Friday, July 30, 2010

ဝိပဿနာလောကီမဂ်က မဂ်ကိစ္စလေးချက်ကို တချက်တည်းနဲ့ ပြီးစေနိုင်သလား

ဝိပဿနာလောကီမဂ်က မဂ်ကိစ္စလေးချက်ကို တချက်တည်းနဲ့ ပြီးစေနိုင်သလား

ဒကာ။ ။ ခုကာလ ယောဂီတွေ မှတ်သားပွားများ အားထုတ်နေကြတဲ့ ၀ိပဿနာတရားက လောကီကုသိုလ်တွေသာဖြစ်နေတဲ့ဟာပဲ၊ အဲဒီ ၀ိပဿနာ လောကီမဂ်က မဂ်ကိစ္စလေးချက်ကို တပြိုင်နက် တချက်တည်းနဲ့ ပြီးစေနိုင်တယ်လို့ ဟောပြောနေကြတာတွေဟာ မလွန်လွန်းဘူးလား ဆရာတော်၊ ဟုတ်မှန်ပါ့မလား ဘုရား၊ ရှင်းပြပါဦး။

ဆရာ။ ။ အင်း….ဒကာကြီးပုစ္ဆာက သူများကို အထင်အမြင်သေးတဲ့ ဂရဟာသံ ပါလိုက်တာ၊ မဂ်ကိစ္စလေးပါးဆိုတာကော သိရဲ့လား၊ ဘာတွေလဲ ပြောပြပါဦး။
ဒကာ။ ။ သိ ပယ် ဆိုက် ပွား ဆိုတဲ့ ဆောင်ပုဒ်အရပေါ့ ဆရာတော်။
(၁) ဉာတပရိညာကိစ္စ။
(၂) ပဟာနကိစ္စ။
(၃) သစ္ဆိကိရိယကိစ္စ။
(၄) ဘာဝနာကိစ္စ တို့ဖြစ်ပါတယ်။
ဆရာ။ ။ အင်း….လောကီမဂ္ဂင် ရှစ်ပါးနဲ့ ယှဉ်တဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ် ၀ိပဿနာလောကီမဂ်ကလည်း သူ့အချက်နဲ့သူ အဲဒီ မဂ်ကိစ္စလေးချက်ကို တပြိုင်နက်တချက်တည်းနဲ့ ပြီးစီးအောင်လုပ်ဆောင်သွားနိုင်ကြပါတယ်လေ၊ လောကီမဂ်လည်း လောကီနည်းနဲ့ ပြီးစေတာပေါ့၊ အထင်မသေးပါနဲ့ ဒကာကြီးတို့ရ။
ဒကာ။ ။ ဒီလိုဆို တပည့်တော်တို့ နားလည်အောင် အလွယ်ဆုံးနည်းနဲ့ ထုတ်ဆောင် ထောက်ပြပါဦး ဆရာတော်၊ ပါဠိတွေတော့ မရွတ်ပါနဲ့ ဘုရား။
ဆရာ။ ။ ဒါမျိုးက ၀ိပဿနာတရားပွားများ အားထုတ်ဖူးတဲ့ သူမျိုးနဲ့မှ ပိုပြီး နည်းစနစ်ကျကျ ပြောပြလို့ အံဝင်တာ၊ ကိုင်း….နားထောင်။
၁။ နာမ်ရုပ်တို့အပေါ်မှာ သက္ကာယဒိဋ္ဌိ အမှီအစွဲ ကင်းစွာ အာနာပါန ဖုသန တရားကို ရှုမှတ်ပွားများနေတဲ့ ယောဂီဟာ ရှူရှိုက်ချင်တဲ့စိတ်၊ ရှူရှိုက်လိုက်တဲ့ ၀ါယောရုပ် လေဓာတ်၊ နှာသီးဖျား ကာယရုပ်ကို ထိ ထိ သွားတာ သိတဲ့စိတ်၊ ထိ သိ ကို မမေ့ရအောင် ကြိုးစားအောက်မေ့ တည်ကြည်နေတဲ့ သမ္မာဝါယမ၊ သတိနဲ့ဉာဏ်တို့က ရုပ်နာမ်တို့ ထိ သိ ပျက်မှု အနိစ္စလက္ခဏာ၊ စသည်ကို အချက်ကျကျ သိ သိ နေသဖြင့် ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း ဟူသော ဉာတပရိညာကိစ္စကို ပြီးစေခြင်းက တချက်။
၂။ ဒုက္ခသစ္စာ ဆင်းရဲတာအမှန်ကို ကြိမ်ဖန်များစွာ သိ သိ မှတ် မှတ် နေသဖြင့် ထိုဖြစ်ပျက်မှု ဒုက္ခအစု၌ သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင် စွဲလမ်းခြင်း သမုဒယသစ္စာ တဏှာဥပါဒါန်ကို ခဏတိုင်း ခဏတိုင်း တဒင်္ဂပဟာန်ဖြင့် ပယ်ရှင်းခြင်း ဟူသော ပဟာနကိစ္စကို ပြီးစေခြင်းလည်း တချက်။
၃။ ဤကား ရုပ်၊ ဤကား နာမ် ဟု ရုပ်နာမ်ဓမ္မတို့ကိုလည်း ပိုင်းခြား၍ မသိ၊ ရုပ်နာမ်တို့ဖြစ်ပျက်မှု အနိစ္စလက္ခဏာ အမှန်ကိုလည်း မသိဘဲ အမှားမှားတွေကိုသာ သိနေတဲ့ အ၀ိဇ္ဇာကစပြီး ဖြစ်ဖော်ဖြစ်ဖက် ကံ ကိလေသာ ၀ိပါက် ခန္ဓာ သံသရာဝဋ် ဆင်းရဲကို ယောဂီရှုမှတ်နေတဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ် ၀ိပဿနာ ပုဗ္ဗဘာဂမဂ် စိတ် ခဏတိုင်း ခဏတိုင်း တဒင်္ဂပဟာန်ဖြင့် ဖြစ်ခွင့်မပေးဘဲ တခဏမျှ တဏှာနိရောဓ ငြိမ်းအေးခြင်းကို ဖြစ်စေကာ ခဏနိရောဓ ခေါ်သော ကိလေသ၀ဋ်ချုပ်ငြိမ်းမှု၊ တဒင်္ဂနိရောဓ ခေါ်ဆိုရတဲ့ တဒင်္ဂနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟူသော သစ္ဆိကိရိယကိစ္စကို ပြီးစေခြင်းကလည်း တချက် တဲ့။
မှတ်ချက်။ ။ “တဏှာ နိရောဓော နိဗ္ဗာနံ” ဟူသော ပါဠိအရ ဒီနေရာမျိုးမှာ ပုဗ္ဗဘာဂမဂ်စိတ် ခဏ၌ ကိလေသာချုပ်ငြိမ်းမှု နိရောဓ သဘောကိုသာ မှတ်ရမည်၊ ရုပ်နာမ်တို့ ဖြစ်ပျက်ငြိမ်းအေးမှု လောကုတ္တရာမဂ်စိတ်ဖြင့် မျက်မှောက်ပြုမြင်ခြင်းကို မယူရဟု မှတ်ပါ။
၎။ အမှန်ရှိသော ပရမတ်သက်သက် ရုပ်နာမ်တို့ ဖြစ်ပျက်မှုကို ရှုမှတ် ရှုမှတ်လျက် သမ္မာဒိဋ္ဌိ စသော ပုဗ္ဗဘာဂမဂ်ကို ကုဋေကုဋာ ကြိမ်ဖန်များစွာ ပွားများစေသဖြင့် လောကီမဂ္ဂသစ္စာကို ပွားများစေခြင်းဟူသော ဘာဝနာကိစ္စကို ပြီးစေခြင်းကလည်း တချက်။
ကဲ…ခု ထောက်ပြပေးလိုက်တဲ့ လေးချက်ဟာ မဂ်တရား၏ ကိစ္စကြီး လေးချက်ကို ယောဂီ၏ ၀ိပဿနာ လောကီမဂ်က တချက်ချင်း ပယ် သိ ပွား ဆိုက် လိုက်တဲ့ ကိစ္စကြီး လေးချက်ပါပဲ၊ သဘောကျလောက်ပါပြီနော်၊ ဒကာကြီးတို့လည်း စာပေပညာရှိထဲကပဲဟာ ကြံပါ၊ ကြံရင် အမှန်မြင်သိရမှာပေါ့။
ဒကာ။ ။ မှန်ပါ့၊ သဘောကျလောက်အောင် စာပေဉာဏ်နဲ့ အမှန်တွေကို ဖြေကြားထားမှပဲ ဆရာတော်၊ ကျေးဇူးတင်ပါတယ်ဘုရား။

ခန္ဓာ အာယတန ဓာတ်တိုင်း သံသရာဝဋ်ဒုက္ခမည်သလား

ခန္ဓာ အာယတန ဓာတ်တိုင်း သံသရာဝဋ်ဒုက္ခမည်သလား

ဒကာ။ ။ ခန္ဓာ အာယတန ဓာတ် သဘောတွေ မပြတ်ဖြစ်ပျက်နေတာကို သံသရာဝဋ်ဒုက္ခဟု အစဉ်အလာ ဟောကြားနေကြရာ တချို့ဓမ္မဆရာတွေက သံသရာဝဋ်ထဲမပါတဲ့ ခန္ဓာ အာယတန ဓာတ် တွေလည်း ရှိသေးတယ်ပြောကြားနေကြလို့ ခွဲခြားပြီး သိပါရစေ ဆရာတော်။

ဆရာ။ ။ တော်တော်အမေးအမြန်း ထူးဆန်းတဲ့ ဒကာကြီးတွေပဲ၊ ဘယ်ကကြားခဲ့လို့ လာမေးတာလဲ၊ သူတို့ဆီ သွားပြီး ခွဲခြားခိုင်းပါလား။
ဒကာ။ ။ တနေ့က တရားသွားနာရင်း ဓမ္မကထိကဆရာတော်ကြီးတပါး ဟောတာ ကြားနာရလို့ပါ ဆရာတော်၊ တရားပွဲထဲမှာ မေးရတာခက်လို့ပါ။
ဆရာ။ ။ ကဲ….ဒါ့ဖြင့် ပြောပြစမ်းပါ၊ ကြားနာခဲ့ရတဲ့ သံသရာဝဋ်ထဲက လွတ်တဲ့ ခန္ဓာ အာယတန ဓာတ်တွေဆိုတာ ဘယ်ဟာတွေလဲ။
ဒကာ။ ။ ဒီလိုသာ ကွဲကွဲခြားခြား မှတ်မိထားရင် ဆရာတော်ဆီကိုတောင် လာမမေးတော့ဘူး၊ မမှတ်မိလို့ လာမေးတာပါ ဆရာတော်၊ သံသရာထဲ မပါတဲ့ ခန္ဓာဆိုတာတွေရှိရင် ထုတ်ပြပေးပါဦး ဘုရား။
ဆရာ။ ။ အင်း….သံသရာဝဋ်ထဲ မပါတဲ့ ခန္ဓာဆိုတာက လောကုတ္တရာ စိတ် စေတသိက်တွေဟာ နာမ်ခန္ဓာလေးပါးထဲမှာ ပါပေတဲ့ သူတို့က နိဗ္ဗာန်ချမ်းသာ သန္တိသုခဓာတ် တခုတည်းကိုသာ အာရုံပြု သိမှတ် ခံစားသွားကြတဲ့အတွက် အဲဒီဖြစ်ပျက် လောကုတ္တရာစိတ် ၀ိညာဏက္ခန္ဓာနဲ့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ တို့ဟာ ခန္ဓာသာ ထိုက်တာ၊ သံသရာဝဋ်ထဲမှာ မပါဘူး။
အာယတန တဆယ့်နှစ်ပါးထဲမှာလည်း လောကုတ္တရာစိတ် မနာယတနနဲ့ ယင်းနှင့်ယှဉ်တဲ့ စေတသိက် ဓမ္မာယတနတွေရယ် နောက်ချမ်းသာအစစ် နိစ္စသုခ ဖြစ်တဲ့ နိဗ္ဗာန်အရသာ ဓမ္မာယတနတွေဟာလည်း အာယတနတော့မည်တာပဲ၊ ဒါပေမဲ့ သံသရာဝဋ် ဒုက္ခသစ္စာထဲမှာ မပါဘူး။
ဓာတ် တဆယ့်ရှစ်ပါးထဲမှာလည်း မနောဝိညာဏဓာတ်ဖြစ်တဲ့ လောကုတ္တရာစိတ် ရှစ်ပါးဟာ ဓာတ်သာမည်တာ၊ သံသရာဝဋ်ထဲမှာ မပါဘူး၊ အဲဒီ လောကုတ္တရာစိတ်နဲ့ ယှဉ်တဲ့ စေတသိက်တွေဟာလည်း ဓမ္မဓာတ်သာ မည်တာ၊ သံသရာဝဋ်ဒုက္ခထဲ မပါဘူး၊ နောက် နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်တရားမြတ်ဟာလည်း ဓမ္မဓာတ်သာမည်တာ၊ သံသရာဝဋ် ဒုက္ခ ထဲမှာ မပါဘူး။
လိုရင်းအချုပ်ကတော့ သံသရာလို့ ခေါ်ဆိုရတဲ့ ခန္ဓာ အာယတန ဓာတ် တွေဟာ ၀ိပဿနာယောဂီရဲ့ အာရုံဖြစ်သောကြောင့် လောကီစိတ် စေတသိက်နဲ့ ရုပ်တရားစုဖြစ်တဲ့ လောကီခန္ဓာ လောကီအာယတန လောကီဓာတ်၊ သို့မဟုတ် လောကီမနာယတနနဲ့ ဓမ္မာယတန တရားစုတို့ကိုသာ မုချယူရမှာဖြစ်တယ်၊ ကဲ….သဘောပေါက်ရဲ့လား၊ ဉာဏ်နဲ့စဉ်းစားပါ။
ဒကာ။ ။ ဒါလောက်ကွဲအောင် ခွဲစိပ်ဝေဖန် ထောက်ပြောလို့မှ သဘောမပေါက်ရင်လည်း သူ့ထက် အန္ဓကျတဲ့သူ မရှိတော့ဘူးပေါ့ ဆရာတော်၊ တပည့်တော်ကတော့ ခန္ဓာသာထိုက်ပြီး သံသရာမထိုက်တဲ့ လောကုတ္တရာစိတ်နဲ့ ယင်း၌ယှဉ်တဲ့ စေတသိက်ခန္ဓာတွေကို ပြောပြကတည်းက သဘောကျခဲ့တာပါ ဘုရား၊ တပည့်တော်အား သနားသဖြင့် ခွင့်ပြုလက်ခံပါဆရာတော်။
ဆရာတော်ဘုရား ကျန်းမာရေးအတွက် ဆေးပစ္စည်းများကို တပည့်တော် ဖိတ်ကြားပါတယ် ဘုရား၊ တပည့်တော်အား ဆေးပစ္စည်း ဒကာကြီးဟု မှတ်တော်မူပါ ဆရာတော်။

