Friday, April 4, 2025

 စပ်စပ်စုစု စုတုပြု ၂၀၂၅

Saturday, March 15, 2025

Saturday, September 25, 2010

Welcome

Welcome thama2

ဝိပဿနာရှုရာ၌ ဃန ခံတယ်ဆိုတာ ဘယ်လိုဟာလဲ/ ဝိပဿနာ၌ ဃန ဘယ်နှစ်မျိုးခံရှိနေပါသလဲ


ဝိပဿနာရှုရာ၌ ဃန ခံတယ်ဆိုတာ ဘယ်လိုဟာလဲ

ဒကာ။           ။ ဝိပဿနာတရား ရှုပွားရာ၌ ဃနကို ကျေအောင် ရှုမှတ်ရမည်၊ ဃန မခံစေနဲ့ဟု ဟောပြောကြရာ ဃနဆိုတဲ့သဘောကို သိပါရစေဆရာတော်။
ဆရာ။           ။ ဃနဆိုတာ အစိုင်အခဲ အတုံးအတစ် ခိုင်မြဲသော အမာခံ သဘောတရားပဲ၊ ဝိပဿနာက ရုပ်နာမ်တို့၏ မခိုင်မြဲမှု အနိစ္စလက္ခဏာကို ရှုမှတ်ပွားများခြင်း သဘောပဲ၊ ဒီ မခိုင်မြဲတဲ့ရုပ်နာမ်တွေကို မပြိုမကွဲ ခိုင်မြဲတယ်လို့ ထင်မှတ်စွဲယူနေတဲ့ ဒိဋ္ဌိစွဲဟာ ဃနပဲ၊ အဲဒီ ဃန ခံနေရင် ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ဘူး၊ ဒါ့ကြောင့် ဃနကျေအောင် ရှုမှတ်ပွားများတတ်ဖို့ လိုတယ်၊ ဃနဆိုတာ ဒိဋ္ဌိသဘောပဲ။

