုပ်နာမ်တရားတွေဟာ ဖြစ်ပေါ် ဖြစ်ပေါ်လာပြီး ပျက်စီးပျက်စီးသွားတာ အမှန်မို့ အနိစ္စလက္ခဏာ၊ ဒုက္ခသစ္စာတွေသာဖြစ်တယ်၊ ယင်းကိုပင် အပြုအလုပ်ခံနေရတဲ့ သင်္ခါရတရားစုလို့လည်း ခေါ်တယ်၊ လုပ်ခရတဲ့ အကျိုးသင်္ခါရ ဆင်းရဲဒုက္ခတွေပဲ၊ ခုပြောနေတာ သဘောကျရှင်းရဲ့လား၊ အတိုဆုံးနည်းနဲ့ အကျဉ်းလိုရင်းကို ပြောနေတာ။
ဒကာ။ ။ မှန်ပါ့၊ လောကီရုပ်နာမ်တရားစု မခိုင်မြဲမှု ဖြစ်ပျက် အနိစ္စလက္ခဏာ ဒုက္ခသစ္စာဆိုတာ ရှင်းပါပြီ ဆရာတော်၊ ဆက်လက်မိန့်ကြားပါဘုရား။
ဆရာ။ ။ အဲဒီဖြစ်ပျက်နေတဲ့ လောကီရုပ်နာမ်၊ ဆင်းရဲတာ အမှန်ဖြစ်တဲ့ ဒုက္ခသစ္စာကို အမှန်မြင်အောင် သိအောင် ကိုယ်ကာယထဲမှာ စူးစိုက်ပြီး ရှုမှတ်ပွားများရမှာ ဖြစ်တယ်၊ တခြားမှာ သွားရှာနေစရာ မလိုပါဘူး၊ တရားရှာ ကိုယ်မှာတွေ့ တယ်တဲ့။
ဒကာ။ ။ တပည့်တော်က နိဗ္ဗာန်ကို မျက်မှောက်ပြုပုံ ပြုနည်း မေးနေတာပါ ဆရာတော်၊ တရားရှာပုံ နည်းကို မေးတာမဟုတ်ပါ။
ဆရာတော်။ ။ ဟုတ်ပါတယ်လေ၊ ဒီကလည်း နိဗ္ဗာန်မျက်မှောက်ပြုပုံကို ပြောနေတာပါ၊ စကားမှ မဆုံးသေးဘဲဟာ၊ သေချာစွာ နားထောင်ပါ။
အဲဒီ ကိုယ်ကာယထဲ စူးစိုက်ပြီး ရှုမှတ်ပွားများလိုက်တော့ကာ မညောင်းတဲ့နေရာက ညောင်းလာတယ်၊ မယားတဲ့ နေရာက ယားလာတယ်၊ မနာတဲ့နေရာက နာလာတယ်၊ အဲဒါတွေကို ရှုမှတ်လိုက်ရင် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပျက် ပျက် သွားတာကိုသာ တွေ့နေရတာပဲ၊ (အဲဒါဟာ ၀ိပဿနာဉာဏ်ပဲ။)
ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဖြစ်ပေါ်ဖြစ်ပေါ်ပြီး ပျက်စီးပျက်စီးသွားတာကိုချည်းပဲ ဉာဏ်ထဲမှာ တွေ့ တွေ့ နေရတာတွေဟာ ဆင်းရဲ ဒုက္ခ သင်္ခါရတွေချည်းပဲ၊ အဲဒါတွေကို ရှုမှတ် ရှုမှတ်နေရင်းက နောက်ဆုံးကျတော့ ရှုမှတ်ဆဲ ဆင်းရဲဒုက္ခ တန်းလန်းထဲကပင် ဖြစ်ပျက်ခြင်း ကင်းငြိမ်းပြတ်စဲတဲ့ အလွန်ပဲ ချမ်းသာတဲ့နေရာ ဓမ္မသဘောထဲကို ယောဂီရဲ့ မှတ်ဉာဏ်ဟာ သူ့အလိုလို ဖြုတ်ဆို ကျရောက် သိရှိသွားတယ်။ ဖြစ်ပျက် ဆင်းရဲဒုက္ခတွေ လုံးဝ မရှိတော့ဘူး။ အဲဒါဟာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ဖြစ်ပျက်ခြင်းကင်းငြိမ်းတဲ့ နိဗ္ဗာန်တရားမြတ်ကို မျက်မှောက်ပြုလိုက်တာပဲ၊ နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစားသွားတာပဲ၊ ကဲ…ရှင်းရဲ့လား၊ ဒါမှ မရှင်းရင်လည်း သတင်းစာထဲက ရဟန္တာပါလို့ ကြော်ငြာနေတဲ့ ပုဂ္ဂိုလ်တွေဆီ သွားမေးပေတော့။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ လက်စသတ်တော့ ၀ိပဿနာတရားပွားများရှုမှတ်နေတဲ့ ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်မှုသင်္ခါရ ဒုက္ခသစ္စာတွေ လက်စသိမ်း လက်စသတ် ပြတ်စဲ ချုပ်ငြိမ်းသွားတဲ့ ဉာဏ်အမြင်ဆိုတာ ခုမှပဲ သဲကွဲတော့တယ် ဆရာတော်၊ ကျေးဇူးတင်လှပါတယ် ဘုရား။
ဆရာ။ ။ ဟုတ်တယ်၊ ပါဠိတွေကတော့ “ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနံ” တဲ့၊ ယင်းအတူပဲ “ပ၀တ္တံ သင်္ခါရာ၊ အပ၀တ္တံ နိဗ္ဗာနံ” တဲ့၊ ဖြစ်ဖြစ်သမျှဟာ ပျက်ပျက်သွားလို့ သင်္ခါရဆင်းရဲခြင်းပဲတဲ့၊ ဖြစ်ခြင်းကင်းတာဟာ မပျက်ရတော့လို့ ငြိမ်းအေးခြင်း ချမ်းသာပဲတဲ့၊ ကဲ…တော်လောက်ပြီ၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုတာ သိချင်ရင် ၀ိပဿနာတရားကို ကြိုးစားရှုမှတ်ပါ၊ ဒါပဲ။
ဒကာ။ ။ ကောင်းပါပြီ ဆရာတော်၊ မိန့်ကြားညွှန်ပြ စေခိုင်းတဲ့အတိုင်း ကြိုးစားပါမည် ဘုရား။

လောကီကုသိုလ်စိတ်ဇောက နိဗ္ဗာန်အစစ်ကို အာရုံပြုနိုင်သလော

လောကီကုသိုလ်စိတ်ဇောက နိဗ္ဗာန်အစစ်ကို အာရုံပြုနိုင်သလော

ဒကာ။ ။ ယခုလူတွေ ကြိုးစားပွားများ အားထုတ်နေကြတဲ့ ၀ိပဿနာတရား လောကီကုသိုလ်စိတ်များက ရုပ်နာမ်တို့ချုပ်ငြိမ်းအေးချမ်းရာ နိဗ္ဗာန်အစစ်ကို အာရုံပြုနိုင်ပါသလား ဆရာတော်၊ လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်တို့ကသာ နိဗ္ဗာန်ကို အာရုံပြုနိုင်တာ မဟုတ်ပါလားဘုရား။