Monday, July 26, 2010

ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ရှိပါ သလော

ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ရှိပါ သလော

ဒကာ။ ။ လောကထဲမှာ အမှောင်ရှိသလို အလင်းလည်းရှိတာပဲ၊ အသေတရားရှိသလို မသေတရားလည်း ရှိတာပဲ၊ ကုသိုလ်တရားရှိသလို အကုသိုလ်တရားလည်း ရှိတာပဲ၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ကော မရှိကောင်းဘူးလား ဆရာတော်။

ဆရာ။ ။ အင်း…ဥပါဒါနက္ခန္ဓာ ရှိရင် အနုပါဒါနက္ခန္ဓာလည်း ရှိရမှာပေါ့၊ ရှိကောင်းပါတယ်လေ၊ ကြံကြံဖန်ဖန် မေးတယ်ကိုး။
ဒကာ။ ။ တချို့ဆရာတွေက ကြံကြံဖန်ဖန် မေးတယ်လို့ အပြစ်တင်ကြပါတယ်၊ ဒါပေမဲ့ အဖြေကတော့ မရပါဘူး၊ ဒါ့ကြောင့် တပည့်တော်တို့ အသိရလွယ်တဲ့နည်းနဲ့ မိန့်ကြားပေးပါဦး ဘုရား။
ဆရာ။ ။ အင်း…ခန္ဓာဆိုတာက ဒကာကြီးတို့ မြင်သမျှ ကြားသမျှ နံသမျှ စားသမျှ ထိသမျှ ကြံစည်တွေးတောသမျှ ထင်ရှားဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေကို ခေါ်ဆိုတာဖြစ်တယ်။ အဲဒီ မြင်မှုကြားမှု စတဲ့ ခန္ဓာတွေအပေါ်မှာ နိစ္စ- မြဲသော၊ သုခ- ချမ်းသာစရာအနေနဲ့ သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင်တဲ့ တဏှာနဲ့ ခံစား သုံးဆောင်ကာ ငါ ငါ့ဥစ္စာ ငါ့ဟာ သဘောနဲ့ အတ္တဒိဋ္ဌိ အစွဲမဖြုတ်ဘဲ သဲသဲမဲမဲ မှတ်ယူနေသမျှ အဲဒီ မြင်မှုကြားမှု စတဲ့ သဘောခန္ဓာတွေဟာ တဏှာဒိဋ္ဌိခေါ်တဲ့ ဥပါဒါန်နဲ့ စွဲယူခံနေရသောကြောင့် ဥပါဒါနက္ခန္ဓာတွေသာ ဖြစ်တယ်လို့ မှတ်ယူရမည်တဲ့၊ အများဆုံးက ဒီလိုပဲ မှတ်ယူနေကြတာဖြစ်တယ်။
ဆိုလိုရင်းက သတ္တ၀ါတိုင်း မြင် ကြား နံ စား စတဲ့ ဖြစ်ပေါ်မှု ရုပ်နာမ် ခန္ဓာတွေကို နိစ္စ သုခ အတ္တ သဘောနဲ့ စွဲယူကာ တဏှာဒိဋ္ဌိခေါ်တဲ့ ဥပါဒါန်တရား ဦးစီးသော အာရုံတွေသာ ဖြစ်နေလို့ ယင်းတို့ကို ယေဘုယျနည်းနဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ တဏှာဒိဋ္ဌိတို့ဖြင့် အာရုံအယူကို ခံနေရတဲ့ ခန္ဓာတမျိုးပေါ့၊ ကဲ… ဥပါဒါနက္ခန္ဓာကို ကွဲပြားခြားနားစွာ သဘောပေါက်ပြီလား။
ဒကာ။ ။ မှန်ပါ့၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသမျှ အာရုံခြောက်ပါး လောကီတရားတွေဟာ ဥပါဒါနက္ခန္ဓာတွေသာ ဖြစ်တယ်ဆိုတာ မှတ်သားမိပါပြီ ဆရာတော်။
အနုပါဒါနက္ခန္ဓာတရားများကိုလည်း တပည့်တော်တို့နား၌ အသိရလွယ်သော စကားတို့ဖြင့် ခွဲခြားပြပါဦး ဘုရား။
ဆရာ။ ။ အင်း…ယောဂီသူမြတ်ဟာ ဒကာကြီးတို့ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနမှာ ထင်ရှား ဖြစ်ပေါ် ဖြစ်ပေါ်နေကြတဲ့ မြင်မှု ကြားမှု နံမှု စားမှု ကြံစည်တွေးတောမှု ရုပ်နာမ်တရားစု ဟူသမျှတို့ကို ဥပါဒါန်ဖြစ်တဲ့ တဏှာဒိဋ္ဌိတို့နဲ့ နိစ္စ သုခ အတ္တ ဟု မစွဲယူတော့ဘဲ ဆင်းရဲအစု ဖြစ်ပျက်မှုနဲ့သာ မှတ်ရှုနေတော့တယ်။
ထပ်ပြောဦးမယ်၊ သေသေချာချာ နားထောင်ပါ၊ အဲဒီ ဖြစ်ပေါ်လာသမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားစုတို့ကို ယောဂီပွားများ အားထုတ်နေသော ၀ိပဿနာဉာဏ် အယူအစွဲမှန် အကြံအစည်မှန်သော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ မဂ်ဉာဏ်တို့ဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟုသာ ပိုင်းခြားမှတ်သား ပွားများအားထုတ်နေတော့သောကြောင့် ခန္ဓာထဲ၌ ဥပါဒါန်ခေါ်တဲ့ တဏှာဒိဋ္ဌိတို့နဲ့ မစွဲယူ မမှတ်သားတော့လို့ အဲဒီ အခိုက်အတန့်အားဖြင့် ခန္ဓာငါးပါးကို အနုပါဒါနက္ခန္ဓာလို့ မှတ်ယူရမည်တဲ့။
ဥပါဒါန်မပါသော ၀ိဇ္ဇာဉာဏ်သက်သက်ဖြင့် ခန္ဓာတို့၏ ဖြစ်ပျက်မှု ဒုက္ခအစုကိုသာ အာရုံပြုနေရကား အဲဒီ ခန္ဓာငါးပါးဟာ ဥပါဒါန်စွဲမပါ မရှိသော အရှုခံသက်သက် အနုပါဒါနက္ခန္ဓာသာမည်တော့၏ တဲ့၊ ဒါက ဉာဏ်သဘော ဉာဏ်အလုပ် ဉာဏ်ရှိသူများမှ သိနိုင်တဲ့အရာ၊ ဉာဏ်နဲ့ ကြံဆပြီး ယူရတယ်၊ ကြံကြံဖန်ဖန် မေးတတ်သကိုး၊ ဒီကလည်း ကြံကြံဖန်ဖန်နဲ့ ဖြေကြားလိုက်တာပဲ။
ဒကာ။ ။ မှန်ပါ့၊ ခန္ဓာငါးပါးကို ဥပါဒါန်တရားနဲ့ အမှားမှားတွေ စွဲယူနေရင် ဥပါဒါနက္ခန္ဓာဖြစ်တယ်၊ ဒီခန္ဓာတွေကို ဥပါဒါန်မပါဘဲ အနိစ္စ ဒုက္ခ အနတ္တဉာဏ်ဓမ္မအနေနဲ့ ရှုမှတ်နေရင် ဥပါဒါန် မပါ၊ မစွဲတဲ့ အနုပါဒါနက္ခန္ဓာလို့ သိပါပြီ ဆရာတော်။

အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော

အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော

ဒကာ။ ။ ၀ိပဿနာဉာဏ်ဖြင့် ကိုယ်တွင်းကိုရှုမှတ်သောအခါ ကိုယ်ကောင်ကြီးပုပ်ပွလာတာတွေ သွေးပြည်တွေထွက်ကျနေပြီး ရောင်ကားနေတဲ့ သူသေကောင်ကြီးလို မိမိကိုယ်ကိုမြင်မြင်နေရတဲ့ တကယ်အဖြစ် ပရမတ်အစစ်မဟုတ်တဲ့ စိတ်ကူးမှု ပညတ်အာရုံတွေဟာ ၀ိပဿနာဉာဏ်ဖြစ်နိုင်ပါ့မလား ဆရာတော်၊ တချို့က အဲဒီ အပုပ်ကောင်ကြီးဟာလည်း ၀ိပဿနာအာရုံဖြစ်တာပဲဟု ဟောကြပါသည်၊ တချို့ကလည်း ၀ိပဿနာအာရုံ မဖြစ်ဟု ပြောနေကြပါသည်။

ဆရာ။ ။ အင်း….“ ၀ိပဿနာ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ” ရှုမှတ်တတ်ရင် ၀ိပဿနာဉာဏ်မှ လွတ်တဲ့ တရားဟူ၍ မရှိပါဘူးတဲ့ ဒကာကြီးတို့ရ။
ဒကာ။ ။ ၀ိပဿနာဉာဏ်က ဖြစ်ပျက်မှု ရုပ်နာမ်ပရမတ် အနိစ္စ လက္ခဏာကို အာရုံပြုရမှာပဲ ဆရာတော်၊ ဒီ မိမိကိုယ်အကောင်ပုပ် ပညတ်အာရုံကြီး ထင်နေတာကို ပရမတ်ဖြစ်အောင် ဘယ်လို မှတ်ရမှာလဲ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ကိုယ်တွင်း မျက်စိ နား နှာ စတဲ့ အာယတနခြောက်ပါးမှ ၀င်လာတဲ့ အာရုံ ပရမတ္ထဓမ္မတွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီဟာ ရံခါ ဒီလိုပဲ မိမိကိုယ်ကို မြင်ရတတ်ပါတယ်။
ဒါတွေက သူ၏သမာဓိအရှိန်နဲ့ တကယ်မဟုတ်တဲ့ ဖြုတ်ဆိုပေါ်ပေါက်လာတတ်တဲ့ ပညတ်အာရုံတွေဆိုတာ မှန်ပါတယ်၊ အဲဒီလို မြင်မြင်နေရတဲ့ မိမိကောင်ပုပ်ကြီးကိုပင်၊ သို့မဟုတ်၊ လူ နတ် သစ်ပင် တော တောင် စတဲ့ တစုံတခုသော အာရုံကိုပင်၊ မြင်တယ် မြင်တယ်လို့ မှတ်လိုက်ပါ၊ မြင်တယ် မြင်တယ်လို့ မှတ်လိုက်ရင် မိမိမြင်နေတဲ့ ကိုယ်ကောင်ပုပ်ကြီး၏ ပျောက် ပျောက် သွားတာကို ထင်ထင်ရှားရှားနဲ့ တွေ့တွေ့ သိသိ သွားပါလိမ့်မယ်၊ အဲဒီလို တွေ့သိ တွေ့သိ သွားတာကိုပဲ တွေ့သိပျက် တွေ့သိပျက်မို့ ၀ိပဿနာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဒကာ။ ။ သူတွေ့မြင်နေရတာဟာ စိတ်ကူးနဲ့ပေါ်လာတဲ့ ပညတ်အာရုံ သူ့ကိုယ်ကောင်ပုပ်ကြီးဟာ ပရမတ်ရုပ်နာမ်မဟုတ်တဲ့ဟာကို ပြန်ပြန်မှတ်နေရင် ဒီအကောင်ပုပ် ပညတ်အာရုံကြီးဟာ ပညတ်အာရုံသာ ထင်နေမှာပေါ့ ဆရာတော်၊ ရှင်းပြပါဦး ဘုရား၊ ၀ိပဿနာအာရုံ ဖြစ်ပုံကိုသိရအောင်။
ဆရာ။ ။ ဟုတ်ပါတယ်လေ၊ သူမြင်သိနေတဲ့ မိမိကိုယ်ကောင်ပုပ်ကြီးကတော့ ပညတ်အာရုံပါပဲ။
အဲဒီ ကိုယ်ကောင်ပုပ်ကြီးရဲ့ ပုံပန်းသဏ္ဌာန် ဟန်ပန်နိမိတ်ကို မြင်သိ မြင်သိနေတဲ့ မနောဝိညာဉ်စိတ်ကတော့ ပရမတ် ဆတ်ဆတ်အစစ်ပေါ့၊ မိမိကိုယ်ကောင်ပုပ်ကို တွေ့မြင်နေရတဲ့ ယောဂီဟာလည်း စိတ်ကတွေ့မြင်နေတယ်ဆိုတာ မုချသိပါတယ်။
ဒါကြောင့် မနော်ဝိညာဉ်၌ ပေါ် ပေါ် သိ သိ ထင် ထင် မြင် မြင် လာကြတဲ့ ထိုထိုအာရုံ ကိုယ်ပုံသဏ္ဌာန်နှင့်တကွ ထင်မြင်တဲ့ မနောဝိညာဉ် အသိစိတ်ကလေးပါ တချက်ချင်း ထင်ပျက် မြင်ပျက် သိပျက်နဲ့ အဲဒီလို တရိပ်ရိပ်နဲ့ ပေါ်ပျက်နေတာကို သိ သိ နေခြင်းသည်ပင် ၀ိပဿနာဉာဏ် ပညာ အစစ်ဖြစ်တယ်လို့ မှတ်ပေါ့၊ သိပေါ့၊ ရှုပေါ့၊ ပွားပေါ့။
ကဲ…ကျေနပ်ရှင်းလင်းရဲ့လား၊ စိတ်ကို ပဓာန ထားရတယ်၊ စိတ်ကတချက်သိ တခါပျက်နဲ့ သွားနေတာ၊ စိတ္တာနုပဿနာနည်းနဲ့ လိုက်ပေါ့။
ဒကာ။ ။ ဒီလိုဆိုတော့လည်း ရှင်းပါတယ် ဆရာတော်၊ ၀ိပဿနာ အလုပ်က ဆရာမပြဘဲနဲ့တော့ အသိရခက်ပါတယ်ဘုရား၊ ဒါ့ကြောင့် စာပေတတ်သိတဲ့ ပညာရှိ ဆရာတော်ထံ လာ လာ မေးရပါတယ်၊ လိုရင်းကတော့ သိမှတ်တဲ့ စိတ်ကလေး လည်း ပျက်၊ သိမှတ်ခံရတဲ့ အာရုံလည်းပျက်၊ ဒါကိုသိထားဖို့က အရေးကြီးဆုံးပဲကိုး၊ ဒါကြောင့် မြင် မြင် တယ် မှတ်ခိုင်းတာ၊ ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား၊ စာပေ မတတ်ဘဲ ၀ိပဿနာဆရာ လုပ်စားသူတွေက ပေါတယ်ဘုရား၊ သူတို့က တောင်ဟော တောဟောနဲ့။