ဝိပဿနာ၌ ဃန ဘယ်နှစ်မျိုးခံရှိနေပါသလဲ

ဒကာ။           ။ ဃနတွေက အများကြီးပဲလို့ ဟောပြောနေကြပါတယ်၊ ဝိပဿနာ၌ ဃန က ဘယ်နှစ်မျိုးရှိလို့ ဘယ်လိုရှုမှတ်ပွားများရမှာလည်း ဆရာတော်၊ ဃနကျေအောင် ရှုပွားပုံနည်းကို နည်းနည်းလောက် ရှင်းပြပေးပါ ဘုရား။
ဆရာ။           ။ (၁) သန္တတိ ဃန = ပရမတ္ထ ဓမ္မဖြစ်တဲ့ အနိစ္စနဲ့ အနတ္တ သဘောမျှရှိတဲ့ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုအစဉ်က အလွန်အမင်း လျင်မြန်လွန်း၍ အကြားမရှိ အခြားမထင်တော့ဘဲ တပေါင်းတည်း တတွဲတည်း တခဲတည်း ဒီရုပ်ဟာ ဒီရုပ်ပဲ၊ သည်နာမ်ဟာလည်း သည်နာမ်ပဲလို့ ထင်မှတ်စွဲယူကာ ငါ ငါ့ဥစ္စာ ငါ့ဟာပဲ၊ ခိုင်တယ် မြဲတယ်လို့ ထင်နေတာဟာ သန္တတိ ဃန ခံနေတာပဲ။
          (၂)     သမူဟ ဃန = ဖဿ၊ ဝေဒနာ၊ သညာ စတဲ့ နာမ်တရားစု၊ ပထ၀ီ အာပေါ စတဲ့ ရုပ်တရားစုတို့ အပေါ်၌ တပေါင်း တစု တလုံး တခဲတည်းဟု ထင်မှတ်ရအောင် စုတွဲ၍နေတာကို မကွဲမပြား တသားတည်း စွဲယူထင်မှတ်ကာ အနတ္တ မထင် တာဟာ သမူဟဃန ခံနေတာပဲ။
          (၃)     ကိစ္စ ဃန = နာမ်ရုပ်တရားတွေဟာ သူ့ကိစ္စနဲ့သူ ဖြစ်ပျက်နေကြတာပဲ၊ စက္ခုရုပ်က ကြည့်မှုကိစ္စ၊ အဆင်းရုပ်က ထင်မှုကိစ္စ၊ စက္ခုဝိညာဉ်စိတ်က မြင်သိမှု ကိစ္စ၊ အဲဒါတွေကို ခွဲခြားမသိဘဲ စုပေါင်းကာ ငါမြင်တယ်လို့ တလုံး တခဲတည်း စွဲယူလိုက်တာဟာ ကိစ္စဃန ခံနေတာပဲ၊ အနတ္တကို မမြင်တော့ဘူး။
          (၄)     အာရမ္မဏ ဃန = ရူပါရုံကို မြင်သောအခါ (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ) အဋ္ဌကလာပ်၌ ပါဝင်သော ရုပ်တို့ကို ခွဲခြားမသိဘဲ တစုတပေါင်းတည်း တလုံးတစည်းတခဲတည်း စွဲယူထားခြင်းကို အာရမ္မဏ ဃန ခံနေတယ်လို့ ဆိုတယ်၊ အဲဒါတွေဟာ အနတ္တလက္ခဏာကို ဃန ဖုံးတာပဲ။
          အထူးသဖြင့် ပရမတ်တရားတို့၏ သူ့သဘောနဲ့သူ ဖြစ်ပျက်နေတဲ့ သဘာဝဓမ္မအစစ်ကို ခွဲခြားမသိနိုင်အောင် တလုံး တစု တခု တခဲတည်း ထင်မှတ်ရအောင် လျင်မြန်စွာ ဖြစ်ပွားနေခြင်းကို သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃန၊ အာရမ္မဏဃန ဟု ခေါ်ဆိုတာပဲ၊ ခွဲခြားပြီး သိဖို့က လူပြိန်းတို့အတွက် ခက်တယ်၊ ပရမတ္ထအသိနဲ့ ဉာဏ်အမြင်ရောက်အောင် နာယူသင်ကြားကြပါနော်….ဒါပဲ၊ ပညာရှိ ဆရာကောင်းလိုတယ်။