ဆရာ။ ။ လောကီကုသိုလ်စိတ်တွေက ကာမကုသိုလ်ရှစ်ပါး၊ ရူပ ကုသိုလ် ငါးပါး၊ အရူပကုသိုလ် လေးပါး၊ ပေါင်း တဆယ့်ခုနစ်ပါးတောင် ရှိတာ၊ ၀ိပဿနာတရားအစစ်ကို ပွားများတဲ့ ကုသိုလ်စိတ်က ကာမာဝစရ မဟာကုသိုလ် ဉာဏ သမ္ပယုတ်စိတ် လေးပါးတည်းရယ်၊ ဘယ်စိတ်ကို မေးတာလဲ၊ လောကီကုသိုလ်စိတ်တွေက အများကြီးပဲဟာ။
ဒကာ။ ။ လောကီကုသိုလ်စိတ်ထဲကလည်း နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ စိတ်ရှိတယ်လို့ ပြောဟောသံ ကြားဖူးလို့ မေးတာပါ ဆရာတော်၊ တကယ်ရှိရင် အဲဒီစိတ်ကို သိပါရစေ ဘုရား။
ဆရာ။ ။ အင်း…ရှိတယ်၊ အဲဒီစိတ်ကို “ဂေါတြဘူ” လို့ ခေါ်တယ်၊ သူရဲ့ မူရင်းကတော့ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်မျိုးထဲက ထူးချွန်ထက်မြက်သော ဇောစိတ်တခုပဲ။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် အနည်းငယ် ရှင်းပြပါဦး ဆရာတော်၊ ကာမကုသိုလ်စိတ်က နိဗ္ဗာန်အာရုံပြုတယ်ဆိုတာ အစစ်မဟုတ် မှန်းဆချက်လို့ ပြောနေကြလို့ပါ။
ဆရာ။ ။ ကဲ…နားထောင်၊ တိုတိုနဲ့ပဲ ရှင်းပြပေးမည်၊ ၀ိပဿနာ အစစ်အမှန် ရုပ်နာမ်တို့ ဖြစ်ပျက်မှုကိုသာ အစဉ်တစိုက် လိုက်မှတ် ရှုပွားနေတဲ့ ယောဂီဟာ လောကုတ္တရာ မဂ်စိတ်သို့ ကျရောက်လုဆဲဆဲမှာ အဲဒီမဂ်စိတ် ရှေ့နားက ကပ်ပြီးတော့ ကာမကုသိုလ် ဉာဏသမ္ပယုတ် “ဂေါတြဘူ” ဆိုတဲ့စိတ် ဖြစ်ပေါ်လာတယ်၊ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော လို့လည်း ခေါ်တယ်။ အဲဒီ ဂေါတြဘူ ဇောစိတ်က ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဒုက္ခသစ္စာကို ကျော်လွန်ကာ ဖြစ်ပျက်မှုငြိမ်းအေးရာ နိဗ္ဗာန်အာရုံဆီကို ညွှတ်ကိုင်းပြေးဝင်သွားတော့တာပဲ၊ အဲဒီ ဂေါတြဘူစိတ်က အာရုံပြုတဲ့ နိဗ္ဗာန်ကိုပဲ မဂ်စိတ်ကလည်း အာရုံပြုလျက် ကာမ ကုသိုလ် ဂေါတြဘူနဲ့ အနန္တရ၊ သမနန္တရ ပစ္စည်းတပ်ကာ ကပ်လျက် တဆက်တည်း ဖြစ်သွားတော့တာပဲ။ ဂေါတြဘူက ပုထုဇဉ်အနွယ်ကိုဖြတ် ပေးလိုက်တယ်၊ မဂ်က အရိယာအဖြစ်ကို ခံယူလိုက်တယ်၊ ကဲ….ရှင်းရဲ့လား။
ဒကာ။ ။ ခုမှပဲ၊ ပြတ်ပြတ်သားသားနဲ့ လင်းတော့တယ်၊ ရှင်းပါပြီ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား။

သဗ္ဗေဓမ္မာ အနတ္တာ၌ သဗ္ဗေဓမ္မာပုဒ်အရ မဂ် ဖိုလ် နိဗ္ဗာန် ပါနိုင်သလား

သဗ္ဗေဓမ္မာ အနတ္တာ၌ သဗ္ဗေဓမ္မာပုဒ်အရ မဂ် ဖိုလ် နိဗ္ဗာန် ပါနိုင်သလား

ဒကာ။ ။ သဗ္ဗေဓမ္မာ အနတ္တာ- ဟူသော ဒေသနာတော်၌ သဗ္ဗေဓမ္မာပုဒ်အရ တချို့ဆရာများက မဂ် ဖိုလ် နိဗ္ဗာန်ကိုပါ အနတ္တ ယူရမည်လို့ ဟောပါတယ်၊ ဆရာတချို့ကတော့ လောကုတ္တရာတရားကိုးပါး မပါဘူး၊ လောကီရုပ်နာမ်ကိုသာ ယူရမည်ဟု ဟောပါတယ်၊ ဘယ်ဆရာတော် ဟောချက်က မှန်ပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း….ဆရာအမျိုးမျိုးတွေရဲ့ တရားတွေ ရှေ့နောက်မသိ ရှုတ်ထွေးတဲ့အခါကျတော့ ဒီမှာလာမေး၊ ဆရာနှစ်ပါးလုံးရဲ့ ဟောကြားချက်တွေဟာ အမှန်တွေ ထွက်တာချည်းပဲ၊ ကန့်ကွက်စရာ မရှိပါဘူး။
ဒကာ။ ။ ဒကာကြီးတို့ ကွဲပြား နားလည်အောင် ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ သည်နေရာမှာ (၁) ဓမ္မသဘောအရနဲ့ (၂) ပုဂ္ဂိုလ်သဘောအရ နှစ်မျိုးနှစ်စား ခွဲခြားရှင်းမှ ကွဲပြားနားလည်မှာဖြစ်တယ် နားထောင်ပါ။
၁။ ဓမ္မသဘောအရ ကောက်ယူလို့ရှိရင် သဗ္ဗေဓမ္မာပုဒ်ထဲကို လောကီတရားစုရော လောကုတ္တရာတရားစုပါ တရားရှိသမျှတွေ အကုန်လုံးပါဝင်လာတယ်။ အကယ်တိ မဂ် ဖိုလ် နိဗ္ဗာန်ဟာ အတ္တသဘောရှိရင် စိုးပိုင်မှုလည်း ရှိရမှာမို့ “ဟဲ့…နိဗ္ဗာန်လာခဲ့ သင့်ကို ငါခံစားမည်” ဟု ဆွဲယူခံစားနိုင်မှု ပြုကြမှာပေါ့၊ ခုတော့က အဲသည်လို စိုးပိုင်မှု မရတဲ့အတွက် မဂ် ဖိုလ် နိဗ္ဗာန်ကို အနတ္တလို့ ဆိုတယ်။
ဒါကြောင့် “ဓမ္မသဘော”အရ မဂ် ဖိုလ် နိဗ္ဗာန်ကိုပါ အနတ္တ ယူရမည်လို့ ဟောတဲ့ဆရာရဲ့ ဟောပြောချက်တွေဟာလည်း မှန်တာပဲ။
၂။ ပုဂ္ဂိုလ်သဘောအရ ယူလို့ရှိရင် ၀ိပဿနာတရားပွားများရှုမှတ်နေတဲ့ ယောဂီဟာ မြင်မှု ကြားမှု စတဲ့ လောကီရုပ်နာမ်ဓမ္မတို့ရဲ့ မခိုင်မြဲမှု အနိစ္စလက္ခဏာကိုသာ ရှုမှတ်သိနေတော့ကာ ပျက်ပျက်သွားတဲ့ ဆင်းရဲဒုက္ခ လက္ခဏာသဘောတွေဟာလည်း ပေါ်ပေါ်လာတယ်၊ ယောဂီဉာဏ်ထဲမှာ မြင်မှု ကြားမှု စတဲ့ ရုပ်နာမ်ဓမ္မတွေရဲ့ ဖြစ်ပြီး ပျက်ပျက်သွားတဲ့ ဆင်းရဲဒုက္ခကို ပိုင်းခြားပြီးတော့ သိလာတယ်။
အဲဒီ မြင်မှုကြားမှု စတဲ့ ဖြစ်ပျက် မခိုင်မြဲမှု ဆင်းရဲစု လောကီဓမ္မတွေကို အတ္တကောင်၊ ငါကောင်အနေနဲ့ ခိုင်မြဲချမ်းသာလာအောင် မပြုလုပ်နိုင်သောကြောင့်လည်း အင်း…ဒီလို ခဏမစဲဘဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်စုတွေဟာ ဘယ်မှာ ငါကောင်၊ သူကောင် ရှိလို့လဲ၊ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေတဲ့ အနတ္တဓမ္မသဘော သက်သက်တွေပဲလို့ ရုပ်နာမ်ဓမ္မ သက်သက်ကို ဥဒယ ၀ယ ဉာဏ်ဖက်လျက်သာ ရှုမှတ်ပွားများကာ နေတော့တာ။
အဲဒါကြောင့် ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဘက်က အရယူလို့ရှိရင် ယောဂီ အာရုံပြုရှုမှတ်နိုင်တဲ့ လောကီရုပ်နာမ်တရားစုကိုသာ ယူရမှာဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန် လောကုတ္တရာတရားများကို မယူရဘူးဆိုတဲ့ ဆရာအချို့ရဲ့ အနတ္တ ဟောပြောချက်တွေဟာလည်း မှန်တာပဲ၊ ကဲ….ရှင်းပြီးလား၊ ၀ိပဿနာ၏ အာရုံဓမ္မက လောကီရုပ်နာမ်ပဲ။
ဒကာ။ ။ မှန်ပါ့၊ ရှင်းပါပြီ ဆရာတော်၊ ခုမှပဲ ကွဲပြားခြားနားစွာ သိရတော့တယ်၊ ဓမ္မသဘောနဲ့ ပုဂ္ဂိုလ်သဘောအရ အယူအဆ ကွာဟသွားတာကိုး ဘုရာ့။