Thursday, July 22, 2010

သုခိနြေ္ဒ ၂ မျိုး၊ သောမနဿိနြေ္ဒ ၂ မျိုး ရယ်လို့ ရှိပါသလား

သုခိနြေ္ဒ ၂ မျိုး၊ သောမနဿိနြေ္ဒ ၂ မျိုး ရယ်လို့ ရှိပါသလား
ဒကာ။ ။ ဝေဒနာနဲ့စပ်ပြီး ဣန္ဒြိယဘေဒ သရုပ်ခွဲတဲ့အခါမှာ သုခိနြေ္ဒ နှစ်မျိုး၊ သောမနဿိနြေ္ဒ နှစ်မျိုး၊ ဟု ဆရာတော်တပါးကပြောလို့ ရှုပ်ထွေးကုန်ပြီ ဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။


ဆရာ။ ။ အင်း….ဒါက ၀ိပဿနာယောဂီတွေအတွက် ပေါ်ထွက်လာတဲ့ သတိပဋ္ဌာန်ဉာဏ်ကစားမှု မှတ်သားစရာတမျိုးလို့ သိထားပေါ့၊ သင်္ဂြိုဟ်ကျမ်းအလိုကတော့ သုခနဲ့ သောမနဿ ပါပဲ၊ အဲဒါကို ထိုထိုဆရာက ၂ မျိုးစီ ခွဲခြားပြလိုက်တာပါ။

ဒကာ။ ။ မှန်ပါ့၊ အဲဒီ ၂ မျိုးစီကို ဒကာကြီးတို့ ဉာဏ်နဲ့ကိုက်အောင် မသွယ်ဝိုက်ဘဲ တဲ့တိုး၊ အလွယ်ဆုံးနဲ့ ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ ကိုင်း…နားထောင် မှတ်သားပေတော့၊ သုခိနြေ္ဒကို သုခလို့ပဲ လွယ်လွယ် မှတ်လိုက်တော့၊ အဲဒီ သုခ ၂ မျိုးရှိတယ်။

၁။ သာမိသ သုခ = ကာမဂုဏ်တရားဖြစ်တဲ့ ငါ့လင်၊ ငါ့သား၊ ငါ့မယား၊ ငါ့အိုး၊ ငါ့အိမ်၊ ငါ့စိန်၊ ငါ့ရွှေ၊ ငါ့မြေ၊ ငါ့ယာ၊ ငါ့ဥစ္စာ ဟု သာယာခင်မင်စရာ ပြင်ပ၀တ္ထုပစ္စည်းများ ပြည့်စုံခြင်းကိုလည်းကောင်း၊ ကိုယ်တွင်း၌ ရှိနေတဲ့ မျက်စိ နား နှာ လျှာ ကိုယ် တို့၏ ကြည်လင် ပေါ့ပါး တင့်တယ် ကျန်းမာမှု စသည်များကို လည်းကောင်း၊ ကောင်းမြတ်သော အဆင်း အသံ အနံ့ အစာ စသည်တို့ကို မြင်ရ ကြားရ နမ်းရ စားရ ၀၀လင်လင် ခံစားရခြင်း ချမ်းသာသုခကိုလည်းကောင်း၊ အကြောင်းပြု၍ ၀မ်းသာခြင်းဟူသမျှသည် သာမိသ သုခ မည်၏၊ (ကာမနှင့် စပ်တဲ့ ချမ်းသာသုခ ဟူသမျှ) သာမိသ သုခ လို့ မှတ်။

၂။ နိရာမိသ သုခ = သာမိသ သုခ ပိုင်းမှာ ဆိုခဲ့တဲ့ ကာမဂုဏ်တရားဟူသမျှတို့သည် ဆင်းရဲအစုသာဖြစ်တယ်၊ ဆင်းရဲခြင်းကို ရင်ဝယ်ပိုက်ထားရတဲ့ ဒုက္ခသစ္စာ တရားများသာဖြစ်တယ်၊ ဒုက္ခအစု ၀တ္ထုကာမ တွေသာဖြစ်တယ်၊ ဒီဝတ္ထုကာမ လိုချင် သာယာ ခင်မင် တပ်မက်တဲ့ ကိလေသာ ကာမကား ဒုက္ခကို ရစေတတ်တဲ့ အကြောင်း သမုဒယသစ္စာသာ ဖြစ်တယ်ဟု အဲဒီ ဒုက္ခနဲ့ သမုဒယသစ္စာ နှစ်ပါးကို ပိုင်းခြားသိထားသော ယောဂီသည် ထို မြင် ကြား နံ စား ထိ သိ တည်းဟူသော ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ၏ ဖြစ်ပေါ်ပြီးလျှင် ချက်ခြင်းခဏ ပျက် ပျက် သွားကြတဲ့ အနိစ္စလက္ခဏာ။

ယင်းသို့ မခိုင်မမြဲ ဖရိုဖရဲ ယိုင်လဲ ပြိုပျက် ကုန်သောကြောင့် ဆင်းရဲခြင်း ဒုက္ခလက္ခဏာ။

၎င်း အနိစ္စနဲ့ ဒုက္ခတို့ကို နိစ္စ- ခိုင်မြဲလာအောင်၊ သုခ- ချမ်းသာလာအောင် စီမံဖန်ဆင်း ပြုပြင်၍ပေးခြင်းငှာလည်း မစွမ်းနိုင်ဘဲ ယင်းရုပ်နာမ်ခန္ဓာတို့ကို စိုးပိုင်မှုမရှိသောကြောင့် အနတ္တမျှသာ။

ငါမဟုတ် ငါ့ဥစ္စာလည်းမဟုတ် ပုဂ္ဂိုလ် သတ္တ၀ါ အသက် ဇီဝလည်းမဟုတ်၊ နာမ်ရုပ်သက်သက် ဖြစ်ပျက်မျှသာဟု ၀ိပဿနာဉာဏ်ဖြင့် ကိုယ်တွင်း၌ ရှုမှတ်ပွားများနေသော ယောဂီသည် ပေါ်လာသော အာရုံတိုင်း၌ မမြဲ ဆင်းရဲ ပြောင်းလဲ ဖေါက်ပြန်မှုတွေချည်းသာ ဉာဏ်ထင်၍နေသောကြောင့် တဏှာ မာန ဒိဋ္ဌိတို့ ကင်းကာ ရှုမှတ်တိုင်း ၀မ်းသာဝမ်းသာလျက် ချမ်းသာ ချမ်းသာ၍ နေတော့တယ်။

အဲဒီလို ၀ိပဿနာဉာဏ် ရင့်သန်စွာဖြင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ၀မ်းမြောက်ဝမ်းသာ ချမ်းသာ ချမ်းသာ၍ နေခြင်းဟာ ကာမဂုဏ်တရားနဲ့ မစပ်ဆိုင်သောကြောင့် နိရာမိသ သုခမည်၏တဲ့၊ ကဲ…အဲဒါ သုခနှစ်မျိုးရဲ့ သုခိနြေ္ဒပဲ။

သောမနဿိနြေ္ဒနှစ်မျိုးကိုလည်း ဤသုခနှစ်မျိုးလာတဲ့နည်းအတိုင်းပဲ သိထားမှတ်ထားရမည်၊ အနက်အဓိပ္ပာယ် အတူတူသာ ဖြစ်တယ်။

၁။ ဂေဟဿိတ သောမနဿ = သာမိသသုခနည်းအတိုင်း ကာမဂုဏ်နှင့် စပ်ပြီး အပြည့်အ၀ ခံစားမှု၌ ၀မ်းမြောက်ဝမ်းသာဖြစ်မှုမျိုး။

၂။ နေက္ခမဿိတ သောမနဿ = နိရာမိသသုခနည်းအတိုင်း ၀ိပဿနာဉာဏ်နဲ့ စပ်ပြီး မှတ်တိုင်းမှတ်တိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်မှုမျိုး၊ အဲဒါ သောမနဿိနြေ္ဒ နှစ်မျိုးပဲ။

ရှင်းလင်းကွဲပြား ဉာဏ်နှင့်မိရဲ့လား၊ ခုပြောတဲ့နည်းက ဉာဏ်ကြီးရှင်တို့အတွက်ပဲ။

ဒကာ။ ။ မှန်ပါ့၊ ကျေနပ်နှစ်သက် ရှင်းလင်းလှပါတယ် ဆရာတော်၊ ဒကာကြီးကလည်း ဉာဏ်မနည်းပါဘူး ဘုရား။

တိုတိုကျဉ်းကျဉ်းကလေးနဲ့ အာနာပါန သမထနည်းနဲ့ ၀ိပဿနာ ရှုပုံ

တိုတိုကျဉ်းကျဉ်းကလေးနဲ့ အာနာပါန သမထနည်းနဲ့ ၀ိပဿနာ ရှုပုံ

ဒကာ။ ။ အာနာပါနကမ္မဋ္ဌာန်း၏ ဈာန်အဘိညာဉ် တန်ခိုးရှင် ထွက်ရပ်ပေါက် သမထသက်သက်လမ်းနဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်သွားတဲ့ ၀ိပဿနာသက်သက်လမ်း လုပ်ငန်းနည်းများကို တိုတိုကျဉ်းကျဉ်းကလေးနဲ့ သိပါရစေ ဆရာတော်။

ဆရာ။ ။ ဒီအမေးပဥှာတွေဟာ တခါက မေးပြီးသားတွေလို့ ထင်တယ်၊ အာနာပါန သမထလမ်းသက်သက်လုပ်ချင်ရင် ရုပ်နာမ်ဓမ္မ ပရမတ္ထသစ္စာတွေ ခန္ဓာတွေ ဓာတ်တွေ ကိုလည်း သင်နေ မှတ်နေစရာမလိုဘူး၊ ဖြစ်ပျက်မှု သင်္ခါရတွေကိုလည်း ရှုနေစရာ မလိုဘူး၊ အနိစ္စ ဒုက္ခ အနတ္တ တွေနဲ့ တဏှာ မာန ဒိဋ္ဌိ တွေကိုလည်း ဖြုတ်နေ ပယ်နေစရာ မလိုဘူး။
ကိုယ် ရှူနေရှိုက်နေတဲ့ ထွက်လေ ၀င်လေကိုသာ မမေ့တဲ့ သတိကောင်းကောင်းနဲ့ ထွက်တိုင်း ၀င်တိုင်း ထွက်လေကို လိုက်သိနေပါ၊ ၀င်လေကို လိုက်သိနေပါ၊ သတိအလုပ် မမေ့စေနဲ့၊ မမေ့ရဘူး။ အဲဒီထွက်လေကို ငါသိနေတယ်၊ ငါမှတ်နေတယ်၊ ၀င်လေကိုလည်း ငါသိနေတယ်၊ ငါမှတ်နေတယ်၊ ငါသတိကောင်းကောင်းနဲ့ လိုက်မှတ်နေတယ်လို့ အဲဒီအတိုင်း တဏှာဒိဋ္ဌိစွဲ မကင်းဘဲ ငါစွဲသတိကောင်းကောင်းနဲ့ တချက်မှ မမေ့အောင်သာ လိုက်မှတ်နေပါ။
တခြား မြင် ကြား နံ စား စတဲ့ အာရုံတွေထဲ စိတ်ထွက်မသွားတော့ဘဲ အချိန်ကာလအားဖြင့် ၂ နာရီလောက် ကိုယ်ရှုမှတ်နေတဲ့ ထွက်လေ ၀င်လေ အာရုံတခုထဲမှာသာ မှတ်စိတ်ဟာ ခိုင်မြဲစွာတည်ငြိမ်နေနိုင်လို့ရှိရင် ကိုယ်လိုချင်တဲ့ လောကီဈာန် အဘိညာဉ်တန်ခိုး သိဒ္ဓိပိုင်ရှင်ကြီးတွေဖြစ်ကာ မြေလျှိုးမိုးပျံ ဈာန်ကစားရင်း နောက်ဆုံးနေ့မှာ သင်္ချိုင်းကုန်းလျှင် ထွက်ရပ်လမ်းဖြစ်၏တဲ့။
အဲဒါ အာနာပါန သမထနည်းသက်သက် ထွက်ရပ်လမ်းပါပဲ၊ အဲဒီအတိုင်းသာ ထွက်လေ ၀င်လေကို မမေ့တဲ့သတိနဲ့ သတိကောင်းကောင်းနဲ့ မှတ်သားပေတော့၊ အနည်းဆုံး ၂ နာရီလောက်တော့ စိတ်တည်ငြိမ်နေရမယ်နော်၊ လုပ်နိုင်ပါ့မလား၊ စမ်းလုပ်ကြည့်ပေါ့၊ ၂ နာရီ စိတ်နိုင်ရင် မုချရနိုင်တယ်။
ဒကာ။ ။ ခက်ခဲလှပါတယ်ဆရာတော်၊ တပည့်တော်တို့စိတ်က တရားမှတ်တဲ့အခါ တမိနစ်မှာ ငါးခါလောက် အပြင်ထွက်ထွက်နေတာ၊ တနာရီတည်ကြည်ငြိမ်ဝပ်နေဖို့တောင် အတော့ကို ခက်ခက်ခဲခဲကြိုးစားရမှာမို့ မဖြစ်နိုင်တာက များပါတယ်ဆရာတော်။
ဝိပဿနာသက်သက်နဲ့ နိဗ္ဗာန်သွားလမ်းကိုပဲ တိုတိုကျဉ်းကျဉ်းကလေးနဲ့ နည်းညွှန်ပေးပါတော့ဆရာတော်။
ဆရာ။ ။ အင်း…ငါ၊ ငါ့ဥစ္စာ၊ အတ္တစွဲ မပါဘဲ နှာခေါင်းဖျား၌ စိတ်ကိုစောင့်ထားပြီး ထွက်လေ ၀င်လေ ဖောဋ္ဌဗ္ဗရုပ် ၀ါယောဓာတ်က ထိ ထိသွားတဲ့ အဖြစ်အပျက်ကို သိအောင်ရှုမှတ်နေပါ။
ထိထိ သွားတဲ့ အထိသဘော ဖောဋ္ဌဗ္ဗရုပ်ထဲမှာလည်း ငါမပါဘူး၊ ထိပြီးတော့ ပျက်သွားတာပဲ၊ အထိခံရတဲ့ ကာယရုပ်ထဲမှာလည်း ငါ မပါဘူး၊ ထိပြီးတော့ ပျက်သွားတာပဲ၊ ထိတာကို သိသိနေတဲ့ ထိသိ စိတ်ဆိုတာလည်း ငါမဟုတ် ငါမပါဘူး၊ ထိသိ ပျက်ပဲ။
အဲဒီလို ရုပ်နာမ်တို့ ဖြစ်ပျက်မှုကို ရုပ်နာမ်သက်သက် ငါ ငါ့ဥစ္စာ ငါ့ဟာ ဆိုတဲ့ ဥပါဒါန် မမှီ မစွဲ မပါဘဲ ပညာမဂ္ဂင်၊ သမာဓိမဂ္ဂင်တို့ဖြင့် သန့်ရှင်းစင်ကြယ်စွာ ဂဃနဏ ပြတ်ပြတ်သားသားနဲ့ ရှုမှတ်ပွားများနေရင် ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ကာ ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကင်းလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်ကာ အပါယ်တံခါးပိတ်လျက် ခေါင်ထိပ်ဆုံး ချမ်းသာအစစ်ကို ရရှိခံစားရလေတော့၏ တဲ့၊ ကဲ…အဲဒါ အကျဉ်းဆုံးပါပဲ၊ ကျေနပ်ရဲ့လား။
ဒကာ။ ။ အားရ ကျေနပ် နှစ်သက် စရာတွေပါပဲ ဆရာတော်၊ ၀ိပဿနာ သက်သက်ကိုပဲ ပွားများရှုမှတ်ပါတော့မည်၊ သင်္ချိုင်းကုန်းသွားရတဲ့ သမထကိုတော့ ရွံမုန်းပါပြီ ဘုရား၊ ၀ိပဿနာအလုပ်က အတ္တဖြုတ်ရမှာ မလွယ်ဘူးနော်၊ အိမ်က ဒကာမကြီးနဲ့ သား သမီး ဥစ္စာတွေကိုဘဲ ငါ့ဟာ ငါ့ဟာနဲ့ စွဲ စွဲ နေတာ ဆရာတော်၊ အဲဒီ အတ္တကို အတော်ဖြုတ်ယူရမှာဘဲ ဘုရား။