ဒကာ။           ။ မှန်ပါ့၊ ဒါလောက်သိရတာပဲ ကျေးဇူးများလှပါပြီ ဆရာတော်၊ ပရမတ္ထဓမ္မအနတ္တလက္ခဏာဆိုက်အောင် ကြိုးစားသင်ကြားပါမည် ဘုရား။ အလွန် ခက်ခဲ နက်နဲတဲ့ တရားဓမ္မတွေမို့ အာစရိယနဲ့ မကင်းကောင်းကြောင်း သိကြပါတယ် ဘုရား။

Tuesday, September 21, 2010

အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ/ အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ


အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ

ဒကာ။           ။ အာဏာစက်ပါမှ သာသနာတော်ကို ပြုလို့လွယ်ကူတယ်၊ ဓမ္မစက်သက်သက်နဲ့ဆိုရင် သာသနာပြုလို့ခက်တယ်၊ တိုးတက်စည်ပင်မှု မလျင်မြန်နိုင်ဘူးလို့ ဟောပြောနေကြတာ အာဏာစက်နဲ့ ဓမ္မစက်တို့ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာတော်။
ဆရာ။                   (၁) ဓမ္မစက် ဆိုတာက မြတ်စွာဘုရားရှင်တို့ရဲ့ လက်သုံးတော်၊ တပည့်သာဝကတို့ရဲ့ ခံယူချက် လက်သုံးတော်ဖြစ်တဲ့ မေတ္တာနဲ့ ခန္တီတရားများ ဖြစ်တယ်။
          သတ္တ၀ါများအပေါ်မှာ ချစ်ခြင်းမေတ္တာဓာတ် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ ဘယ်လောက်ပဲ ကျူးလွန်ပြစ်မှားပလေစေ ရန်တုံ့ပြန်မှု မပြုဘူး၊ အမြဲသည်းခံတော်မူကြတယ်။
          အဲဒါ့ကြောင့် ဓမ္မစက်က သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ခက်ခဲနက်နဲတယ်၊ သတ္တ၀ါတိုင်း မကြောက်ကြဘူး။
                             (၂) အာဏာစက် ဆိုတာက ကြမ်းတမ်းတယ်၊ ခက်ထန်တယ်၊ မလိုက်နာရင် အပြစ်ဒဏ်နဲ့ ထိခိုက်စေတယ်၊ ဒါ့ကြောင့် အာဏာစက်ကို သတ္တ၀ါတိုင်း ကြောက်ရွံ့ လိုက်နာကြတယ်။
အဲဒါ့ကြောင့် မြတ်ဗုဒ္ဓရဲ့ သာသနာကို ပြုတဲ့ လုပ်ငန်းမှာ အာဏာစက် လက်ကိုင်ရှိတဲ့ လူမင်း နတ်မင်းတို့၏ အကူအညီကို ရယူကာ ပြုစုစောင့်ရှောက်တော်မူကြတာဖြစ်တယ်။

အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ

ဒကာ။           ။ ဓမ္မစက်ကိုတော့ မြတ်စွာဘုရားသခင်၏ တရားရေအေး အမြိုက်ဆေးဆိုတာ သိရပါပြီဆရာတော်၊ အာဏာစက် ဆိုတာက ဘယ်အချိန် ဘယ်ကာလ ဘယ်မင်းလက်ထက်တော်က ပေါ်လာတာပါလဲ ဘုရား။
ဆရာ။           ။ အင်း…အာဏာစက်ဆိုတာက မြတ်စွာဘုရားသခင် တရားဟောတော်မူဖို့အတွက် သဟမ္ပတိ ဗြဟ္မာမင်းကြီး မြတ်ဘုရားထံ လာရောက် တောင်းပန်တဲ့ အခါတုန်းက သိကြားမင်းကလည်း ဗြဟ္မာမင်းကြီးနဲ့အတူ ပါလာတယ်။
အဲဒီအခါတုန်းက ဗြဟ္မာမင်းကြီးရော သိကြားမင်းကပါ အရှင်ဘုရားတို့ တရားဟောတော်မူကြပါ၊ အရှင်ဘုရားတို့၏ တရားသော ဓမ္မများကို မလိုက် မနာ မဖြေ မကြား ထော်လော်ကန့်လန့် ပြုလုပ်နေသူများအား တပည့်တော်က အာဏာစက်ဖြင့် လိုက်နာအောင် ပြုလုပ်ပေးပါမည်၊ အရှင်မြတ်တို့ဘက်က ဓမ္မစက်ဖြင့် ပြုတော်မူကြပါကုန်၊ တပည့်တော်များဘက်က အာဏာစက်ဖြင့် စောင့်ရှောက် ကူညီပေးပါမည်လို့ တာဝန်ယူကာ ပဋိညာဉ်ပြုခဲ့ကြတာ ရှိတယ်၊ ဒါ့ကြောင့် အာဏာစက်ဟာ အဲဒီလက်ထက်အခါက စ တင် ပေါ်လာတာပဲ။
မြတ်စွာဘုရား၏ တရားသော ဓမ္မအမေးများကို မဖြေကြားဘဲ ထော်လော်ကန့်လန့် လုပ်နေတဲ့ သစ္စက ပရိဗိုဇ်ကြီးတို့၊ အမ္ဗဋ္ဌလုလင်တို့ကို သိကြားမင်းကိုယ်တိုင် ဘီလူးကြီးအသွင်ဆောင်ကာ ဘုရားမြတ်၏အမေးစကားကို မဖြေကြားဘဲနေလျှင် သင့်ဦးခေါင်းကို ခုနစ်စိတ် ခွဲပစ်မည်ဟု ကြိမ်းဝါးကာ ကူညီပေးတာပေါ့။ ကဲ….ရှင်းရဲ့လား။ လူမင်းဖြစ်တဲ့ အဇာတသတ်တို့၊ အသောကရာဇာတို့လည်း အာဏာစက်နဲ့ ကူညီကြတယ်။
ဒကာ။           ။ ရှင်းလင်း ကျေနပ်လှပါတယ် ဆရာတော်၊ သာဓကတွေကလည်း ကောင်းမြတ် လုံလောက်လှပါတယ် ဘုရား။

ဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို ဘုရားရှင် ကြည်ညိုလေးစားပါသလဲ

ဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို
ဘုရားရှင် ကြည်ညိုလေးစားပါသလဲ

ဒကာ။           ။ တရားဓမ္မ အားထုတ်မှတ်သား ပွားများတဲ့အခါ ထိုင် ရပ် လျောင်း သွား လေးပါးသော ဣရိယာပထတို့တွင် ဘယ်ဣရိယာပုတ်ကို မြတ်စွာဘုရား ကြည်ညိုလေးစားတော်မူပါသလဲ ဆရာတော်၊ ကျမ်းဂန်နဲ့ ထုတ်ဆောင်ပြပေးပါဘုရား။

ဆရာ။           ။ အင်း…လေးဝသော ဣရိယာပထတို့တွင် တရားအားထုတ်သောအခါ ကြည်ညိုဖွယ်ရာ ဣနြေ္ဒသိက္ခာအပြည့်ဝဆုံး ဣရိယာပထကို တပါးစီ စစ်ဆေးကြည့်ရှုရအောင် နားထောင်ပါ။
၁။       စင်္ကြံသွားသော ယောဂီ၏ ခြေ လက် ဦးခေါင်း စတဲ့ ကိုယ်အင်္ဂါများဟာ လှုပ်ရှားနေတယ် မငြိမ်သက်ဘူးတဲ့။
၂။       ရပ်တည်နေသော ယောဂီ၏ ကိုယ်ဒြပ်သည် တောင့်တောင့်မတ်မတ် ခိုင်ခိုင်ကြီး ဖြစ်နေတယ်တဲ့။
၃။       ကိုယ်ကို လျောင်းလျက် အိပ်စက်နေသော ယောဂီ၏  ကိုယ်ကာယသည် နှစ်သက်ကြည်ညိုဖွယ် မရှိလှချေတဲ့။
၎။       တင်ပါးနှစ်ခုကို ပလ္လင်ခံထိုင်လျက် ပေါင်နှစ်ချောင်းနဲ့ သလုံးမြင်းခေါင်း ခြေချောင်းနှစ်ဖက်တို့ကို ထက်ဝယ်ဖွဲ့ခွေကာ ခါးရိုးကျောဆစ်များကို မတ်စွာထား၍ ထိုင်နေသော ယောဂီ၏ ထိုင်ခြင်း ဣရိယာပုတ်သည်သာ  မြင်ရသူတိုင်း တင့်တယ်၍ ကြည်ညိုဖွယ်ဖြစ်လေသည်တဲ့။
ဒါ့ကြောင့် ဣရိယာပုတ်လေးပါးတို့တွင် တင်ပလ္လင်ခွေထိုင်နေခြင်း ဣရိယာပထကိုသာ မြတ်ဘုရားနဲ့ မြင်ရသူ နတ်လူအများတို့ကပါ ကြည်ညိုလေးစားကြလေသည်လို့ မှတ်ရမည်တဲ့။
ကျမ်းဂန်အထောက်အထားကတော့ ပက္ကုသာတိမင်းကြီးနဲ့ ဗိမ္ဗိသာရမင်း နှစ်ပါးတို့ ချစ်ကြည်ရေး ဇာတ်လမ်း တရားတော်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ညသန်းခေါင်ယံကာလ ကယ်တင်ချွတ်ချေရမည့် သတ္တ၀ါကို ဉာဏ်တော် ကွန်ယက်ကို ဖြန့်လျက်ကြည့်ရှုတော်မူသောအခါ…..
ဘဂ္ဂ၀အိုးထိန်းသည် အိုးလုပ်ရာ တည်ခိုးရေးဌာန၌ ခြေ လက် ဦးခေါင်းတို့ လှုပ်ရှားခြင်း လုံးဝကင်းလျက် တင်ပလ္လင်ခွေထိုင်ကာ ရွှေဆင်းတုရုပ်ပုံပမာ (အာနာပါန စတုတ္ထဈာန်ကို ၀င်စားကာနေရှာသော) ပက္ကုသာတိ အမျိုးကောင်းသား ဘုရင်မင်းတရားကို မြင်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ စိတ်တော်ဓာတ်ဝယ် ဤပက္ကုသာတိ အမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်သော ဣရိယာပုတ်ဖြင့်ထိုင်နေ၏။ တင့်တယ်သပ်ရပ်လှပေ၏ ဟု ထင်မြင်ဖြစ်ပေါ်လာလေသည်တဲ့။
ဤနည်းပုံအတိုင်း အာနာပါန စတုတ္ထဈာန်ကို ၀င်စားကာ တင်ပလ္လင်ခွေ ထိုင်နေရှာသော ပက္ကုသာတိ အမျိုးကောင်းသား၏ ထိုင်နေပုံ ဣရိယာပုတ်ဖြင့်ပင် ကြည်ညိုတော်မူရကား မြတ်စွာဘုရားသခင်ကပင် စကားစတင် ပြောကြားဖို့ကို ဆင်ခြင်အားထုတ်တော်မူလေသည်တဲ့။ ကဲ…အဲဒါဟာ ကျမ်းဂန်အထောက်အထား သက်သေသာဓကများပါပဲဗျား၊ ဘာများပြောချင်သေးသလဲ။
ဒကာ။           ။ အားရ ကျေနပ် နှစ်မြို့စရာ အဖြေလွှာပါပဲ ဆရာတော်။