Saturday, August 7, 2010

ဘုရားလက်ထက် အသက်အရှည်ဆုံးရဟန္တာ ဘယ်သူလဲ၊ ဗာကုလဆိုတာ ဘာလဲ၊

ဘုရားလက်ထက် အသက်အရှည်ဆုံးရဟန္တာ ဘယ်သူလဲ

ဒကာ။ ။ မြတ်စွာဘုရားသခင် မျက်မှောက်၌ ၀င်ရောက်ရဟန်းပြုကြတဲ့ ရဟန်းတော်တွေထဲမှာ ဘယ်ရဟန္တာဟာ အသက်ရှည်ဆုံးပါလဲ ဆရာတော်။

ဆရာ။ ။ အရှင်ဗာကုလမထေရ် ဟာ သက်တော်အရှည်ဆုံးပဲလို့ ထင်တယ်၊ အရှင်ဗာကုလဟာ လူ့ဘ၀နဲ့ အသက် ၈၀ နေပြီးမှ ရဟန်းဝင်ပြုတာ အနာရောဂါကင်းတဲ့ ကျန်းမာရေးဘက်က သူမတူ ဧတဒဂ်ဘွဲ့တံဆိပ် ရတော်မူတယ်။
ရဟန်းပြုပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ထင်ရှားတဲ့ ရဟန္တာဘ၀နဲ့လည်း အသက် ၈၀ နေတော်မူသွားတယ်၊ နှစ်ရပ်ပေါင်း သက်တော် ၁၆၀ ပြည့်သောအခါ ပရိနိဗ္ဗာန်ဝင်စံတော်မူသွားတယ်၊ ဒါ့ကြောင့် ဗုဒ္ဓလက်ထက် အသက်အရှည်ဆုံး ရဟန္တာဟာ အရှင်ဗာကုလထေရ်လို့ ထင်တာပဲ၊ စာကြည့်ရဦးမည်။

ဗာကုလဆိုတာ ဘာလဲ
ဒကာ။ ။ “ဗာကုလ” ဆိုတဲ့ ပါဠိစကားက မြန်မာလို ဘာကိုဆိုတာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ “ဗာကုလ” ဆိုတာ ဗာ - က တပုဒ်၊ ကုလ - က တပုဒ်၊ ဗာ ဆိုတဲ့ပါဠိက နှစ်ခုကိုဟောတယ်၊ ကုလ ဆိုတာက အမျိုး တဲ့၊ ဆွေမျိုးနှစ်ဖက် နှစ်ခုရှိသောသူပေါ့။
ဒကာ။ ။ အမိဘက်က အမျိုး၊ နဲ့ အဖဘက်က အမျိုး၊ ကို ဆိုတာလား ဆရာတော်။
ဆရာ။ ။ ဟာ…ဒါက လူတိုင်းရှိတာပေါ့၊ သူ့အတွက်က အမိဘက် အဖဘက် အမျိုးကို ဆိုတာ မဟုတ်ဘူး၊ သူငယ်ငယ်ကလေးမှာ သူ့မိခင်က ချစ်စနိုးနဲ့ ဂင်္ဂါမြစ်ထဲ ရေချိုးပေးနေတုံး ငါးကြီးတကောင်က ဆွဲမျိုသွားလို့ ငါးကြီးရဲ့ ၀မ်းထဲရောက်သွားတဲ့အခါ သူက “ပစ္ဆိမဘ၀ိက” သားမို့ မည်သည့် တန်ခိုးရှင် မည်သည့်လက်နက်မျိုးနဲ့မှ သူ့ကို သေအောင် သတ်ခြင်းငှာ မစွမ်းနိုင်ဘူး၊ ငါးကြီးက သံပူခဲကြီးကို မျိုလိုက်ရသလို ပူလောင်ကာ လန့်ဖျန့်ပြီး ကူးပြေးရင်း တံငါရဲ့ပိုက်ထဲ သွားတိုးမိတာပဲ။
အဲဒီ ငါးကြီးကို သူဌေးမတဦးက ၀ယ်ပြီး ဗိုက်ခွဲလိုက်တော့ ဖြူဖွေးသန့်ရှင်းလှပတဲ့ ကလေးငယ်ကလေး အသက်ရှင်နေတာတွေ့ရလို့ ကိုယ်ပိုင်သားအဖြစ်နဲ့ ချစ်ခင်မြတ်နိုးစွာ မွေးကြတယ်တဲ့။
သူ့မိဘ အရင်းတွေက အဲဒီ သတင်းစကားကြားတော့ သွားတောင်းကြတယ်၊ ဒီကလည်း ငါးဝမ်းထဲက ရတာ၊ မပေးနိုင်ဘူး “ရေမှာအဆုံး-ကုန်မှာတ၀က်” ရေထဲကရတဲ့ သားဆိုပြီး ငြင်းပယ်ကြတယ်၊ သူ့မိဘရင်းတွေကလည်း သူဌေးတွေ၊ ဒီက နောက် မိဘတွေကလည်း သူဌေးတွေဆိုတော့ တရားဖြစ်ကြတာပေါ့။
အဲဒါနဲ့ တရားသူကြီးတွေက နှစ်ဦးနှစ်ဖက်သော အမျိုးတွေကို တောင်းပန်ပြီး မူလမိဘမျိုးရော၊ နောက်မိဘမျိုးပါ သူဌေးနှစ်မျိုးစလုံး ပိုင်ဆိုင်တဲ့ သားကလေးဖြစ်လို့ မူလမိဘ အမျိုးအိမ်မှာလည်း နေနိုင်တယ်၊ နောက်မိဘ အမျိုးအိမ်မှာလည်း နေနိုင်တယ်လို့ အဆုံးအဖြတ်ပေးသောကြာင့် အဲဒီ သတို့သားကလေးကို “ဗာကုလ” လို့ နာမည်ပေးခေါ်ဝေါ်ကြတယ်တဲ့၊ ကဲ….ရှင်းပြီလား။
ဒကာ။ ။ အော်….ဗာ က နှစ်ခု၊ ကုလ က အမျိုးကို၊ ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ဒကာကြီးက ဗာကုလ ဆိုတာ ဘယဆေးပင်ရဲ့ နာမည်တမျိုးလားလို့ ထင်နေတာ။