Saturday, July 17, 2010

သမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ်ဉာဏ်နှင့် ပစ္စေကဗုဒ္ဓါ၏ အရဟတ္တမဂ်ဉာဏ်တို့ဟာ ကိလေသာ ပယ်ပုံချင်းတော့ အတူတူပဲ မဟုတ်လား? ၀ါသနာဆိုတာ ကိလေသာလား၊ ဘာလဲ?၀ါသနာဆိုတာ ဘာစကားလဲ?

သမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ်ဉာဏ်နှင့် ပစ္စေကဗုဒ္ဓါ၏ အရဟတ္တမဂ်ဉာဏ်တို့ဟာ
ကိလေသာ ပယ်ပုံချင်းတော့ အတူတူပဲ မဟုတ်လား

ဒကာ။ ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်လည်း ဆရာမရှိဘဲ သစ္စာလေးပါးကိုသိကာ ထောင့်ငါးရာကိလေသာတို့ကို ၎င်းရတဲ့ အရဟတ္တမဂ်ဉာဏ်က ပယ်လျက် သဗ္ဗညုတဂုဏ်ထူးရကာ ဘုရားဖြစ်သွားတာပဲ။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေလည်း ဆရာမရှိဘဲ သစ္စာလေးပါးကိုသိကာ ထောင့်ငါးရာကိလေသာတို့ကို ပယ်လျက် ပစ္စေကဗုဒ္ဓါ ဖြစ်သွားကြတာပဲ။
ဒါ့ကြောင့် အဲဒီ အရဟတ္တမဂ်ဉာဏ် နှစ်ပါးဟာ ကိလေသာပယ်တဲ့ နေရာမှာတော့ အတူတူပဲ မဟုတ်လား ဆရာတော်၊ ထူးခြားချက်များ ရှိပါသေးသလား။

ဆရာ။ ။ အင်း….မြတ်စွာဘုရားနဲ့ ပစ္စေကဗုဒ္ဓါဟာ ဆရာမရှိဘဲ သစ္စာ လေးပါးကို သိတာချင်းတော့ တူပါတယ်၊ ဒါပေမဲ့ ကိလေသာကို ပယ်တဲ့ နေရာမှာတော့ အရဟတ္တမဂ်ချင်း မတူဘူး ဒကာကြီးတို့ရဲ့၊ အံ့သြလောက်အောင်ကို ထူးခြားကြတယ်။
ဒကာ။ ။ ဘာဖြစ်လို့လဲ ဆရာတော်၊ သဗ္ဗညုတဉာဏ်တော်နဲ့ တွဲသွားလို့ အံ့သြလောက်အောင် ထူးခြားရတာလား၊ မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ သဗ္ဗညုတဉာဏ်နဲ့ မဆိုင်ပါဘူး၊ အရဟတ္တမဂ်နဲ့ ကိလေသာပယ်ပုံချင်း တူ-မတူ ကို ပြောနေတာ မဟုတ်လား၊ သဗ္ဗညုတဉာဏ်က သီးခြားရတော်မူတာပဲဟာ အရဟတ္တမဂ်နဲ့ ဘာဆိုင်လို့လဲ ဒကာကြီးတို့ရ။
ဒကာ။ ။ အတူတူမှတ်ထင်လို့ ပြောမိတာပါ ဘုရား၊ ထူးခြားပုံများကို မိန့်ကြားတော်မူပါ ဆရာတော်။
ဆရာ။ ။ သဗ္ဗညုတမြတ်စွာဘုရား ရတော်မူတဲ့ အရဟတ္တမဂ်က ထောင့်ငါးရာ ကိလေသာကို ၀ါသနာနှင့်တကွ လုံးဝ ပယ်လိုက်တာ၊ အငွေ့အသက်ကလေးတောင် မကျန်ဘူး။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ ရတော်မူတဲ့ အရဟတ္တမဂ်က ကိလေသာရိုးရိုးကိုသာ ပယ်နိုင်တာ၊ ၀ါသနာကိုတော့ မပယ်နိုင်ဘူး၊ ၀ါသနာကလေးကတော့ ကျန်နေသေးတယ်။
ဆရာမရှိဘဲ သစ္စာလေးပါးကို ကိုယ်တိုင်သိကြပေမဲ့ ကိလေသာပယ်တဲ့နေရာမှာ အဲဒီလို ထူးခြားကြတယ်။

ဝါသနာဆိုတာ ကိလေသာလား၊ ဘာလဲ
ဒကာ။ ။ ၀ါသနာဆိုတာ ကိလေသာကို ခေါ်တာလား၊ သို့မဟုတ် ဘယ်ဟာကို ခေါ်ဆိုတာပါလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ၀ါသနာဆိုတာ ကိလေသာတော့ မဟုတ်ဘူး၊ လူအများတို့ မကြားချင်တဲ့ မကြိုက်မနှစ်သက်တဲ့ အခေါ်၊ အဝေါ်၊ အပြော၊ အဆိုမျိုးနဲ့ အမြင်မတော်တဲ့ အပြုအမူမျိုးကို ဆိုတယ်၊ ကိလေသာစိတ်မပါဘဲ ခေါ်ဝေါ်ပြောဆို ပြုမူလိုက်တဲ့ မသင့်မလျော်သော အလေ့အထ တမျိုးလို့ပဲ မှတ်ပေတော့။
အဲဒါကြောင့် မြတ်စွာဘုရားမှတပါး ပစ္စေကဗုဒ္ဓါတွေရော ရှင်သာရိပုတ္တရာ၊ ရှင်ပိလိန္ဒ၀စ္ဆ စတဲ့ ရဟန္တာတွေရော သူတို့ရတော်မူကြတဲ့ အရဟတ္တမဂ်က ကိလေသာရိုးရိုးကိုသာ ပယ်နိုင်တာ၊ ၀ါသနာကိုတော့ မပယ်နိုင်ဘူး၊ အဲဒါဟာ အထူးပဲ။

ဝါသနာဆိုတာ ဘာစကားလဲ

ဒကာ။ ။ ၀ါသနာနဲ့ ကိလေသာကို တပည့်တော်တို့ နားလည်အောင် ရှင်းပြပါဦး ဆရာတော်၊ မကွဲပြားသေးလို့ပါ၊ ၀ါသနာဆိုတာက ဘာစကားလဲ ဘုရား၊ ဥပမာကလေးနဲ့ ပြပေးပါ ဆရာတော်၊ ဒါမှ နားလည်လွယ်မှာ ဘုရား။
ဆရာ။ ။ ကိလေသာဆိုတာ အရက်နဲ့တူတယ်၊ ကိလေသာနဲ့တူတဲ့ အရက်တွေ သွန်မှောက်ပစ်လို့ ကုန်သွားပေမဲ့ ၀ါသနာဆိုတဲ့ အနံ့အငွေ့ ကလေးကတော့ အိုးထဲမှာ ကျန်နေသေးသလိုတဲ့၊ ကဲ….ရှင်းရဲ့လား၊ ၀ါသနာဆိုတာ ပါဠိစကားပဲ၊ ထုံခြင်း၊ ကြာမြင့်စွာက ပါလာသော အလေ့အထုံကို ဆိုတယ်၊ အနံ့အသက်ကလေး ဆိုပါတော့၊ အဲဒါ ၀ါသနာပဲ၊ ကိလေသာ မပါဘူး။
ဒကာ။ ။ မှန်ပါ့၊ ရှင်းပါပြီ ဆရာတော်၊ ကောင်းလိုက်တဲ့ ဥပမာ၊ ကိလေသာ မပါတဲ့ အပြောအဆို အမူအရာ လူများမနှစ်သက်စရာတွေပေါ့။

ခဏိက သမာဓိ ဆိုတာ ရှိကောင်းသလော

ခဏိက သမာဓိ ဆိုတာ ရှိကောင်းသလော
ဒကာ။ ။ ၀ိပဿနာလုပ်ငန်း၌ အာရုံတို့ ပေါ်ခန်း ပျက်ခန်းကို သမ္မာသမာဓိ မဂ္ဂင်လမ်းဖြင့် မနားတမ်းလိုက်မှတ် ရှုပွားနေရတဲ့သူဟာ လျင်မြန်လှတဲ့ ဖြစ်ခဏ ပျက်ခဏထဲမှာ တည်တံ့ငြိမ်ဝပ်မှုဖြစ်တဲ့ ခဏိက သမာဓိရယ်လို့ ရှိနိုင်ဦးမှာလား ဘုရား၊ ပိဋကတ်တော်ထဲက အထောက်အထားများရှိရင် ရှင်းလင်းဖော်ပြပေးပါ ဆရာတော်။