Saturday, September 18, 2010

လောကနိဗ္ဗာန် ဆိုတာ မှန်သလား၊ ဘယ်တင်း ဘယ်ဟာလဲ


လောကနိဗ္ဗာန် ဆိုတာ မှန်သလား၊ ဘယ်တင်း ဘယ်ဟာလဲ

ဒကာ။           ။ လောကနိဗ္ဗာန် လောကနိဗ္ဗာန်နဲ့ ပြောဆိုနေကြတာ မှန်ပါသလား ဆရာတော်၊ နိဗ္ဗာန်ဆိုတာ လောကုတ္တရာအစစ်မဟုတ်ဘူးလား၊ လောကီထဲမှာ နိဗ္ဗာန်တရားရယ်လို့ ရှိသေးသလား၊ ရှိရင်လည်း လောကနိဗ္ဗာန် တရားအစစ်ကို သိပါရစေ ဆရာတော်။
ဆရာ။           ။ အင်း….နိဗ္ဗာန်ဆိုတာ ဇာတိ မဖြစ်တဲ့ တရားပဲ၊ လောကီကုသိုလ်တရားနဲ့ ဇာတိ မဖြစ်အောင် လုပ်တာဟာ လောကနိဗ္ဗာန် လောကီနိဗ္ဗာန် အစစ်ပဲပေါ့။
ဒကာ။           ။ ဒီအဖြေလောက်နဲ့တော့ ဒကာကြီးတို့ နားမလည်ဘူးဆရာတော်၊ တပည့်တော်တို့ နားလည်အောင် လွယ်လွယ် တိုတိုရှင်းရှင်းနဲ့ လင်းပြပါဦး ဆရာတော်။
ဆရာ။           ။ အင်း….မေးတာက ခက်ခဲ နက်နဲ သိမ်မွေ့တဲ့ နိဗ္ဗာန်အကြောင်း၊ ဒါကိုပဲ လွယ်လွယ် တိုတိုနဲ့ ရှင်းရှင်းလင်းပေးရမည်ဆိုတော့ကာ အတိုနည်းကို သိနိုင်တဲ့ ဉာဏ်ရှိရင် ကောင်းပါတယ်၊ လွယ်လွယ်နဲ့ဆိုတာတော့ မဖြစ်နိုင်ဘူးပဲ။
နိဗ္ဗာန်ဟာ သမ္မာဒိဋ္ဌိဘာသာဝင်တို့ရဲ့ အမြတ်ဆုံး အထွတ်အထိပ်ဖြစ်တဲ့ ရည်မှန်းချက် လမ်းဆုံးပန်းတိုင်ကြီးပဲ၊ ဒီဌာနလမ်းမကြီးကို လွယ်လွယ်တိုတိုကလေးနဲ့ ရောက်နိုင်ရင် တန်ဖိုးမရှိသော မခက်ခဲ မနက်နဲသော ရေပေါ်ရေလျှံ သဘောတရား အပေါစား ဖြစ်သွားမှာပေါ့။
ဒကာ။           ။ မှန်ပါတယ် ဆရာတော်၊ ရှည်ရှည်လျားလျား ပါဠိတွေ အများကြီးနဲ့ ထည့်ပြီး ပြောကြားနေရင် တပည့်တော်တို့ အသိရခက်မှာစိုးလို့ အသိရလွယ်တဲ့နည်းနဲ့ ဖြေကြားဖို့ကို လျှောက်ထားကြတာပါဘုရား။
ဆရာ။           ။ ကိုင်း…ဒီလိုဆိုရင် တိုတိုနဲ့ ရှင်းရှင်းပဲ၊ အလင်းရောင်ရအောင် ပြောကြားပါမည်၊ ဉာဏ်နားနဲ့ ထောင်ဖမ်းကြပေတော့။
          ယခုလက်ရှိ ရယူထားကြတဲ့ ၀ိပါက၀ဋ်ခေါ်တဲ့ မြင်မှု ကြားမှု စတဲ့ လောကီတရားစု ဟူသမျှတို့ကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း မခိုင်မြဲမှု အနိစ္စလက္ခဏာအထိ ၀ိပဿနာဉာဏ်နဲ့ ရှုမှတ်သိနေရင် ဆင်းရဲဒုက္ခသက်သက် ဖြစ်ပေါ်ပြီး ပျက် ပျက် သွားတာကို ပိုင်းခြားပြီး သိမြင်လာလိမ့်မည်၊ အဲဒီ အနိစ္စ ဒုက္ခဉာဏ်ကို အသိလုပ်ထားပါ။
အဲဒီ မခိုင်မြဲတဲ့ အနိစ္စသဘောတရားတွေကို နိစ္စ = ခိုင်မြဲအောင်မလုပ်နိုင်ခြင်း၊ ဆင်းရဲမှု ဒုက္ခအစုကိုလည်း ချမ်းသာမှုသုခဖြစ်အောင် မလုပ်နိုင်ခြင်းဆိုတဲ့ ငါ ငါ့ဥစ္စာမဟုတ်တဲ့ အစိုးမရအနတ္တတရားဟာလည်း အနိစ္စနဲ့ ဒုက္ခရဲ့နောက်က ထက်ကြပ်မကွာ ကပ်ပြီးပါလာတာကို ၀ိပဿနာဉာဏ်နဲ့ မြင်လာလိမ့်မည်၊ ခုပြောတာတွေ သဘောပေါက်ရဲ့လား၊ အဲဒါတွေဟာ ခုလက်ရှိ စိုးရိမ်, ငိုကြွေး, ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲတို့ရဲ့ ငြိမ်းအေးသက်သာမှု လောကနိဗ္ဗာန်ရဲ့ အခြေခံဉာဏ်အလုပ်တွေပဲ။