သင်္ခါရဟာ အပြုသဘောလား၊ အပြုခံ သဘောလား။ အပြုသင်္ခါရ အလုပ်သမားများ၊ အပြုခံ သင်္ခါရမျိုးများ၊ ၀ိပဿနာသမားက ဘာသင်္ခါရကို မှတ်ရှုရမှာလဲ၊

သင်္ခါရဟာ အပြုသဘောလား၊ အပြုခံ သဘောလား

ဒကာ။ ။ ဓမ္မဆရာတွေ ဟောပြောနေကြတာ ဆရာတချို့ကလည်း သင်္ခါရ ဆိုတာ ပြုလုပ်တတ်တဲ့ အပြုသဘော ဓမ္မတွေသာဖြစ်တယ်တဲ့၊ ဆရာတချို့ကလည်း သင်္ခါရဆိုတာ ဒုက္ခဆင်းရဲတွေအမျိုးမျိုးကို ခံယူနေရတဲ့ အပြုခံရုပ်နာမ်ဓမ္မတွေကို ခေါ်ဆိုတာတဲ့၊ အဲဒီ နှစ်ပါး ဘယ်တရားက မှန်ပါသလဲ ဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။

ဆရာ။ ။ အင်း…နှစ်မျိုးစလုံး မှန်တာချည်းပါပဲ၊ သင်္ခါရက ပြုလုပ်ပေးတတ်တဲ့ သဘောရှိသော ပြုတတ်တဲ့ အပြုသမား သင်္ခါရနဲ့၊ အပြုအလုပ်ခံနေရတဲ့ အပြုခံ သင်္ခါရ လို့ နှစ်မျိုးရှိတယ်။

အပြုသင်္ခါရ အလုပ်သမားများ
၁။ ပြုလုပ်ပေးတတ်တဲ့ လက်သယ်သင်္ခါရမျိုးက သင်္ခါရက္ခန္ဓာခေါ်တဲ့ စေတသိက်ငါးဆယ်ကို ခေါ်ဆိုတာဖြစ်တယ်။
သူတို့က ကာယကံအမျိုးမျိုး၊ ၀စီကံအမျိုးမျိုး၊ မနောကံအမျိုးမျိုးတွေကို ထမြောက်အောင် ပြုလုပ်ပေးတတ်တယ်။
အဲဒီ သင်္ခါရအလုပ်သမား ငါးဆယ်ထဲမှာလည်း စေတနာခေါ်တဲ့ သင်္ခါရဟာ ဦးစီး ခေါင်းဆောင် အခေါင် ဗိုလ်ချုပ်ကြီးပဲ။
သူက ကောင်းတဲ့ ချမ်းသာသောဘ၀နဲ့ မကောင်းတဲ့ ဆင်းရဲသောဘ၀၊ အသစ် အသစ် ဘ၀၊ တွေကိုဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်၊ လုပ်လည်းလုပ်ပေးတယ်၊ ဒါ့ကြောင့် အဲဒီ “စေတနာ” ကိုပဲ “ကံ” လို့ ခေါ်တယ်။
ယင်းကံကလည်း နှစ်မျိုးရှိတယ်၊ ကုသိုလ်ကံနဲ့ အကုသိုလ်ကံတဲ့၊ ၀ိပါက်ခေါ်တဲ့ ကောင်းကျိုး ဆိုးကျိုး မှန်သမျှကို သူတို့ကပြုလုပ်ပေးတာချည်းပဲ။
အဲဒါကြောင့် သင်္ခါရက္ခန္ဓာ ခေါ်တဲ့ စေတသိက် ငါးဆယ်ကို ပြုလုပ်တတ်တဲ့ (အလုပ်သမား) သင်္ခါရလို့ တိုက်ရိုက်နည်းနဲ့ မှတ်ယူရမည်။
ဒကာ။ ။ စေတနာဦးစီးတဲ့ သင်္ခါရငါးဆယ်ကို တိုက်ရိုက်ယူရမည်ဆိုတော့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြုတတ်တဲ့ “သင်္ခါရများ” ရှိပါသေးသလား ဆရာတော်၊ လျှာရှည်တာ မဟုတ်ပါဘူး ဘုရား။
ဆရာ။ ။ အင်း….ခုလက်ရှိ ပ၀တ္တိဘ၀ရဲ့ ကျန်းမာရေး စတဲ့ အပြုသဘော သင်္ခါရအချို့လည်း ရှိသေးတယ်၊ သူတို့ကတော့ (စိတ်၊ ဥတု၊ အာဟာရ) အဲ့ဒီ သုံးပါးပဲ၊ သူတို့ကလည်း သတ္တလောကကြီးကို အခါအခွင့်သင့်သလို ကောင်းအောင် ဆိုးအောင် ပြုလုပ်ပေးတတ်သေးတယ်လို့ မှတ်ပေါ့၊ နေရာတကာ ကံ-စေတနာ ကိုချည်း လိုက်ချ မနေရဘူး၊ ဉာဏ်နဲ့ ၀ီရိယကိုလည်း လက်စွဲပြုရသေးတယ်၊ ကံယုံပြီး ဆူးပုံမနင်းနဲ့ တဲ့ ဒါပဲ။
ဒကာ။ ။ မှန်ပါ့၊ ရိပ်စားမိပါပြီ ဆရာတော်၊ အပြုခံ သင်္ခါရကို ရှင်းပြပေးပါဦး ဘုရား။

အပြုခံ သင်္ခါရမျိုးများ

၂။ အပြုခံ သင်္ခါရ ဆိုတာကတော့ အနိစ္စ ဒုက္ခ အနတ္တ သဘောဖြစ်တဲ့ ကံ စိတ် ဥတု အာဟာရ အဲဒီ အကြောင်းတရားကြီး လေးပါးတို့ကြောင့် ဖြစ်ပေါ်လာသမျှ ရုပ်နာမ်တရားတွေကို ခေါ်ဆိုတာပဲ။
အဲဒီ သင်္ခါရခေါ်တဲ့ ရုပ်နာမ်ဓမ္မတွေဟာ သူတို့နဲ့ ဆိုင်ရာဆိုင်ရာ ကံတို့ စိတ်တို့ ဥတုတို့ အာဟာရတို့က ပြုပြင်စီရင်ပေးသမျှကို ခံယူနေရလို့ သူတို့ကို အပြုခံ သင်္ခါရ လို့ ခေါ်တယ်၊ ကဲ…ကျေနပ်ရဲ့လား။