ဆရာ။ ။ ၀ိပဿနာအလုပ်ဆိုတာ သမထ အခြေခံယူပြီးမှ ၀ိပဿနာဘက်တက်တဲ့ သမထယာနိက ၀ိပဿနာလမ်းရယ်၊ စ ထွက်ကတည်းက ၀ိပဿနာ သက်သက် တက်သွားတဲ့ သုဒ္ဓယာနိက ၀ိပဿနာလမ်းရယ်၊ နှစ်မျိုးရှိတယ်။
သမထမဖက်ဘဲ ၀ိပဿနာချည်းသက်သက်သန့်သန့် ရှုမှတ်ပွားများမည့် သုဒ္ဓယာနိက ၀ိပဿနာယောဂီဟာ ခန္ဓာငါးပါးကိုဖြစ်စေ၊ သို့မဟုတ် အာယာတန တဆယ့်နှစ်ပါး၊ ဓာတ် တဆယ့်ရှစ်ပါး၊ ရုပ်နာမ်နှစ်ပါး ရှုပွားစရာ အာရုံထဲက ကြိုက်ရာရာကို ဒုက္ခသစ္စာဉာဏ်သွင်းပြီးတော့ ဖြစ်ပျက်ကိုပဲ ရှုမှတ်နေရမှာ ဖြစ်တယ်၊ စိတ်ဝင်စား နားထောင်ပါနော်။
အဲဒီ မှတ်စိတ်တွေဟာ လျင်မြန်သော အရှိန်အဟုန်ဖြင့် တန်းစီကာ သိပျက် သိပျက်နဲ့ သွားနေပေမဲ့ မှတ်စိတ်တချက် ဖြစ်လိုက်ရင် ဧကဂ္ဂတာ စေတသိက် တချက် ပါသွားတာဘဲ၊ ရုပ်နာမ်ဖြစ်ပျက်၌ မှတ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း တည်ငြိမ်မှု ဧကဂ္ဂတာ က ပါတာချည်းပဲ။
ခု ပြောခဲ့တဲ့ ၀ိပဿနာမှတ်စိတ် တချက်ကို တခဏလို့ ခေါ်တယ်၊ အဲဒါကြောင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဆရာက ၀ိပဿနာ ခဏိကသမာဓိကို ဟောသည်လိုဆိုတယ်။
ခဏိက စိတ္တေ ကဂ္ဂတာ- တဲ့၊ မှတ်စိတ်ခဏ တခုထဲ၌ တည်ငြိမ်မှု သမာဓိ တခု ပါတယ်လို့ ဖွင့်ဆိုထားတယ်၊ အကျယ်ကိုသိချင်ရင် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ရှာကြည့်။
အဲဒီ အဋ္ဌကထာရဲ့စကားကို ပိုမိုခိုင်လုံ ထင်ရှားအောင် ၀ိသုဒ္ဓိမဂ် ဋီကာဆရာကြီးက ဟောသည်လို ထပ်ဆင့် ထောက်ခံထားပုံက-
ခဏ မတ္တ ဌိတိကော သမာဓိ-တဲ့၊ စိတ်တခဏထဲ၌ ခဏလေးမျှ ဖြစ်ပေါ်တည်ငြိမ်သွားတဲ့ သမာဓိပဲလို့ ထပ်ဖွင့်ပြဆို ထောက်ခံထားသေးတယ်။
အဲဒါတွေဟာ ပိဋကတ်တော်က လာတဲ့ ခဏိကသမာဓိဖြစ်ပုံ အထောက်အထား ယုံကြည်စရာ သာဓကတွေပဲ၊ ကဲ….ဘာပြောချင်သေးလဲ။
ဒကာ။ ။ သမာဓိတည်ငြိမ်မှုဆိုတာ တခုတည်းသော အာရုံထဲ၌ အသိစိတ် တည်ငြိမ်နေတာလို့၊ (ပုံပမာ၊ အရိုးစုကမ္မဋ္ဌာန်း ရှုမှတ်တဲ့ ယောဂီဟာ မြင်မြင်သမျှ အာရုံတွေကို အရိုးစုအဖြစ်ဖြင့်သာ မှတ်ထင်နေတယ်၊ ယင်းရဲ့စိတ်ဟာ အရိုးစု အာရုံတခုတည်းအပေါ်၌သာ တည်ငြိမ်နေတဲ့ သမာဓိပဲလို့) သိထားကြလို့ပါ ဆရာတော်။
ဆရာ။ ။ အင်း၊ ဒကာကြီး သိထားတဲ့ တည်ငြိမ်မှု သမာဓိက သမထကမ္မဋ္ဌာန်း ပညတ်အာရုံ အရိုးစုထဲ စွဲမှတ်နေတဲ့ ဥပစာရသမာဓိ၊ သို့မဟုတ် အပ္ပနာသမာဓိမျိုးသာ ဖြစ်တာ၊ အဲဒီ သမာဓိ တည်ငြိမ်ခြင်းမျိုးက အဆုံးဈာန်ရ ဗြဟ္မာ့ပြည်လားပြီး သင်္ချိုင်းကုန်း သွားတဲ့ သမာဓိမျိုးမို့ ဘာမှ တန်ဖိုးမရှိဘူး ဒကာကြီးတို့ရ။
ဝိပဿနာ ခဏိက သမာဓိမျိုးက ပရမတ်အာရုံ ရုပ်နာမ်တို့ရဲ့ မခိုင်မမြဲ ဆင်းရဲသက်သက် ဖြစ်ပျက် ဖြစ်ပျက် နေကြတဲ့ ပရမတ္ထသစ္စာ အမှန်ရှိတဲ့ ရုပ်နာမ်ဓမ္မတို့၊ သို့မဟုတ် ခန္ဓာ အာယတန ဓာတ်တို့ ဖြစ်ပျက်နေတဲ့ အနိစ္စလက္ခဏ ဥဒယ ၀ယ သဘောမှန်ကိုသာ ၀ိပဿနာဉာဏ်စိတ်နဲ့ လိုက် လိုက်ပြီးသိနေတာ မှတ်နေတာဖြစ်တယ်။
အဲဒီလို အရိုးစု အပုပ်ကောင် ငါ သူတပါး ယောက်ျား မိန်းမ သတ္တ၀ါ မပါတဲ့ ရုပ်နာမ်သက်သက် စိတ္တ၀ိသုဒ္ဓိနဲ့ ငါဆိုတဲ့ အတ္တဒိဋ္ဌိလည်းမပါ သန့်ရှင်းစင်ကြယ်စွာ ရှုမှတ်နေတဲ့ ၀ိပဿနာကုသိုလ်စိတ်တွေဟာ ဖြစ်ပေါ်တဲ့ ခဏတိုင်း ခဏတိုင်းမှာ ဖြစ်ပျက် ဥဒယ၀ယဉာဏ်ထဲမှာချည်း စွဲဝင်တည်ငြိမ်နေလို့ အဲဒီတချက်ချင်း တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာသမာဓိကို ၀ိပဿနာခဏိကသမာဓိလို့ ခေါ်ဆိုတာဖြစ်တယ်၊ ရှင်းရဲ့လား၊ ဒါလောက်သိထားရင် ၀ိပဿနာတရား ပွားများတတ်ရောပေါ့။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ အရှုခံ အာရုံက ပညတ်အာရုံနဲ့ ပရမတ်အာရုံ ကွာခြားသွားတာကို ခုမှပဲ ကွဲပြားတော့တယ်၊ ၀ိပဿနာအလုပ်က ပရမတ်အာရုံ ရုပ်နာမ်တို့ဖြစ်ပျက်ကို တချက်ချင်း ရှုမှတ်ရတဲ့ စိတ်တချက် ခဏမှာ ရှိတဲ့ ခဏိက သမာဓိကို ခေါ်ဆိုတာ ခုမှပဲ ကွဲတော့တယ်၊ သည်အတိုင်းပဲ ရှုမှတ်ပွားများ အားထုတ်ပါမည် ဆရာတော်။

Thursday, July 15, 2010

နာမ်ကလာပ်စည်းတော့ မရှိကောင်းဘူးလော

နာမ်ကလာပ်စည်းတော့ မရှိကောင်းဘူးလော
ဒကာ။ ။ အဘိဓမ္မာ ရုပ်နာမ်နဲ့ စပ်ရင် ရုပ်ကလာပ်စည်း ရုပ်ကလာပ်စည်းနဲ့သာပြော ဟောကြတယ်၊ နာမ်ကလာပ်စည်းလို့တော့ ဘယ်သူမှ မပြော၊ မဟောတာ မရှိကောင်းလို့လား ဆရာတော်။
ဆရာ။ ။ အင်း…အဘိဓမ္မာမှာ နာမ်တရားက ဘယ်နှစ်မျိုးရှိပါသလဲ၊ နာမ်သင်္ချာပေါင်းက ဘယ်လောက်ရှိသလဲ သိရင်ဖြေပါ။
ဒကာ။ ။ စိတ်နာမ် စေတသိက်နာမ်လို့ နာမ်မျိုး နှစ်မျိုးရှိကြောင်း သိရပါတယ်၊ စိတ်နာမ်က တပါး၊ စေတသိက်နာမ်က ၅၂ ပါး၊ နာမ်သင်္ချာပေါင်း ၅၃ ပါး ရှိကြောင်း သိရပါတယ် ဆရာတော်။ တပါးစီကိုတော့ ခွဲခြားပြီး မပြောတတ်ပါဘူး။
ဆရာ။ ။ အဲဒီ ၅၃ ပါးသော နာမ်ဓာတ်သဘောတို့ဟာ တခုချင်း၊ တပါးချင်း သက်သက်သီးခြား ဘယ်တော့မှ မဖြစ်ကောင်းဘူး။
သူတို့မှာ ယှဉ်ဖော် ယှဉ်ဖက် အတူဖြစ်ဖက် သဟဇာတ သမ္ပယုတ္တဓမ္မ သဘောတွေရှိတယ်၊ အနည်းဆုံး နာမ်နှစ်မျိုး ပေါင်းစပ်မိမှ အာရုံသိစိတ်ကလေးတခု ဖြစ်ပေါ်လာရတယ်။
ဒကာ။ ။ အဲဒီ အတူတူပေါင်းစပ်မိမှ အသိစိတ်ကလေးတခု ဖြစ်ပေါ်လာပုံကို တပည့်တော်တို့ နားလည်အောင် တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းရှင်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ အာရုံကိုသိတဲ့ အသိစိတ် တခုဖြစ်ပေါ်လာရင် သူနဲ့ယှဉ်ဖက် အတူဖြစ်ဖက် စေတသိက်နာမ်တွေက ဖဿ = ရုပ်နာမ်တို့တွေ့ဆုံမှုသဘော၊ ဝေဒနာ = အာရုံကို ခံစားမှုသဘော၊ သညာ = မှတ်မှုသဘော၊ စေတနာ = ကိစ္စပြီးအောင် စေ့ဆော်ခြင်း၊ ဧကဂ္ဂတာ = တည်ငြိမ်မှု၊ ဇီဝိတ = စောင့်ထိန်းခြင်း၊ မနသိကာရ = မျှော်ခေါ်နှလုံးသွင်းခြင်း။
အဲဒီ စေတသိက်နာမ် ၇ မျိုးတို့ဟာ ဘယ်စိတ်ပဲ ဖြစ်ပေါ်ဖြစ်ပေါ် သူတို့ ပါတာချည်းပဲ၊ သူတို့နဲ့ ယှဉ်တွဲပြီးတော့ တခြားစေတသိက်တွေနဲ့ အတူတူ တပေါင်းတစည်းတတွဲထဲ ဖြစ်ရတာ၊ စိတ်နာမ်ချည်းသက်သက် ဘယ်တော့မှ မဖြစ်ကောင်းဘူး။

ဒကာ။ ။ ဟာ…ဒီလိုဆိုရင် နာမ်ဓမ္မတွေကလည်း သူ့ကလာပ်စည်းနဲ့သူ ရှိနေကြတာပေါ့ ဆရာတော်၊ ဘာကြောင့် နာမ်ကလာပ်လို့ မခေါ်တာလဲ ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း….သဘောကတော့ မှန်တယ်၊ အဲဒီ စိတ်နာမ်တို့ ပေါင်းစပ်ဖွဲ့စည်း ဖြစ်ပေါ်လာပုံကလည်း ရုပ်ကလာပ်တို့လို သန္တတိ ဖြစ်တဲ့ အစဉ်ဟာ တန်းစီဖြစ်ပေမဲ့ ရုပ်ဓမ္မလိုတော့ ကလာပ်စည်းနဲ့ စက္ခုဒသက ကလာပ် စသည်ဖြင့် မဖွဲ့စည်းဘူး၊ မခေါ်ဆိုဘူး၊ အဲဒီ “စိတ္တုပ္ပါဒ်” လို့ ခေါ်တဲ့ စိတ် စေတသိက် နာမ်တို့ ဖွဲ့စည်း တန်းစီ ဖြစ်ပေါ်ပုံကိုတော့ “၀ီထိ” လို့ ခေါ်တယ်။

စက္ခုဒွါရ၀ီထိ၊ သောတ ဒွါရ၀ီထိ၊ ပဉ္စ ဒွါရ၀ီထိ၊ မနော ဒွါရ၀ီထိ၊ အဲဒီလို ၀ီထိစိတ် လို့ပဲ ခေါ်ကြတယ်၊ နာမ်ကလာပ်လို့တော့ မခေါ်ကြဘူး၊ အဲဒါကို သိချင်ရင် သင်္ဂြိုဟ် ၀ီထိပိုင်းကို သင်၊ ၀ီထိချကြည့် သိလိမ့်မည်၊ အဲဒါပဲ၊ ကြံကြံဖန်ဖန် နာမ်ကလာပ်ရယ်လို့ မေးတတ်ပလေဗျာ။

ဒကာ။ ။ ကျေနပ်နှစ်သက်လှပါတယ် ဆရာတော်၊ ရုပ်ကလာပ် ရုပ်ကလာပ်နဲ့ နှုတ်သွက်နေကြတော့ကာ နာမ်ကလာပ်များ ရှိသေးသလား တွေးကြည့်မိတာပါ၊ အင်း…၀ီထိ၊ ၀ီထိ၊ ၀ီထိ တဲ့။

Tuesday, July 13, 2010

ထွက်လေ ၀င်လေ ထိသိ မှတ်နေတာလေးနဲ့ လောဘ ဒေါသ မောဟ ကင်းငြိမ်းကာ သိဒ္ဓိရှင် ဖြစ်နိုင်သလား

ထွက်လေ ၀င်လေ ထိသိ မှတ်နေတာလေးနဲ့ လောဘ ဒေါသ မောဟ ကင်းငြိမ်းကာ သိဒ္ဓိရှင် ဖြစ်နိုင်သလား
ဒကာ။ ။ ကိုယ်ထဲ အမြဲဖြစ်ပေါ်နေတဲ့ ထွက်လေ ၀င်လေ ထိသိ သတိ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများ မှတ်သားနေရုံနဲ့ ကိလေသာ ကင်းကွာ ငြိမ်းအေးခြင်း၊ စိတ်ချမ်းသာခြင်း၊ တန်ခိုးသိဒ္ဓိရှိခြင်း စတဲ့ လောကီ လောကုတ္တရာ အကျိုးတရားစုတွေ ခံစားရတယ်ဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ ရှင်းပြပေးပါဦးဘုရား။