ဒကာ။           ။ မှန်ပါ့၊ ၀ိပဿနာဉာဏ် သဘောမျိုး ဒကာကြီးတို့ အသိဉာဏ်ရှင်းပါတယ် ဆရာတော်။
ဆရာ။           ။ အဲဒီလို မြင်မှု ကြားမှု စသည်တို့ကို မြင်တိုင်း ကြားတိုင် နံတိုင်း စားတိုင်း ထိတိုင်း သိသိနေလျှင် သိပြီးပျက်ပျက်သွားတာတွေကိုသာ ဉာဏ်နဲ့မြင်နေရတော့ အဲဒီမြင်မှုစတဲ့ အာရုံတွေနဲ့ စပ်ပြီး သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင်တဲ့တဏှာ မဖြစ်နိုင်တော့ဘူး၊ သူ့သဘော အနိစ္စ သိနေမှကိုး။
တဏှာမဖြစ်တော့ မရ မနေ စွဲလမ်းမှု ဥပါဒါန်လည်း မဖြစ်တော့ဘူး၊ အဲဒါကြောင့် ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီအတွက်ဆိုရင် ရှုမှတ်မိတဲ့ အာရုံနဲ့စပ်ပြီး ရုပ်နာမ်တို့ဖြစ်ပျက်မှု ဒုက္ခဆင်းရဲအမှန် မြင်သိနေလို့ အ၀ိဇ္ဇာ ကိလေသာချုပ်တယ်၊ ၀ိဇ္ဇာဉာဏ် ပေါ်လာတယ်။
ဆင်းရဲသက်သက် ဒုက္ခသစ္စာအမှန်သိလို့ သာယာ ခင်မင် လိုချင်မှု မရှိတော့၍ ဆာလောင်မှုတဏှာ ကိလေသာလည်းချုပ်တယ်။
လိုချင်သာယာမှု တဏှာချုပ်လို့ ဒီကာမတရားတွေ မရမနေ စွဲလန်းမှု ဥပါဒါန်လည်း ချုပ်တယ်၊ အဲဒါဟာ ကိလေသာဝဋ်သုံးပါးချုပ်သွားတာပဲ။
ကိလေသာဝဋ်ချုပ်သွားလို့ရှိရင်(တဏှာ နိရောဓော) ဘ၀ကို ပြန်ရအောင်ပြုလုပ်မှု တဏှာပါတဲ့ ကံလည်းမရှိ ချုပ်ငြိမ်းပြီးစီးသွားတော့၏တဲ့၊ ဘ၀ကို သာယာလိုချင်မှု ကိလေသာဝဋ်မပါတဲ့ ကမ္မ၀ဋ်ချုပ်သွားလို့ရှိရင် (ဇာတိ နိယောဓော) ဘ၀အသစ် ပဋိသန္ဓေနေမှုလည်း တခါတည်း ချုပ်ငြိမ်းပြီးစီး သွားတော့တာပေါ့။
ဒီနေရာမှာ ရဟန္တာချုပ်ငြိမ်းမှုကတော့ အရဟတ္တမဂ်နဲ့ ၀ဋ်သုံးပါးလုံးကို အပြီးပြတ် လက်စသတ် ချုပ်ငြိမ်းပြီးစီးသွားတယ်၊ ဘယ်အာရုံနဲ့ တွေ့တွေ့ သူရဲ့ ကမ္မ၀ဋ်က ဘ၀သစ် ဇာတိကို မပေးတော့ဘူး၊ အဲဒါဟာ လောကုတ္တရာနိဗ္ဗာန် အထူးပဲ၊ ပုထုဇဉ်ယောဂီကတော့ ၀ိဇ္ဇာဉာဏ်ဦးစီးတဲ့ ၀ိပဿနာဉာဏ် တဒင်္ဂပဟာန်ဖြင့် တဏှာကို တချက်ချင်း ပယ်သတ်နေတာ၊ အဲဒါဟာ လောကနိဗ္ဗာန်ပဲ၊ ကဲ…ရှင်းရဲ့လား၊ ကိုယ် ဆင်းရဲ, စိတ်ဆင်းရဲ, စိုးရိမ်ငိုကြွေးမှုတို့အတွက် သက်သာရာ ရနေပြီ။
ဒကာ။           ။ တော်တော် အသိခက်တဲ့ သဘောတရားတွေပဲ၊ ရှင်းပါပြီ ဆရာတော်၊ လောကနိဗ္ဗာန်ဆိုတာ ၀ိပဿနာကုသိုလ်ချမ်းသာပဲကိုး၊ သောက ပရိဒေ၀တို့ ခဏသက်သာနိုင်တာပဲ။