ဝိပဿနာသမားက ဘာသင်္ခါရကို မှတ်ရှုရမှာလဲ

ဒကာ။ ။ ၀ိပဿနာတရားကို ပွားများရှုမှတ်ရမည့် ပုဂ္ဂိုလ် ယောဂီ က ၀ိပဿနာတရားပွားများရှုမှတ်တဲ့အခါ အပြုခံ သင်္ခါရကို ရှုမှတ်ရမှာလား၊ ပြုတတ်တဲ့ သင်္ခါရကို ရှုမှတ်ရမှာလား၊ တပည့်တော်တို့ လွယ်လွယ်နဲ့ မှတ်သားရအောင် အကျဉ်းကလေးမျှ သာဓကထုတ်ပြီး ရှင်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ ၀ိပဿနာတရား ပွားများရှုမှတ်တဲ့အခါမျိုးမှာတော့ ယောဂီ ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ သီးခြားရှုမှတ်သူ မရှိပါဘူး၊ ပြုလုပ်တတ်တဲ့ သင်္ခါရတွေ အပြုခံ သင်္ခါရတွေရယ်လို့ မှတ်သားခွဲခြားနေစရာလည်း မလိုပါဘူး၊ ယင်း သင်္ခါရတို့ရဲ့ အနိစ္စလက္ခဏာကိုသာ ငါ ငါ့ဟာ ဆိုတဲ့ ဒိဋ္ဌိစွဲ မပါဘဲနဲ့ မိအောင် သတိကောင်းကောင်းနဲ့ ရှုမှတ်ပွားများနေရမှာဖြစ်တယ်၊ အထောက်အထားသာဓက ကတော့…
သင်္ခါရာဝ သင်္ခါရေ ၀ိပဿန္တိ သမသန္တိ
၀၀တ္ထပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆိန္ဒန္တိ ။
သင်္ခါရာဝ၊ ပြဆိုခဲ့တဲ့ သင်္ခါရတရားတို့ကသာလျှင်။ သင်္ခါရေ၊ သင်္ခါရတရားစုတို့ကို။ ၀ိပဿန္တိ၊ ဒါက ရုပ်တရားစု ဖြစ်ပျက်၊ ဒါက နာမ်တရားစု ဖြစ်ပျက်ဟု မှတ်ရှု မှတ်ရှုကာ သိ သိ နေ၏။ သမသန္တိ၊ သုံးသပ် သုံးသပ်ကာ နေ၏။ ၀၀တ္ထပေန္တိ၊ ခွဲခြားသတ်မှတ်ကာနေ၏။ ပရိဂ္ဂဏှန္တိ၊ ကြောင်းကျိုး နှစ်ပါးကို ပိုင်းခြား သိမ်းဆည်းကာနေ၏။ ပရိစ္ဆိန္ဒန္တိ ၊ ဤသည်ကား ရုပ်ဖြစ်ပျက်၊ ဤသည်ကား နာမ်ဖြစ်ပျက်ဟု ပိုင်းခြားပိုင်းခြားကာ ငါမပါပဲ စိတ္တ၀ိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ တို့ဖြင့် သန့်ရှင်းစွာ စွဲယူနေတော့၏ တဲ့။
အဲဒါ ၀ိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ်တို့က လာတဲ့ တရားအားထုတ် ပွားများရှုမှတ်သူ ယောဂီမရှိ၊ ပုဂ္ဂိုလ် သတ္တ၀ါ မရှိ၊ ငါ မရှိ၊ သူ မရှိ၊ သင်္ခါရကသာ သင်္ခါရကို ရှုမှတ်နေတာဖြစ်၏ ဟူသော ညွှန်ကြားချက်တွေ ပါပဲ၊ ကဲ…ဘာမေးဦးမလဲ၊ ယောဂီမရှိ၊ ပုဂ္ဂိုလ် သတ္တ၀ါ မရှိ၊ သင်္ခါရက သင်္ခါရကို ရှုမှတ်နေ၏ တဲ့။
ဒကာ။ ။ ပြည့်စုံလုံလောက်တဲ့ အဖြေစကားတွေ ကြားသိရလို့ မေးစရာ မရှိတော့ပါဘူး ဆရာတော်၊ ငါမှတ်၊ ငါသိ ဖြုတ်ဖို့က ခက်လှတယ် ဘုရား။

Wednesday, August 4, 2010

တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား? ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း?

တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား

ဒကာ။ ။ ခုကာလ ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီတွေက ဝေဒနာချုပ်အောင်လိုက်တယ်၊ ကျွတ်အောင်လိုက်တယ်၊ ဝေဒနာချုပ်မှ တရားအမှတ်ဖြုတ်တယ်တဲ့၊ သူတို့ရဲ့ ၀ိပဿနာ ဓမ္မဆရာများကလည်း ဝေဒနာချုပ်အောင် လိုက်ရမယ်လို့ စေခိုင်းတတ်ကြပါတယ်တဲ့၊ အဲဒါတွေဟာ မှန်ပါရဲ့လား ဆရာတော်၊ စိတ်ရှိသူမှာ ဝေဒနာချုပ်နိုင်ပါသလား။

ဆရာ။ ။ အင်း….ဒါက ပရမတ် တရား နည်းနည်းပါးပါး လိုက်စား လေ့လာထားတဲ့ သူများမှ အမှန်သိနိုင်မှာဖြစ်တယ်၊ ဒီစကားမျိုးကို ရုပ် နာမ် ပရမတ် ဘာမှမသိ နားမလည်တဲ့ ဆရာတပည့်တို့ရဲ့ ကမ္မဋ္ဌာန်းရိပ်သာဘက်က ပေါ်ထွက်လာတဲ့ သာသနာဖျက် အမှားစကားတွေလို့သာ မှတ်ပေတော့။
ဒကာ။ ။ ဆက်လက်မိန့်ကြားကာ အမှန်တရားများကို လင်းပြပေးပါဦး ဆရာတော်၊ ဒကာကြီးတို့ နားရှင်းသွားအောင်။
ဆရာ။ ။ ဝေဒနာဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့ အာရုံကို ခံစားခြင်းသဘော စေတသိက်ဓမ္မ ဖြစ်တယ်၊ သူက စိတ်ဖြစ်တိုင်း ဖြစ်တိုင်း စိတ်နဲ့အတူတူ ဖြစ်လေ့ရှိတယ်၊ စိတ်ဖြစ်ရင် ဝေဒနာက ပါမှာချည်းပဲ၊ စိတ်မဖြစ်ဘဲ မှတ်စိတ်တွေ ချုပ်ကုန်မှ ဝေဒနာချုပ်မှာ၊ စိတ်ဆိုတာကလည်း ပုထုဇဉ်က ရဟန္တာအထိ အမြဲတစေ ဖြစ်နေရှိနေတဲ့ ပရမတ္ထဓမ္မမျိုးပဲဟာ၊ ဝေဒနာချုပ်အောင် ဘယ်လိုလုပ်ပြီး ဘယ်စိတ်နဲ့ ရှုမှတ်ပွားမှာလဲ၊ ပုထုဇဉ်မှန်သမျှ ဝေဒနာဖြစ်နေမှာချည်းပဲ။
ဒကာ။ ။ ဒီလိုဆိုရင် ဝေဒနာချုပ်တဲ့ ၀ိပဿနာရှုမှတ်နည်း မရှိဘူးပေါ့၊ မိန့်ကြားပါဦး ဆရာတော်။
ဆရာ။ ။ ဝေဒနာချုပ်တဲ့ ၀ိပဿနာ ရှုမှတ်နည်းတော့ ပုထုဇဉ်အတွက် ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်တော်မှာ မရှိဘူး၊ ရှုမှတ်စိတ်ရှိနေသမျှ ခံစားမှုဝေဒနာက ရှိနေမှာချည်းပဲ၊ ဝေဒနာရဲ့ သဘောလက္ခဏာက…..
၁။ ဧကုပ္ပါဒ = စိတ်နဲ့အတူ တပြိုင်နက် ဖြစ်တယ်။
၂။ ဧကနိရောဓ = စိတ်နဲ့အတူ တပြိုင်နက် ချုပ်တယ်။
၃။ ဧကာရမ္မဏ = စိတ်နဲ့တူသော အာရုံရှိတယ်။
၎။ ဧက၀တ္ထုက = စိတ်နဲ့တူသော မှီရာရှိတယ်။
အဲဒါကြောင့် ရှုမှတ်စိတ် ရှိနေသမျှ ဝေဒနာကတော့ ရှိနေမှာချည်းပဲ၊ ကြံကြံဖန်ဖန် မဂ် ဖိုလ် နိဗ္ဗာန်ရအောင် ၀ိပဿနာတရားပွားများ ရှုမှတ်နေတဲ့ ပုထုဇဉ်ယောဂီ ပုဂ္ဂိုလ်က မဂ် ဖိုလ် မရခင် ဝေဒနာချုပ်အောင် လိုက်မှတ်နေတယ်လို့၊ ပိဋကတ်စာပေ မသင်ကြားဖူးပဲ ကမ္မဋ္ဌာန်း လုပ်စားနေတဲ့ ဆရာတပည့် ယောဂီတို့ရဲ့ အလုပ်မှား အကျင့်မှား အပြောမှားတွေလို့ မှတ်ရမည်။
ဝိပဿနာလုပ်ငန်းက မနောကံ စိတ်အလုပ်မျိုး၊ မနောဝိညာဉ်စိတ်နဲ့ ပေါ်သမျှအာရုံတွေကို သိမှတ်နေရတာ၊ တခါသိ တခါပျက် အနိစ္စလက္ခဏာ သက်သက်ကို မမေ့တဲ့ သတိနဲ့ ချက်စေ့အောင် သိမှတ်နေတဲ့စိတ်က ချုပ်ငြိမ်းနိုင်မှာလား၊ နိဗ္ဗာန်အထိ သိနေရမှာ။
ဒကာ။ ။ ဒီလိုဆိုရင် အပြင်းအထန်ဝေဒနာရဲ့ဒဏ်ကို မခံနိုင်အောင် ဖြစ်ပေါ်နေတဲ့ ယောဂီဟာ ၀ိပဿနာတရား လက်လွှတ်ထားလိုက်ရတော့မှာလားဆရာတော်။
ဆရာ။ ။ မိမိရှုမှတ်ဆဲ ၀ိပဿနာကိုတော့ ဘယ်အခါမှ လက်မလွှတ်ရဘူး၊ ဝေဒနာပြင်းထန်လို့ မခံနိုင် မမှတ်နိုင်ရင် အဲဒီပြင်းထန်လွန်းတဲ့ ဝေဒနာကို ခွါပြီးတော့ တခြားအာရုံ ရုပ်နာမ်ကို ပြောင်းလဲမှတ်ပေါ့။
ဒကာ။ ။ အဲဒီ ခွာပုံ ခွာနည်းများကိုလည်း ပိဋကတ်တော်လာ သာဓက အထောက်အထားနဲ့ မိန့်ကြားပါဦး ဆရာတော်၊ တပည့်တော်တို့ မှတ်သားရအောင်။


ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း

ဆရာ။ ။ အင်း….ပိဋကတ်တော်မှာ (၁) ဝေဒနာ ခွာနည်း၊ (၂) ဝေဒနာချုပ်ငြိမ်းအောင် လုပ်နည်းလို့ နှစ်မျိုးလာရှိတယ်၊ အဲဒါကို သေချာစွာ မှတ်ထားပေါ့၊ သူများကိုလည်း သိအောင် ဟောကြားပေးပါ။
၁။ ဝေဒနာခွာနည်းက မိမိ ပေါင်ကို ဆတ်ပိုင်းရိုက်ချိုးကာ သာဝတ္ထိပြည်သား တိဿရဟန်းတပါးရဲ့ ဂုဏ်ထူးကို အားလုံးကြားဖူးထားတဲ့အတိုင်းပဲ၊ ပြန်းထန်စွာ နာကျင်ခံစားမှု ဝေဒနာကို သက်သာနိုင်စေရန် “ယောနိသော မနသိကာရ” ခေါ်တဲ့ သင့်လျော်သော နှလုံးသွင်းဖြင့် တခြားအာရုံတခု၏ ဖြစ်ပျက်မှုကို ပြောင်းလဲ ရှုမှတ်ခြင်း ပြုလိုက်တာနဲ့ ဝေဒနာ၌ နှလုံးသွင်းမှု မရှိတော့၍ ပြင်းထန်စွာ နာကျင် ခံစားမှု ဝေဒနာဟာ ပျောက်ကင်းသွားသလို ထင်ရတယ်။
အဲဒီလို အာရုံပြောင်းလဲမှုမျိုးကို အဋ္ဌကထာဆရာများက၊ (ဝေဒနံ ၀ိက္ခမ္ဘိတွာ = ဝေဒနာကိုခွါသည်) လို့ ညွှန်ကြားပြဆိုကြတယ်၊ ဒါကြောင့် စိတ်ဖြစ်နေတဲ့ ယောဂီဟာ ဝေဒနာချုပ်တယ် ပျောက်တယ်လို့ မရှိကောင်းဘူး၊ မဂ်စိတ် ဖိုလ်စိတ် ဖြစ်ရင်လည်း နိဗ္ဗာန်၏အရသာကို ခံစားတဲ့ ဝေဒနာဖြစ်နေတာပဲ၊ ကဲ….ကွဲရဲ့ ရှင်းရဲ့လား၊ ဝေဒနာ ခွာတဲ့နည်းသာ ရှိတာ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ ဝေဒနာချုပ်ငြိမ်းအောင်လုပ်နည်း၊ နံပါတ် ၂ ကို ပြတ်ပြတ်သားသားနဲ့ တိုတိုကလေးမိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ စိတ်ကိုချုပ်ငြိမ်းအောင်လုပ်ပေါ့၊ စိတ်ချုပ်ရင် ဝေဒနာ ချုပ်ငြိမ်းတာပဲ၊ အဲဒါ အတိုဆုံးနဲ့ အပြတ်သားဆုံး အဖြေပဲ။
ဒကာ။ ။ စိတ်ချုပ်အောင် ဘယ်လိုပုဂ္ဂိုလ်မျိုးက ဘယ်လိုနည်းနဲ့ လုပ်နိုင်သလဲ ဆရာတော်၊ စိတ်မဖြစ်တဲ့အခါရယ်လို့များ ရှိသေးသလားဘုရား၊ အိပ်စက်တဲ့အခါမှာလည်း ဘ၀င်စိတ်တွေက မပြတ်ဖြစ်နေကြတာပဲ ဥစ္စာ၊ စိတ်မဖြစ်ဘဲ ချုပ်နေပုံများရှိရင် မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ စိတ်မဖြစ်အောင် ချုပ်အောင် လုပ်နိုင်တဲ့သူက နှစ်ယောက်ပဲ ရှိတယ်။
၁။ ဈာန်အဘိညာဉ်ရတဲ့ အနာဂါမ် ပုဂ္ဂိုလ်။
၂။ ဈာန်အဘိညာဉ်ရတဲ့ ရဟန္တာအရှင်မြတ်။
အဲဒီ ပုဂ္ဂိုလ် နှစ်ယောက်ဟာ နိရောဓသမာပတ် ၀င်စားတဲ့အခါမှာ စိတ်ချုပ်သွားတယ်၊ စိတ်ချုပ်တော့ စိတ်နဲ့အတူဖြစ်တဲ့ ဝေဒနာဟာလည်း ချုပ်ငြိမ်းသွားတာပေါ့။
နိရောဓသမာပတ် ၀င်စားတဲ့အခါမှာ စိတ် စေတသိက် စိတ္တဇရုပ်တွေပါ မဖြစ်တော့ဘူး၊ ချုပ်ငြိမ်းနေတယ်၊ အဲဒါဟာ (အနုပ္ပါဒေါ နိဗ္ဗာနံ) နိဗ္ဗာန်ကို ခဏသွားတဲ့နည်းပဲ။ အခုကာလ ဈာန်အဘိညဉ်မရ၊ အနာဂါမ် ရဟန္တာလည်း မဟုတ်သူ အစုတ်ပလုပ်တွေက ဝေဒနာချုပ်အောင်လိုက်တယ်ဆိုတာ အမှန်မဟုတ်တဲ့ အမှားစကားတွေလို့သာ မှတ်ပေတော့၊ တော်ပြီ၊ စာပေတတ်ပြီး အမှန်ကို ယူဆတတ်တဲ့ ဆရာကောင်း ဆရာမြတ်တို့ကို ရှာမှီးဆည်းကပ်တတ်ရတယ်။
ဒကာ။ ။ သည်လို ပြတ်ပြတ်သားသား စကားမျိုး ကြားချင်နေတာ၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ ဦးတင်ရှိခိုးပါတယ် ဘုရား။