ဆရာ။ ။ ဒကာကြီးတို့ရဲ့ မေးလိုရင်းက အသက်ရှူနေကြတဲ့ ၀င်လေ ထွက်လေရဲ့ နှာခေါင်းဝအသား ထိ ထိသွားတဲ့ အထိကလေးကိုလိုက်ပြီး သိ သိနေတဲ့ အသိစိတ်ရဲ့ တန်ခိုးသိဒ္ဓိကို မေးတာလား။
ဒကာ။ ။ မှန်ပါတယ်ဆရာတော်၊ ထွက်လေ ၀င်လေရဲ့ “ထိ သိ သတိ” ဆိုတဲ့ အသိစိတ်ရဲ့ တန်ဖိုး အကျိုးခံစားခွင့်ကို မေးတာပါဘဲ ဆရာတော်။
ဆရာ။ ။ အင်း….သိမှတ်မည့်ယောဂီဟာ မိမိရဲ့နှာသီးဝမှာ သိစိတ်ကိုထားပြီးတော့ ၀ါယောရုပ် လေက ကာယရုပ်အသား၌ တိုးထိသွားတာကိုပဲ မမေ့တဲ့သတိနဲ့ သိ သိ မှတ် မှတ် ရှု ရှု နေရမည်တဲ့။
အဲဒါကို အာနာပါန ဖုသန ကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ ဘုရားသာသနာတော်မှာ ဒီကမ္မဋ္ဌာန်းဟာ ရှုမှတ်ရလည်း အလွယ်ဆုံး၊ အသက်ရှူနေတဲ့ လူတိုင်းနဲ့လည်း အသင့်လျော်ဆုံးပဲ၊ ဒါပေမဲ့ ကိုယ်အသက်ရှူနေတာကို မသိမမှတ်တဲ့ သူတွေကသာ များနေတာနော်၊ ဒါကြောင့် ဒကာကြီးလည်း သိဒ္ဓိရှင်ဖြစ်ချင်ရင် ယင်းအတိုင်း ရှုမှတ်ကြည့်ပေါ့၊ သမာဓိရှိသလောက် တန်ခိုးသိဒ္ဓိတွေ ရောက်မှာပဲ။
ဒကာ။ ။ ထိ သိ သတိ ရှုမှတ်ပုံ ထင်ရှားအောင် နည်းနာယများလည်း ပြောပြပါဦး ဆရာတော်၊ ဘယ်လိုစိတ်ထားရမည် ဆိုတာကိုပါသိရအောင်၊ နည်းကလေးများ ပေးသနားပါဦးဘုရား။
ဆရာ။ ။ ကိုင်း…ပြောပြမည်၊ သေချာစွာ မှတ်သားနားထောင်ပါ၊ ၀ိပဿနာဉာဏ်ဆိုက်အောင် ပို့ဆောင်ပြောကြားပေးလိုက်မယ်၊ ဉာဏ်နားနဲ့ မိအောင်နားထောင်ပါ။
၁။ ၀င်လေ ထွက်လေ ၀ါယောရုပ်က နှာသီးဖျား ကာယရုပ်ကို လာထိသည်၊ ငါ့ကို ထိတာမဟုတ်၊ ငါမရှိ၊ ရုပ်ကို ထိ၏၊ အဲဒီလို သိမှတ်ပါ၊ အတ္တဒိဋ္ဌိကို တိတိပပ ဖြတ်ချလိုက်ပါ။
၂။ နာမ်ခေါ်တဲ့ အသိစိတ်ကလေးတွေက ထိတာကို သိ သိ သွားကြသည်၊ ငါသိတာ မဟုတ်၊ စိတ်နာမ်က သိသည်၊ ငါမရှိ၊ စိတ်နာမ်သာရှိ၏၊ အဲဒီလို သိမှတ်ပေါ့။
၃။ ဤ ထွက်လေ ၀င်လေသည် ရှူချင်တဲ့စိတ်ကြောင့်သာ ဖြစ်ပေါ် ဖြစ်ပေါ်လာတာ၊ ငါ့ကြောင့်ဖြစ်တာ မဟုတ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ သိမှတ်ပါ၊ အကြောင်းစိတ်နဲ့ အကျိုးရုပ်ကို ပိုင်းခြားသိထားပါ။
၎။ အဲဒီ ထိတဲ့ရုပ်တွေဟာလည်း ထိထိပြီးတော့ ပျက်ပျက်သွားကြတာပဲ၊ ခိုင်မြဲမှု လုံးဝမရှိတဲ့ အနိစ္စတရားတွေပဲလို့ သိမှတ်ပါ။
၅။ မခိုင်မြဲလို့ ပြန်ပြန် ရှူရှိုက် ရှူရှိုက်ကာ ဒီကိုယ်ကောင်ကြီးကို ပြုပြင်ပေးနေရတဲ့ ကာယသင်္ခါရကလည်း ဒုက္ခဆင်းရဲ သက်သက်တွေပဲလို့ သိမှတ်ပါ။
၆။ ယင်း အနိစ္စ-မခိုင်မမြဲ ပျက်စီးနေတဲ့ တရားစုတွေကို နိစ္စဖြစ်အောင်၊ ဆင်းရဲဒုက္ခကို သုခချမ်းသာဖြစ်အောင်၊ လုပ်လို့မရနိုင်တဲ့ ငါစိုး ငါပိုင် မဟုတ်သောကြောင့် ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလုပ်တိုင်း မအောင်မြင်သော အတ္တမဟုတ်တဲ့ အနတ္တ သဘောတရားတွေပဲလို့ ဉာဏ်ထဲမှာ စွဲလာအောင် စိတ်ကိုလေ့လာ စေစားပေးရမည်တဲ့။
ကဲ…..အခုပြောပြခဲ့တာတွေ ဒကာကြီးတို့ရဲ့ အသိဉာဏ်ထဲမှာ စွဲရဲ့ မိရဲ့ ထိရဲ့ နားလည်ရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ဖြစ်ပေါ် ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေထဲမှာ ငါဆိုတဲ့ အတ္တ မပါစေဘဲ သတိမြဲမြဲနဲ့ ရှုမှတ်နေရမည့် သဘောကို သိရပါပြီ ဆရာတော်၊ ဆက်လက် မိန့်ကြားပါ ဘုရား။
ဆရာ။ ။ ခုပြောပြီးခဲ့တဲ့အတိုင်း ထွက်လေ ၀င်လေရဲ့ ထိသိကိုမှတ်နေတဲ့ အသိစိတ်ဓာတ်ကို ထိ သိ တင်ရပ်မနေဘဲ ထိတဲ့ရုပ်လည်းပျက်၊ သိတဲ့ စိတ်လည်းပျက်၊ ထိသိပျက်တိုင်အောင် အသိစိတ်ကို အနိစ္စလက္ခဏာသို့ ရောက်အောင် ပို့ဆောင်ပေးရမည်၊ အလေ့အကျင့်ပြုလုပ်ပေးရမည်၊ အဲဒါက ပိုပြီးအရေးကြီးတယ်နော်။
အဲဒီအတိုင်း ဖြစ်ပျက်ထဲမှာ အလေ့အကျင့် ရပါများလာသောအခါ သိစိတ်အစဉ်ဟာ နှာသီးဖျား၊ နှာခေါင်းဝ ထိသိ အမှတ်ထဲက ထွက်ပြီးတော့ တခြား မြင်ခိုက် ကြားခိုက် နံခိုက် စားခိုက် တွေ့ထိခိုက် ကြံစည်ခိုက် စသည်တို့ဖြစ်ပေါ်လာသော ခဏတိုင်း၌လည်း ဖြစ်ဖြစ်ချင်း၊ ချက်ချင်းပင် အပျက်သဘောထဲ သက်ရောက် သိမှတ်သွားတော့တာပဲ၊ ငါ သူတပါး ယောက်ျား မိန်းမနဲ့ အသိ မလုပ်တော့ဘူး၊ ရုပ်နာမ်ဖြစ်ပျက်နဲ့သာ အသိလုပ်နေတော့တယ်၊ ခု ပြောကြားနေတာတွေ စိတ်ဝင်စား နားလည်ရဲ့လား ဒကာကြီးတို့၊ စိတ်မ၀င်စားလည်း မောတာနဲ့ ညောင်းတာ အဖတ်တင်ရုံပဲ ရှိနေမှာနော်။
ဒကာ။ ။ စိတ်ဝင်စားစွာနဲ့ နားထောင် မှတ်သားနေပါတယ် ဆရာတော်၊ နားလည်တာတွေက များပါတယ်၊ နားမရှင်း မသိတဲ့အချက်ကလေးတွေလည်း နည်းနည်းပါးပါးတော့ ရှိသေးတာပေါ့ ဘုရား၊ ဆက်လက် မိန့်ကြားပါဦးဆရာတော်။
ဆရာ။ ။ စိတ်ရဲ့သဘာဝက အာနာပါန ထိသိအာရုံကို သိနေဖို့ အကျင့်သာ လုပ် လုပ်ပေးပါ၊ အာရုံနဲ့ အသိအကျွမ်းဝင်အောင် လုပ်ပါများတော့ အကျင့်ပါသွားရောပဲ။
အဲဒီလို အလေ့အကျင့်တွေများများလာလို့ အကျင့်ပါသွားတာနဲ့ တပြိုင်နက် မိမိသိနေကျ လမ်းအတိုင်းသာ အသိလုပ်သွားနေတော့သဖြင့် တခြားအာရုံ လမ်းကြောင်းထဲသို့ စိတ်မပြောင်းသောကြောင့် မိမိသွားနေကျ ကိလေသာအာရုံ ကာမဂုဏ်ထဲ မသွားရောက်တော့ဘဲ မြင် သိ ပျက်၊ ကြား သိ ပျက်၊ နံ သိ ပျက်၊ စား သိ ပျက်၊ ထိ သိ ပျက်၊ ကြံစည်တွေးတော သိ ပျက်၊ ခဏတိုင်း ခဏတိုင်း သိ ပျက် နေတဲ့ ဥဒယ ၀ယ ခဏိက သမာဓိထဲ ရောက် ရောက်ပြီး တည်ငြိမ်နေတော့သတည်းတဲ့။
အဲဒီ ထွက်လေ ၀င်လေ အာနာပါန ထိ သိ ကို သတိထားရှုမှတ်တဲ့ အလေ့အထဟာ သတိရင့်ကျက်လာတဲ့အခါ အဲဒီလို ဥဒယ ၀ယ ခဏိက သမာဓိထဲ သက်ရောက်လေ့ရှိလို့ အလွန်ကောင်းသော အတိုင်းမသိ တန်ဖိုးရှိသော ကမ္မဋ္ဌာန်းလို့ ဟောခဲ့တာပေါ့၊ ဒကာကြီးတို့ရ။
ခု၊ ပြောပြခဲ့တဲ့ အလေ့အထဟာ လက်တွေ့အားဖြင့် လောဘ ဒေါသတို့ မလာနိုင် မလိုက်နိုင်တဲ့ အကျင့်မြတ်ပဲ။
ရှေးသူတော်ကောင်းတို့လုပ်ငန်း လမ်းဟောင်းလမ်းမှန် အကျင့်မြတ်ပေါ်သို့ တက်ရောက် လျှောက်သွား ရှုမှတ်နေသောကြောင့် တွေဝေ ငေးမောကာ အမှားထဲ၌ မေ့မြောနေသော မောဟနှင့် ကင်းဝေးလျက် ၀ိဇ္ဇာဉာဏ်ဘက်သို့ သက်ရောက်ကူးဝင်လာသော အကျင့်လည်း ဖြစ်တယ်တဲ့။
အဲဒါကြောင့် အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကို မမေ့မလျော့ ကြိုးစားမှတ်သားနေတဲ့ သူဟာ၊ သူရဲ့ သမာဓိ အားကောင်းသလောက် လောကီဘက်ဆိုင်ရာ ဈာနသမာပတ်အထိ သိဒ္ဓိတန်ခိုး အကျိုးအမျိုးမျိုးတွေကို ရရှိခံစားနိုင်တယ်၊ မယုံမရှိနဲ့ လုပ်ကြည့်ပါ၊ သိဒ္ဓိရှင် ဖြစ်သွားနိုင်တယ်။
အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကိုပဲ မမေ့မလျောတဲ့ သမ္မာသတိမဂ္ဂင် အားကောင်းကောင်းနဲ့ ရှုမှတ် ပွားများနေသော ယောဂီဟာ လေ့လာလုပ်ယူမှုသတိအပိုင်းက လွန်မြောက်လျက် သတိရင့်ကျက်ကာ အာရုံပေါ်ပေါ်လာတိုင်း သတိနဲ့ ကပ်ခနဲ ကပ်ခနဲ ချက်ချင်းပဲ သိပျက် သိပျက် နေသော “ဥပဋ္ဌာနသတိ” က ဉာဏ်နဲ့တွဲကာ မဂ်ဖိုလ် နိဗ္ဗာန်အထိ လောကုတ္တရာ အကျိုးတရားတွေကို ခံစားရအောင် ပို့ဆောင်ပေးတာလည်း အမှန်ပဲ၊ အဲဒီ အကျိုးကျေးဇူးတရားတွေကို ခံစားချင်ရင် ကိုယ်တိုင် အားထုတ်ကြည့်ပါ၊ ကိုယ်လုပ်သလောက် လုပ်ခ ရမှာကတော့ အမှန်ပဲ၊ ကဲ….ကျေနပ်ရဲ့လား၊ တတ်နိုင်ရင် အခုပဲ တနာရီလောက် ပါရမီ ကုသိုလ်သဘောနဲ့ ထိုင်မှတ် အားထုတ်သွားစမ်းပါလေ။
ဒကာ။ ။ အားထုတ်ပုံ နည်းနယနဲ့ စုံလင်စွာသိရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ တတ်နိုင်သမျှ ကြိုးစား အားထုတ်မှုများလည်း ပြုပါမည် ဘုရား၊ အိမ်ကိစ္စတွေက ရှိနေလို့ ခုတော့ သည်းခံပါ၊ ဆရာတော်ဘုရား ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ပါစေ။

Sunday, July 11, 2010

ပရမတ္ထတရားများဟာ ထင်ရှားရှိနေပါလျက် ဘာကြောင့် သုညဟု တွက်ယူခေါ်ဆိုပါသနည်း

ပရမတ္ထတရားများဟာ ထင်ရှားရှိနေပါလျက် ဘာကြောင့် သုညဟု တွက်ယူခေါ်ဆိုပါသနည်း
ဒကာ။ ။ ပရမတ္ထတရားများဟာ မဖောက်မပြန် မှန်ကန်စွာ ထင်ထင်ရှားရှားရှိနေသော ပရမတ္ထသစ္စာများသာ ဖြစ်ပါလျက် ဘာကြောင့် သုည သုည ပြောဟောကာ သုညတရားထဲ ထည့်သွင်းကြပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း….ပရမတ္ထတရားများဆိုတာက ဘယ်နှစ်ပါးရှိသလဲ၊ ဘယ်ဟာတွေလဲ၊ ဘာကြောင့် ပရမတ်လို့ ခေါ်တာလဲ သိရင်ဖြေပါ။
ဒကာ။ ။ ပရမတ္ထတရားက လေးပါးရှိပါတယ်၊ (၁) စိတ်၊ (၂) စေတသိက်၊ (၃) ရုပ်၊ (၄) နိဗ္ဗာန်ပါ ဆရာတော်။
သူတို့ဟာ သဘာဝအားဖြင့် မဖောက်မပြန် မှန်ကန်စွာ ရှိနေကြတယ်၊ ဒါကြောင့် ပရမတ် ခေါ်တယ်လို့ သိရပါတယ် ဆရာတော်။
ဆရာ။ ။ ပရမတ္ထတရား ၄-ပါး၊ သို့မဟုတ် ပရမတ္ထသစ္စာ ဆိုတာ ပုံပန်းသဏ္ဍာန်အားဖြင့်လည်းကောင်း၊ အမာခံ အစိုင်အခဲ အစုအပုံအားဖြင့် လည်းကောင်း ကိုင်ဆွဲ၍ မပြနိုင်တဲ့ အရှိသဘောမျှသာ ဖြစ်သောကြောင့် လည်းကောင်း၊ “သုည”လို့ ခေါ်ဝေါ် ဟောကြားကြတယ် ဒကာကြီးတို့၊ အဲဒါပဲ၊ ကဲ…..ရှင်းရဲ့လား။
ဒကာ။ ။ ဆရာတော်ရဲ့ ရှင်းပြချက်အဖြေကို သဘောမပေါက် မရှင်းလင်းဘူး ဆရာတော်၊ ထင်ရှားနေတဲ့ တရားကို ဘာ့ကြောင့် “သုည” ခေါ်သလဲ ဒကာကြီးတို့ နားလည်သဘောပေါက်အောင် ရှင်းပြပါဦး ဘုရား၊ သုညဆိုတာက ဘာမျှမရှိတဲ့ ဥစ္စာပဲဟာ။
ဆရာ။ ။ ဒကာကြီးတို့ ဂဏန်းသင်္ချာတွက်တဲ့အခါ တကမ္ဘာလုံးက ခေါ်ဝေါ်နေကြတဲ့ သုညဟာ အရေအတွက်သင်္ချာမှ ကင်းဆိတ်ကာနေသော်လည်း မိမိသဘောအားဖြင့်တော့ သုညအနေနဲ့ ထင်ရှားတည်ရှိ မနေဘူးလား၊ ဒကာကြီးတို့ ဖြေပါ။
ဒကာ။ ။ ကမ္ဘာသားအားလုံးတို့ ခေါ်ဝေါ်နေတဲ့ သုညဟာ ၁-၂-၃-၄ အရေအတွက် အားဖြင့် မရပေမဲ့ အရှိသဘော အားဖြင့်တော့ တစုံတခုသော ဂဏန်းနောက်က သူဝင်လာရင် တိကျတဲ့ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း အဖြစ်နဲ့ ထင်ရှားရှိနေတာပဲ ဆရာတော်။
ဆရာ။ ။ ကဲ….နားထောင်မှတ်သားပေတော့၊ ဒကာကြီးတို့ သဘောပေါက်ရှင်းလင်းအောင် ဖြေကြားပေးလိုက်မည်၊ ဂဏန်းတွက်ရာမှာ တကမ္ဘာလုံးက အသုံးပြုနေကြတဲ့ သုညဟာ အရေအတွက်အားဖြင့် ကင်းဆိတ်နေပေမဲ့ သုညအနေအားဖြင့်တော့ ထင်ရှားတည်ရှိနေသလို ပရမတ္ထတရားလေးပါးခေါ်တဲ့ ပရမတ္ထသစ္စာများဟာလည်း မိမိတို့ သဘောလက္ခဏာအားဖြင့် ထင်ထင်ရှားရှားကြီး ရှိနေကြသော်လည်း လက်ညှိုးထိုးပြစရာ ပုံပန်းသဏ္ဍာန်ဟူသော ပညတ်မှ ကင်းဆိတ်ခြင်း၊ ကိုင်ဆွဲပြစရာ အမာခံ အစိုင်အခဲ ဃနမှ ကင်းဆိတ်ခြင်း စတဲ့ ထိုထို ပညတ်တရားအပေါင်းတို့မှ ကင်းဆိတ်ကာ ဘာမှ ဆွဲကိုင်ပြစရာ မရှိလို့ သုညလို့ ခေါ်ပေမဲ့ ခုနပြောခဲ့တဲ့အတိုင်း သူတို့ရဲ့ သဘာဝလက္ခဏာတွေကတော့ ပရမတ်အားဖြင့် ဖြစ်ပျက်တွေ အမြဲရှိနေလို့ အရှိသဘောဖြစ်တဲ့ “သုည” လို့ မှတ်ယူပြောဟောနေကြတာဖြစ်တယ်၊ ကဲ…သဘောပေါက် ရှင်းလင်းသွားပြီလား၊ ဒါမှ မသိ မရှင်းသေးရင်လည်း သူ့ထက် အ တဲ့ ဖျင်းတဲ့သူ မရှိတော့ဘူးပဲ။
ဒကာ။ ။ မှန်ပါ့၊ ပညတ်မှ ကင်းဆိတ်သော သုည၏ ဖြစ်ပျက် အရှိသဘောကို သိရပါပြီ ဆရာတော်၊ တပည့်တော်တို့က အရိပ်ပြတာနဲ့ အကောင်ထင်တဲ့ လူပါး လူနပ်တွေပါ ဘုရား။

ကြည်လင်တောက်ပနေတဲ့ စိတ်မနောကို သူ့အတိုင်းထားလို့ ရပါသလား

ကြည်လင်တောက်ပနေတဲ့ စိတ်မနောကို သူ့အတိုင်းထားလို့ ရပါသလား
ဒကာ။ ။ အချို့သော ဓမ္မကထိကတွေက “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” ရဟန်းတို့ ဤစိတ်ခေါ်သော မနောဝိညာဏ်သည် ဖြူစင်တောက်ပသော သဘောရှိ၏။ ထို့ကြောင့် စိတ်ကို စိတ်အတိုင်းထားရမည်၊ သူ့သက်သက်တိုင်း ထားကြဟု ဟောကြားနေရာ၊ တချို့ကလည်း အဲဒီတရားဟာမမှန်ဘူး၊ စိတ်ဟာအရိုင်းသဘောကို ဆောင်သည်၊ “စိတ္တံ ဒန္တံ သုခါဝဟံ” စိတ်ကိုယဉ်ကျေးအောင် ဆုံးမ ပေးရမည်-ဟု ဟောပြောကြပြန်ပါတယ်၊ တပည့်တော်တို့ အမှန်သိရအောင် အမှန်တရားကို ဖြေကြားပေးပါဦး ဆရာတော်၊ စိတ်ကို စိတ်အတိုင်းထားလို့ ရတယ်၊ မရဘူး၊ ဆိုတာ အရေးကြီးလွန်းလို့ပါဘုရား။

ဆရာ။ ။ အင်း….အဘိဓမ္မာကျမ်းလာအတိုင်း ပြောပြမယ်နော်၊ စိတ်ဝိညာဏ်ရဲ့ သဘာဝက သူ့ပင်ကို ဖြူစင်တော်ပနေတာတော့ အမှန်ဘဲ၊ စိတ်ဝိညာဏ်သက်သက်၏ မူလ သဘာဝကို ပြောတာနော်။
ဒါပေမဲ့ အဲဒီစိတ်ဝိညာဏ်ဟာ သူ့ချည်းသက်သက် ဘယ်တော့မှမဖြစ်ကောင်းဘူး၊ ယင်းနဲ့ သဟဇာတ သမ္ပယုတ္တ အတူဖြစ်ဖက် ယှဉ်ဖက်ဖြစ်ကြတဲ့ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ စတဲ့ နာမ်ကံစေတသိက်တွေရဲ့ အဖော်သဟဲ တွဲဖက် ကိလေသ၀ဋ် ကမ္မ၀ဋ် ခေါ်တဲ့ အရှိတရားများက ထင်ရှားနေတော့ ပေါ်လာတဲ့ ၀ိပါက၀ဋ် အာရုံတွေကို ကပ်ငြိ သာယာ စွဲလမ်းမှုသဘော၊ ထိုထိုအာရုံသို့ အမှားသက်ဝင်ခြင်းသဘော၊ စတဲ့ မင်ခိုး၊ မြူမှုန်၊ အဖျက်အဆီးဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိတို့၊ မာနနဲ့ ၀ိစိကိစ္ဆာတို့က ပကတိ သန့်ရှင်းဖြူစင်ကြည်လင်တောက်ပနေတဲ့ စိတ်ဝိညာဏ်ကလေးကို ၀င်ရောက်ပေါင်းစပ် လွှမ်းမိုးကာ မဲမှောင် ညစ်နွမ်း ပေကျံစေတော့တာပဲတဲ့။
ဒါ့ကြောင့် မြတ်ဘုရားက “ပါပသ္မိံ ရမတိ မနော” စိတ်မနောဟာ ဥပါဒါန်၏ အာရုံငါးပါး ကာမဂုဏ် အညစ်တရားထဲမှာသာ နစ်မျောမွေ့လျော် ပျော်ပါးနေလေ့ရှိတယ်လို့ ဟောကြားခဲ့တာပေါ့၊ စိတ်ကို စိတ်အတိုင်းထားရင် အာရုံငါးပါး ကာမဂုဏ်တရားများထဲမှာချည်း နေမှာပဲ ဒကာကြီးတို့၊ ဒီ စိတ်တရားဟာ အမေးအများဆုံးပဲ၊ ကဲ….သဘောကျရဲ့လား၊ ဘာတွေများ စောဒကတက်ဦးမှာလဲ၊ ခဏနေဦး ပြောပြဦးမယ်။
စိတ်ဟာ ဘယ်သောအခါမှ သူ့ချည်းသက်သက် မဖြစ်ဘူး၊ လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ၊ စတဲ့ ယှဉ်ဖက် စေတသိက်တရားတွေနဲ့သာ များသောအားဖြင့် အတူဖြစ်ပေါ်ပြီး အတူတူ ချုပ်ပျက်သွားကြတာပဲ၊ စိတ်ချည်းသက်သက် မဖြစ်ကောင်းဘူး။
ဒကာ။ ။ အသိဉာဏ် မရှင်းသေးပါဘူးဆရာတော်၊ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်တွေ သဟဇာတ သမ္ပယုတ္တတွေနဲ့ နက်နဲရှုပ်ထွေးနေပါတယ်၊ ဒကာကြီးတို့ ဉာဏ်နားနဲ့ သင့်တန်တဲ့ စကားပုဒ်တွေနဲ့ ထပ်ရှင်းပြပါဦး ဘုရား။
ဆရာတော်။ ။ ကိုင်း….ဒကာကြီးတို့ကို မေးမည်၊ မှန်မှန်ဖြေကြားပါ၊ ဒကာကြီးတို့ရဲ့အသိစိတ် မနောဟာ ကိုယ့်သား မယား ပစ္စည်း ဥစ္စာ ရေဒီယို ကက်ဆက် မိုတိုကား စတဲ့ စားသောက်စရာ ခံစားပျော်စံရာ အပြည့်အစုံရှိနေတဲ့ မိမိအိမ်မှာနေရတာနဲ့ အခု ဘုန်းကြီးကျောင်းမှာ လာနေရတာနဲ့ ဘယ်မှာ ပျော်ပိုက်မွေ့လျော်သလဲ မှန်မှန်ပြောပါ။
ဒကာ။ ။ ဒကာကြီးရဲ့စိတ်အသိဟာ ကိုယ့်သားမယား ကိုယ့်အိမ် တိုက်တာ ပစ္စည်းဥစ္စာ ကာမဂုဏ်အာရုံရှိတဲ့ နေရာမှာသာ ပျော်ပျော်ပါးပါးနဲ့ နေချင်တာပါပဲ ဆရာတော်၊ ခုလည်း ဆရာတော်နဲ့တရားစကားပြောရင်းပေတဲ့ တပည့်တော်ရဲ့စိတ်မနောက ကိုယ့်သားမယားဆီကိုသာ မကြာမကြာ ရောက်ရောက် သိသိနေတာပါဘဲ၊ ဆရာတော်ရဲ့ကျောင်းမှာ ကိုယ်ကသာနေတာပါ၊ စိတ်ကတော့ အိမ်ပြန်ရောက်နေတာ များပါတယ်။
ဆရာ။ ။ အဲဒီ ကိုယ့်သားမယား အိုးအိမ် ပစ္စည်းဥစ္စာ ကာမဂုဏ်အာရုံတွေကို ငါ့ဟာ ငါ့ဥစ္စာအဖြစ် ဥပါဒါန် အစွဲနဲ့ သိသိဖြစ်ဖြစ်နေတဲ့ စိတ်မနောကံတွေဟာ ဆိုးဝါးယုတ်မာ မဲမှောင်ညစ်နွမ်းကြတဲ့ အ၀ိဇ္ဇာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတို့နဲ့ အတူဖြစ်ပေါ်လာတဲ့ စိတ်တွေသာမို့ ဒကာကြီးတို့ရဲ့ ငါ့သား ငါ့မယား ငါ့ဟာ ဆိုတဲ့ အသိစိတ်မနောတွေဟာ မသန့်ရှင်း မထွန်းလင်းနိုင်တော့ဘူး၊ အကုသိုလ်စိတ်တွေ ဖြစ်နေတော့တယ်၊ မဲမှောင်ကုန်ပြီ၊ ရိုင်းစိုင်းကုန်ပြီ၊ လောဘ ဒေါသ မောဟတွေနဲ့ ဗွက်ပေါက်ကုန်ပြီ၊ စိုးရိမ်ပူဆွေး ရှုပ်ထွေးကုန်ပြီ။
အဲဒါကြောင့် မြတ်စွာဘုရားက စိတ်ကို သူ့အတိုင်းမထားကြနဲ့ စိတ်ဟာ မူလပကတိ ကြည်လင်တောက်ပမှုရှိပေတဲ့ သူ့ချည်းသက်သက် ဖြစ်လေ့မရှိဘူး၊ သူနဲ့တွဲဖက် တင့်တယ်ကောင်းမြတ်တဲ့ သောဘဏ စေတသိက်မျိုးတွေ၊ ဆိုးဝါးမည်းနက်တဲ့ အ သောဘဏ စေတသိက်မျိုးတွေနဲ့သာ ဖြစ်လေ့ရှိတာကြောင့် မကောင်းဆိုးဝါး မိုက်မဲတဲ့ အကုသိုလ်စေတသိက်တွေနဲ့ မတွဲဖက် မယှဉ်စပ်ရအောင် ရှောင်ကြဉ်ကြပြီး စိတ်ကို ယဉ်ကျေးအောင် ဆုံးမပေးကြလို့ ဟောကြားခဲ့တာပဲ၊ ကဲ….အသိဉာဏ်ရှင်းရဲ့လား ဒကာကြီးတို့။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ စိတ်ကို စိတ်အတိုင်းသာထားရင် စိတ်ရဲ့ အကြိုက်ဖြစ်တဲ့ ဒီ သားမယား စည်းစိမ်ဥစ္စာတွေထဲမှာသာ ၀ဲလည်နေမှာပဲ ဆရာတော်၊ ကမ္မဋ္ဌာန်းရိပ်သာကို ရောက်တော့မှာ မဟုတ်ဘူး၊ ဒါနဲ့များ စိတ်အတိုင်းထားလို့ ဟောကြားတဲ့ လူများ ရှိသေးသကို။

Sunday, July 4, 2010

ဝုဋ္ဌာနဂါမိနီ ဉာဏ်ပညာဆိုတာ ဘယ်လို ဉာဏ်ပညာမျိုးလဲ

ဝုဋ္ဌာနဂါမိနီ ဉာဏ်ပညာဆိုတာ ဘယ်လို ဉာဏ်ပညာမျိုးလဲ
ဒကာ။ ။ ၀ုဋ္ဌာနဂါမိနီ ဉာဏ်၊ ၀ုဋ္ဌာနဂါမိနီ ပညာဆိုတာ ဘယ်အခါမျိုးမှာ ဖြစ်ပေါ်လျက် ဘယ်နေရာဌာနမျိုးမှာ အသုံးပြုခေါ်ဝေါ်တာပါလဲ ဆရာတော်၊ ယင်း အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကိုလည်း သိပါရစေ ဘုရား။