သတိပဋ္ဌာန်တရားနဲ့မှသာ မဂ်ဖိုလ်ကို ရကောင်းသလား

သတိပဋ္ဌာန်တရားနဲ့မှသာ မဂ်ဖိုလ်ကို ရကောင်းသလား

ဒကာ။ ။ မြတ်ဗုဒ္ဓ၏ ပရိယတ္တိသာသနာအဆုံးအမတော်၌ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရှိနေတဲ့ဟာပဲ၊ သတိပဋ္ဌာန်တရားလေးပါးမှ တခြားဖြစ်သော တရားဓမ္မတွေနဲ့ အားထုတ်ရင်ကော မဂ်ဖိုလ်မရကောင်းဘူးလား ဆရာတော်။
တရားပြဓမ္မဆရာတွေက သူတို့ သာဝကတွေကို သတိပဋ္ဌာန်လေးပါးနဲ့ချည်း ပြ ပြ ပေးနေလို့ မေးရတာပါ၊ ပိဋကတ်တော်က ဘယ်လိုများ မှာထားပါသလဲ ဆရာတော်။

ဆရာ။ ။ ဒကာကြီးတို့က ဘယ်လိုများကြားဖူးလို့လဲ၊ အဲဒီ တရားလေးပါး မပါဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ထဲ ရောက်သွားသူများရှိသလား။
ဒကာ။ ။ ရှိတာပေါ့ဆရာတော်၊ ဓမ္မကထိကတွေ ဟော ဟော သွားကြလို့ မကြာ မကြာ နာယူမှတ်သား ကြားဖူးထားရတာပဲဟာ၊ သန္တတိအမတ်ကြီးတို့၊ ပဋာစာရီတို့ တရားနာရင်းနဲ့ မဂ် ဖိုလ် ရသွားကြတာပဲ၊ သတိပဋ္ဌာန်တရား အားထုတ်တယ်လို့လည်း မဟောပြောကြပါဘူး၊ တရားလည်းဆုံးရော မဂ် ဖိုလ် ရသွားကြတဲ့ လူတွေ နတ်တွေ အသင်္ချေ အနန္တပဲဟာ။
ဆရာ။ ။ အင်း…မဂ် ဖိုလ် ရတယ်ဆိုတာက မဂ္ဂင်ရှစ်ပါးကို မူတည်ပွားများမှ မဂ် ဖိုလ် ရတာ၊ မဂ္ဂင်ရှစ်ပါးကို လွှတ်ထားပြီးတော့ မဂ် ဖိုလ်တရားရတဲ့သူ ဤသာသနာတော်မှာ တယောက်မှ မရှိဘူး ဒကာကြီးတို့ရဲ့။
အဲဒီ မဂ္ဂင်ရှစ်ပါးထဲမှာလည်း သမ္မာသတိမဂ္ဂင်ခေါ်တဲ့ သတိပဋ္ဌာန်တရားကသာ ပညာမဂ္ဂင်နှစ်ပါးကိုလည်း မမေ့ရအောင်၊ သီလမဂ္ဂင်သုံးပါးကိုလည်း မမေ့ရအောင် ကြိုးစားအားထုတ်မှု ၀ီရိယလည်း မမေ့ရအောင် သတိကချည်း ဦးဆောင်နေတာ ဖြစ်တယ်၊ သမ္မာသတိမဂ္ဂင်က ဇာတ်လိုက်ပဲ။
သတိပဋ္ဌာန်ဆိုတာ “ သတိ + ပဋ္ဌာန” အဲဒီ ပါဠိပုဒ်က လာတာ (သတိ = အမှတ်ရမှု၊ မမေ့မှု၊ အောက်မေ့မှု တဲ့၊ ပဋ္ဌာန = သတိ၏အာရုံဖြစ်သော “ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ” အထဲ၌ အမြဲမပြတ်စွဲကပ်၍ တည်နေမှုတဲ့) အဲဒါ သတိပဋ္ဌာန်ပဲ၊ သူယူဖို့ အာရုံကို လေးပါးနဲ့ မြတ်ဘုရား ချထားပေးခဲ့တယ်၊ “ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ” တဲ့၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲမှ ရှိရှိသမျှ ကမ္မဋ္ဌာန်းတွေဟာ အဲဒီ လေးပါးထဲကို ၀င်ရောက်တာချည်းပဲ။
သန္တတိအမတ်ကြီးတို့ ပဋာစာရီတို့ ဟာလည်း မြတ်စွာဘုရားဟောကြားနေတဲ့ သောကငြိမ်းရာ ပရမတ္ထသစ္စာတွေကိုသိကာ မိဘ မယား လင်သား ဥစ္စာ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတဲ့ ပညတ်အသွင် ဒြပ်တွေ ပျောက်လျက် သတိ၏အာရုံထဲက ပေါ်ထွက် ပေါ်ထွက်လာတဲ့ ရုပ်နာမ်သက်သက်အပေါ်၌ မခိုင်မြဲမှု အနိစ္စလက္ခဏာ ဖြစ်ပျက်ကို ရှုမှတ်ပွားများမှု မမေ့ရအောင် ကိုယ်ထဲမှာစိုက်ပြီး ၀ိပဿနာစိတ်နဲ့ ရှုမှတ် ရှုမှတ် နေတော့ကာ ရှေးကဖြစ်ပေါ်ပြီးတဲ့ စိုးရိမ်စရာ ငိုကြွေးစရာ ကိုယ်စိတ်ဆင်းရဲစရာ ဖြစ်တဲ့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့ကို ပြန်ပြန်ပြီး မစဉ်းစားမိတော့တဲ့အတွက် ရှုမှတ်ဆဲ ၀ိပဿနာစိတ်က ဖြစ်ပေါ်ခိုက် ရုပ်နာမ်တို့ကို မပြတ်ရှုမှတ်နေခြင်းဖြင့် တရားနာနေစဉ်မှာဘဲ သတိပဋ္ဌာန်တရားတို့ကို ပွားများနေတယ်လို့ဆိုတယ်၊ အဲဒီလို သိမှတ်ထားရမည် ဒကာကြီးတို့၊ ဉာဏ်နဲ့ ဆင်ခြင်ပါနော်၊ မယုံမရှိနဲ့။
အဲဒီလို တရားနာရင်းနဲ့ သတိပဋ္ဌာန်တရားကို ပွားများရှုမှတ်ကာ တထိုင်အတွင်းမှာပဲ တရားပွဲလည်းပြီးဆုံးရော သောတာပတ္တိမဂ်ဖိုလ်ကိုလည်း ရရောက် သွားကြရောတဲ့။
အဲဒါကိုရည်စူးပြီး ပိဋကတ်တော်ဝင် အဋ္ဌကထာဆရာများက “တေပိ ဣမိနာ မဂ္ဂေန” လို့ ညွှန်ပြတော်မူကြတယ်၊ တေပိ = ထိုသို့တရားနာရင်း မဂ်ဖိုလ်ရရောက်သွားကြတဲ့ သန္တိအမတ်ကြီးတို့ ပဋာစာရီတို့ဟာလည်း၊ ဣမိနာ မဂ္ဂေန = ဤသတိပဋ္ဌာန်လမ်းကြောင်းဖြင့်သာလျှင် ရရောက်သွားကြကုန်၏ တဲ့၊ ကဲ…ကဲ…အဲဒါဟာ ပိဋကတ်တော်ရဲ့ အမှာအထားပါပဲဗျာ၊ ကျေနပ်ရဲ့လား။
ဒကာ။ ။ ကျေးဇူးတင် ကျေနပ်လှပါတယ် ဆရာတော်၊ ဒကာကြီးလည်း ဘာလုပ်လုပ် သတိအမှတ်နဲ့ သတိပဋ္ဌာန် လက်မလွတ်ရအောင် ကြိုးစားပါမည် ဘုရား။

သောတာပန်က ဘယ်ကိလေသာနဲ့ ဘယ်သံယောဇဉ်တွေကိုပယ်သလဲ

သောတာပန်က ဘယ်ကိလေသာနဲ့ ဘယ်သံယောဇဉ်တွေကိုပယ်သလဲ

ဒကာ။ ။ သောတာပန် ပုဂ္ဂိုလ်ဟာ ကိလေသာ ဆယ်ပါးထဲက ဘာတွေကို ပယ်လျက် သံယောဇဉ်ဆယ်ပါးထဲကလည်း ဘယ်ဟာတွေကို ပယ်ပါသလဲ ဆရာတော်။

ဆရာ။ ။ သောတာပန်၏မဂ်က ကိလေသာဆယ်ပါးထဲက အမှားတွေကိုသာအမြဲ စွဲယူနေတဲ့ ငါ ငါ့ဥစ္စာ ငါ့ဟာ ဆိုတဲ့ အတ္တဒိဋ္ဌိဆိုးနဲ့ ဗုဒ္ဓ ဓမ္မ သံဃာ့ အပေါ်၌ မယုံကြည်မှု ၀ိစိကိစ္ဆာဆိုတဲ့ ကိလေသာ နှစ်ပါးကို လက်စတုံး ပယ်ဖြတ်ပစ်လိုက်တယ်၊ ကျန်တဲ့ ကိလေသာ ရှစ်ပါးကို မပယ်သေးပေမဲ့ အပါယ်လားအောင်တော့ မသုံးစွဲ မခံစားတော့ဘူး။
သူ့မှာ ကျန်နေသေးတဲ့ မောဟကိလေသာ အမိုက်တိုက် အမဲတုံးကြီးကလည်း လုံးဝမမြင်ရအောင် ပိတ်ဖုံးမှောင်ချမပေးနိုင်တော့ဘူး၊ အလင်းရောင်ကလေးနဲ့ ယှဉ်စပ်နေတဲ့အတွက် အနိစ္စနဲ့ အနတ္တကိုတော့ အမြဲသိမှတ်တဲ့ ဉာဏ်အမြင် သတိသညာရှိနေတယ်။
ဒုက္ခနှင့် အသုဘကိုသာ မောဟကိလေသာက ယောင်ချာချာ လုပ်ထားလို့ ကာမဂုဏ်ဆင်းရဲကို ချမ်းသာထင်ကာ ပစ္စည်းဥစ္စာရှာဖွေရောင်းဝယ်ခြင်းနှင့် အသုဘကိုလည်း သုဘထင်သောကြောင့် မိမိကိုယ်ကို အလှပြင်ကာ အိမ်ထောင်သားမွေး ရှိနေကြသေးတာ ဖြစ်တယ်။
သံယောဇဉ်ဆယ်ပါးထဲကတော့ အရေးကြီးတဲ့ အယုတ်တမာသံယောဇဉ်ကြီးများဖြစ်တဲ့ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယ၊ အဲဒီ သံယောဇဉ်ကြီး ငါးပါးကို ထပ်မပွားရအောင် ရပ်ထားလိုက်ကြတယ်။ ဘယ်သောအခါမှ ဖြစ်ခွင့် မပေးတော့ဘူး။
ကာမရာဂသံယောဇဉ်ကလေးက အချို့သောတာပန်မှာ အများဆုံး ခုနစ်ဘ၀လောက် ကျန်နေသေးလို့ ကာမသုဂတိနယ်မြေမှာ ပျော်ပါးမော်ကြွားပြီး လင်ယူသားမွေး စိုးရိမ်ငိုကြွေးကြသေးတာလို့ မှတ်ရမည်၊ ဒါ့ကြောင့် ၀ိသာခါ သောတာပန် ကျောင်းအမကြီးဟာ မြေးကလေးသေတော့ ငိုတာပေါ့။
အဲဒါကြောင့် သောတာပန်မှာ ကိလေသာဆယ်ပါးထဲက ရှစ်ပါးကျန်သေးတယ်၊ သံယောဇဉ်ဆယ်ပါးထဲကလည်း ငါးပါးကျန်သေးတယ်၊ ကဲ….ရှင်းပြီလား။
ဒကာ။ ။ အော်….သောတာပန်မ၊ လင်ယူတာ ဒါကြောင့်ကို၊ အင်း…အင်း..ရှင်းလင်း ကျေနပ်ပါတယ် ဆရာတော်။

ဗျာပါဒနဲ့ ဒေါသတို့ဟာ ထူးခြားပါသလား

ဗျာပါဒနဲ့ ဒေါသတို့ဟာ ထူးခြားပါသလား

ဒကာ။ ။ ဗျာပါဒနဲ့ ဒေါသကို တချို့ဆရာတွေက ထူးခြားသော သဘောရှိတယ်တဲ့၊ တချို့ဆရာတွေကလည်း သဘောချင်း အတူတူပါပဲတဲ့၊ ဘယ်ဟာကို အမှန်ယူမှတ်ရမှာလဲ ဆရာတော်။

ဆရာ။ ။ နှစ်ပါးစလုံး မှန်တာချည်းပဲလို့သာ မှတ်ရမည်၊ ထူးခြားတယ် ဆိုတာလည်း မှန်တာပဲ၊ အတူတူပါပဲ ဆိုတာလည်း မှန်တာပဲ။
ဒကာ။ ။ မှန်ပုံမှန်နည်းကို ရှင်းပြပေးပါဦး ဆရာတော်၊ တိုတိုကျဉ်းကျဉ်းပေါ့ ဘုရား။
ဆရာ။ ။ ထူးခြားတယ် ဆိုပုံကတော့ သုတ္တန်ဒေသနာတော်မှာ ဗျာပါဒနဲ့ အဟောများတယ်၊ အဘိဓမ္မာဒေသနာတော်မှာ ဒေါသနဲ့ အဟောများတယ်၊ အဲဒါက ဟောကြားတာချင်း တမူထူးခြားမှုပဲ။
နောက်တချက် ထူးခြားတာကတော့ ဗျာပါဒဆိုတဲ့ စကားပုဒ်နဲ့ ဒေါသဆိုတဲ့စကားပုဒ် အသံချင်း မတူတာဟာ ထူးခြားတဲ့ သဘောပေါ့။
ဒကာ။ ။ အနို့ သဘောချင်း အတူတူပါပဲ ဆိုတာကကော ဆရာတော်။
ဆရာ။ ။ စိတ်ဆိုးခြင်း၊ စိတ်ညစ်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်မကောင်းခြင်း၊ စိတ်ပျက်ခြင်း၊ ညှင်းဆဲနှိပ်စက် ဖျက်ဆီး သတ်ဖြတ်လိုခြင်း၊ တို့ဟာ ဒေါသခေါ်တဲ့ ဗျာပါဒ လို့သာ မှတ်ရမည်၊ ဒါ့ကြောင့် ဒေါသနဲ့ ဗျာပါဒဟာ ဇနီးနဲ့မယားအမည်သာ ခြားတာ၊ သဘောသွားချင်းက အတူတူပဲ၊ ကဲ…ကွဲရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ရှင်းလင်းကွဲပြားပါပြီ ဆရာတော်။