ဆရာ။ ။ ရှာရှာဖွေဖွေ ဘယ်မှာ တွေ့ဖူးကြားဖူးလို့ ဒီ ၀ုဋ္ဌာနဂါမိနီ ကို မေးရတာလဲ၊ တော်တော် အမေးအမြန်းထူတဲ့ ဒကာကြီးပဲ၊ ဒီဉာဏ်က အသိရ ခက်တယ်၊ တော်တော်လည်း သိမ်မွေ့ နက်နဲတယ်။

ကိုင်း….နားထောင်မှတ်သားပေတော့၊ ၀ုဋ္ဌာနဂါမိနီ- ဆိုတာ “ထမြောက်အောင်မြင်ခြင်း အနက်သဘောကိုဆိုတယ်” ဥပမာ- လူ့ဘ၀က ထပြီး ရဟန်းဘ၀သို့ ရရောက် ထမြောက်သွားခြင်းမျိုးလို၊ ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဥဒယဗ္ဗယ ဉာဏ်ကနေပြီး ဉာဏ်စဉ်တွေ တက်တက်သွားကာ သင်္ခါရုပေက္ခာဉာဏ်က အနုလောမဉာဏ် မဂ်ဆိုက်ဖိုလ်ဝင်အရောက် ထမြောက်သွားတာမျိုးကိုပင် မှတ်ယူရမည်၊ သဘောကျရဲ့လား၊ ခက်တယ်နော် ဒကာကြီးတို့။

ဒကာ။ ။ ဒါလောက်နဲ့ဒကာကြီးတို့ သဘောမပေါက်သေးပါဘူး ဆရာတော်၊ အနည်းငယ် ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ ဒီနေရာမှာ ၀ိပဿနာ ဉာဏ်စဉ်သဘောနဲ့ပြောပြရရင် ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ယောဂီဟာ ရုပ်နာမ်ဓမ္မတို့ရဲ့ အနိစ္စလက္ခဏာ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက်မှုသဘောတွေကိုသာ သိမြင်တဲ့ ဥဒယဗ္ဗယဉာဏ်ကနေပြီး ဉာဏ်စဉ်တွေတက်တက်သွားကာ နောက်ဆုံးမှာ ရုပ်နာမ်တို့ဖြစ်ပျက်မှု သင်္ခါရအာရုံတွေကို အထူးအားထုတ်ကြောင့်ကြ မစိုက်ရတော့ဘဲ အလိုက်သင့် သက်တောင့် သက်သာစွာ ၀ီရိယနဲ့ သမာဓိ ပညာတို့ အညီအမျှ ရှုမှတ် သိမြင်နေတဲ့ သင်္ခါရုပေက္ခာ ဉာဏ်ပိုင်းကိုရောက်လာတယ်။

အဲဒီ သင်္ခါရုပေက္ခာဉာဏ်က အရှိန်ရပြီး အထူးတလည် ရင့်ကျက်ပြည့်စုံလာတဲ့အခါ မှတ်ဉာဏ်တွေက ပြောမပြနိုင်လောက်အောင် သွက်လက်လျင်မြန်လာတယ်၊ ရုပ်နာမ်ဓမ္မတို့ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားနေတာကို ယောဂီရဲ့ မှတ်ဉာဏ်သိမှု ကလည်း လျင်မြန်သွက်လက်စွာနဲ့ လစ်လပ်ကြွင်းကျန်မှု မရှိဘဲ သိမှတ်နေနိုင်တော့တယ်။

ယင်းရဲ့ရှေ့မှာ မဂ်ဉာဏ်ကိုရောက်အောင် တက်စရာပေါင်းကူးလှေကားကြီးကလည်း တထစ်ပဲ ကျန်တော့တယ်၊ အဲဒီ လှေကားထစ်က အနုလောမဉာဏ်ပဲ၊ အဲဒီ အနုလောမဉာဏ်က နေပြီး မဂ်ဉာဏ်ရောက်အောင် အရှိန်အဟုန် ပြင်းထန်သွက်လက် လျင်မြန်စွာနဲ့ မှတ်ရှုသိမြင် တွန်းတင်ပေးနေတဲ့ အသိဉာဏ်အထူးကို“၀ုဋ္ဌာနဂါမိနီ” ခေါ်တဲ့ ၀ိပဿနာဉာဏ်တမျိုးပဲလို့ မှတ်ပေတော့။

ဒကာ။ ။ ဒီလိုဆို ၀ုဋ္ဌာနဂါမိနီဉာဏ်ဆိုတာ သင်္ခါရုပေက္ခာဉာဏ်ပဲလား ဆရာတော်။

ဆရာ။ ။ အင်း….သင်္ခါရုပေက္ခာဉာဏ်သက်သက်တော့လည်း မဟုတ်သေးဘူး၊ သင်္ခါရုပေက္ခာဉာဏ် အစွန်အဖျားကလေးနဲ့၊ အနုလောမဉာဏ်စွမ်းအင် နှစ်ပါးထဲမှာ ပါဝင်တဲ့ ရုပ်နာမ်တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုအံ့ဆဲဆဲကလေးမှာ ရှိနေတဲ့ ဉာဏ်တမျိုးကို “၀ုဋ္ဌာနဂါမိနီ” ခေါ်တယ်လို့မှတ်ပေါ့။ ဒီနေရာမှာ ၀ီထိစိတ်နဲ့ပြောပြရင် ဂေါတြဘူက ၀ုဋ္ဌန၊ မဂ်စိတ်က ဂါမိနီ၊ ဂေါတြဘူအဆုံးနဲ့ မဂ်စိတ်အစကို ယူရမည်၊ ကဲ…မကျေနပ်သေးရင် စာတတ် ပေတတ် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးတွေထံ ချဉ်းကပ်မေးမြန်းဦးလေ၊ လွယ်တဲ့ ကိစ္စ မဟုတ်ဘူးနော်၊ ဒီကတော့ ဒါလောက်ပဲ ဖြေတတ်တယ်။

ဒကာ။ ။ ဒါလောက် ခက်ခဲနက်နဲသိမ်မွေ့တဲ့ တရားသဘောကို ဒါလောက်သိရတာ အထူးပဲ ကျေးဇူးတင် ၀မ်းသာလှပါပြီ၊ နောက်အခါများမှပဲ အေးအေးဆေးဆေးနဲ့ ဆွေးနွေးမေးမြန်းပါရစေ ဆရာတော်၊ ဂေါတြဘူဆိုတာလည်း ခုမှပဲ ကြားဖူးတာပါ ဆရာတော်။

ဒါန သီလသည် မဂ္ဂင်ရှစ်ပါးထဲ မပါဝင်ဘူးလား

ဒါန သီလသည် မဂ္ဂင်ရှစ်ပါးထဲ မပါဝင်ဘူးလား
ဒကာ။ ။ ယခုလူတို့ ပေးလှူတဲ့ ဒါန၊ ဆောက်တည်တဲ့ သီလ ကုသိုလ်တွေဟာ မဂ္ဂင်ရှစ်ပါးထဲ မ၀င်ဘူးလိုလို ပြောဆိုနေကြတာ မှန်ပါသလားဆရာတော်၊ သူတို့အဆိုက ၀ိပဿနာ ဘာဝနာကုသိုလ်ကမှ မဂ္ဂင်ထဲဝင်သလိုလိုပဲ၊ အဲဒါ အဖြေပေးပါဦး ဘုရား။
ဆရာ။ ။ အင်း…ဆင်ခြင်စဉ်းစားဉာဏ်နှင့်ပြုလုပ်သွားတတ်ရင် မဂ္ဂင်ထဲ ပါဝင်နိုင်ပါတယ်လေ၊ ကိုယ်ပိုင်ဉာဏ်ပေါ်မှာ မဂ္ဂင်တရားဟာ တည်နေတာပါ၊ ဒါန သီလကို မပယ်ကောင်းဘူးနော်။

ဒကာ။ ။ သည်လိုဆိုရင် ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ရပုံများကို မိန့်ကြားပါဦး ဆရာတော်။

ဆရာ။ ။ မပေးလှူခင်“ သီလေ ပတိဋ္ဌာယ” သီလမဂ္ဂင် သုံးပါးအခင်းပေါ်မှာ ရပ်တည်ပြီး ထိုင်ပြီးတော့ “သီလေနတေဇေတွာ” သီလနဲ့ မိမိကို အရောင်အသွေး တင်ပြီးတော့မှ ဤနည်းဤပုံ ဆင်ခြင်ရမယ် ဒကာကြီးတို့ရ၊ ဆင်ခြင်ပုံနည်းကိုလည်း စိတ်ဝင်စားစွာနဲ့ သေသေချာချာ မှတ်ပါ၊ ဉာဏ်နားနဲ့မိအောင် ထောင်ဖမ်းပါ။

ငါသည် ဤမည် ဤမည်သော အလှူခံတို့အား ဤသို့ဤသို့သော လှူဖွယ်ပစ္စည်းတို့ကို ပေးကမ်းလှူဒါန်းတော့မည်၊ ပေးကမ်းလှူဒါန်းရပြီ၊ စွန့်လွှတ်ရပေပြီ၊ ယင်းမှာ အရိယာသူတော်စင်တို့၏ အလေ့အကျင့်ဖြစ်သည်၊ ငါသည် အရိယာသူမြတ်တို့၏ အလေ့အကျင့်ကိုလိုက်၍ ပြုခဲ့၏၊ ပြုခဲ့ရပြီ၊ ၀မ်းသာလေစွ။ ငါသည် ပေးလှူလိုက်သောပစ္စည်းအပေါ်၌ တပ်မက်ခြင်းကင်း၏၊ ယင်းပစ္စည်းကို မစွန့်လွှတ်နိုင်ခြင်း လောဘ တဏှာ အတားအဆီးမရှိ၊ အစွဲအမြဲ အပိတ်အပင် ဥပါဒါန်မှ ကင်းစေ၏။ ယင်းဒါနအတွက် ရသင့်ရထိုက်သော လောကအကျိုးကို မတောင့်တ၊ ဘ၀ချမ်းသာကို မလိုလား၊ အ၀ိဇ္ဖာ တဏှာ မူလ အရင်းအမြစ်ပြတ် စွန့်လွှတ်လိုက်၏။

ငါသည် ဘုရား တရား သံဃာ သရဏဂုံသုံးပါး၌ မတုန်မလှုပ် ယုံကြည်ကာ သီလ၌တည်လျက် ပေးလှူခြင်း၊ ဒါနလက္ခဏာကို အပြည့်အစုံထားကာ ပေးစွန့်လှူဒါန်း၏၊ လှူဖွယ်ဝတ္ထုကို ခံယူရရှိသူမှာ လိုလားနှစ်ခြိုက်သလို ၎င်းကိုစွန့်လွှတ်ရမှုအတွက် ငါ့စိတ် ကြည်သာနှစ်ခြိုက်၏။ ငါ၏ ပေးလှူမှုသည် အတိုင်းမသိ ကြေးထိုက်၏။ လူ နတ် ဗြဟ္မာ စည်းစိမ်ချမ်းသာ ကုဋေများစွာ တန်ဖိုးရှိ၏။

သို့သော် လောကအကျိုး ဘ၀အကျိုးကို မကိုးစားသော ဒါနအကျိုးကား အဖိုးအတိုင်းမသိထိုက်တန်၏။ အရိယာမဂ္ဂင်ထဲ အားလုံးဝင်၏။ ထို အို နာ သေ ဆင်းရဲကား လိုလား တပ်မက်မှု တဏှာ ဥပါဒါန်ကိုသာ မှီ၍ဖြစ်၏။ ယင်းတပ်မက်စွဲလမ်းမှု အားလုံးကို ငါသည် စွန့်လွှတ်၍ ပေးလှူ၏။ ထို့ကြောင့် ငါ၏ ဒါန သီလသည်….

၁။ မှန်ကန်စွာ ရှုမြင်မှု ဟူသော သမ္မာဒိဋ္ဌိ မဂ္ဂင်နှင့်လည်းပြည့်စုံ၏။

၂။ မှန်ကန်စွာ ကြံစည်ဆင်ခြင်ခြင်းဟူသော သမ္မာသင်္ကပ္ပ မဂ္ဂင်နှင့်လည်းပြည့်စုံ၏။ ဤ ပညာမဂ္ဂင် နှစ်ပါးနှင့်လည်း ပြည့်စုံနေပြီ။

၃။ ကာယဒုစရိုက်သုံးပါး မမှားမိအောင် စောင့်ထိန်းခြင်း။

၎။ ၀စီဒုစရိုက်လေးပါး မပြောကြားမိအောင် စောင့်ထိန်းခြင်း။

၅။ အသက်မွေးဝမ်းကျောင်း ပျက်စီးခြင်းမှ စောင့်ထိန်းခြင်း၊ ဤ သီလမဂ္ဂင် သုံးပါးနှင့်လည်း ပြည့်စုံ၏။

၆။ ယင်းသီလကို အခြေခံတည်ကာ မှန်ကန်စွာကြိုးစားမှု ဇွဲလုံ့လ စိုက်ထုတ်ခြင်း သမ္မာဝါယာမ မဂ္ဂင်နှင့်လည်းပြည့်စုံ၏။

၇။ ယင်း ဒါန သီလတို့၌ မမေ့မလျော့ရအောင် အောက်မေ့ခြင်း သမ္မာသတိမဂ္ဂင်နှင့်လည်း ပြည့်စုံ၏။

၈။ ယင်းတို့၌ စိတ်ထားတည်တံ့ ဆိတ်ငြိမ်မှု သမ္မာသမာဓိ မဂ္ဂင်နှင့်လည်း ပြည့်စုံ၏။ ပြီးစေ၏။

ဤ သမာဓိမဂ္ဂင် သုံးပါးနှင့်လည်း ပြည့်စုံလျက်ပဲလို့ အဲဒီလို ဉာဏ်ပညာနဲ့ ဆင်ခြင်စဉ်းစားပြီး ပြုလုပ်သွားရင် မဂ္ဂင်ရှစ်ပါးထဲကို မိမိတို့ရဲ့ ဒါန သီလဟာ ၀င်သွားတာပေါ့၊ ကဲ….ရှင်းပြီလား၊ ဘာများ စောဒနာချင်သေးလဲ။

ဒကာ။ ။ ကောင်းလိုက်တဲ့အဖြေပဲ ဆရာတော်၊ ဒါနရှင်တိုင်းသည်လို ဆင်ခြင်မှု ရှိ မရှိ သတိပြုစရာ တခုအနေနဲ့ လိုရန်ကော ဘုရား၊ ဒါနပြုတိုင်းသည်လိုဆင်ခြင်ပါ့မယ် ဆရာတော်။